တနင်္သာရီတိုင်းသို့ အသစ်ပြောင်းလာသည့် စစ်ကောင်စီ လူမှုရေးဝန်ကြီး၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် သုံးဦး ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း စုံစမ်းသိရှိရသည်။
ယင်းအပြင် လူမှုရေးဝန်ကြီး၏ ကိုယ်ရေးအရာရှိလည်း ကိုဗစ်ကူးစက်ခံထားရသည်။
လူမှုရေးဝန်ကြီးမှာ တနင်္သာရီတိုင်းသို့ပြောင်းလာသည်မှာ ရက်ပိုင်းမျှသာရှိသေးသည်။
၎င်းတို့သုံးဦးစလုံးသည် ခရီးသွားလာခြင်းမရှိဘဲ ကိုဗစ်ကူးစက်ခံရခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“တစ်ထစ်ချတော့ပြောလို့မရဘူး။ သူ (လူမူရေးဝန်ကြီး) ပြောင်းလာတဲ့နေရာက ကူးလာတာလား။ ဒီရောက်မှ ကူးတာလားဆိုတာ ဘာမှပြောလို့ မရဘူးပေါ့နော်” ဟု ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကိုဗစ်ကူးစက်ခံထားရသူ သုံးဦးစလုံးသည် ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးနှံထားခြင်းကြောင့် ရောဂါလက္ခဏာ ပြင်းထန်ခြင်းမရှိကြောင်း ၎င်းက ပြောဆိုသည်။
အသက် ၅၀ ကျော်အရွယ် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ကိုမူ ထားဝယ်ဆေးရုံ ကိုဗစ်သီးသန့်ဆောင်တွင် ထားရှိ ကုသနေကြောင်း စုံစမ်းသိရသည်။
လူမှုရေးဝန်ကြီးနှင့် ၎င်း၏ ကိုယ်ရေးအရာရှိတို့ကိုမူ နေအိမ်တွင်ပင် နေထိုင်စေကာ ကုသပေးနေကြောင်း စုံစမ်းသိရသည်။
“သူတို့က ခရီးသွားတာတွေလည်း မရှိဘူး” ဟု ကျန်းမာရေးဌာန တာဝန်ရှိသူက ဆိုသည်။
တနင်္သာရီတိုင်းတွင် ကျန်းမာရေးဌာနက နေ့တိုင်း ကိုဗစ်ရောဂါစစ်ဆေးပေးနေသော်လည်း ပိုးတွေ့လူနာမရှိသည်မှာ လအတော်ကြာမြင့်နေပြီဖြစ်သည်။