အီလွန်မတ်ခ် ပိုင်ဆိုင်ထားသည့် တွစ်တာလူမှုကွန်ရက်စာမျက်နှာသည် အယ်လ်နတ်စ်ဆာတိုက်စစ်မှူး စီရော်နယ်ဒို၏တွစ်တာအကောင့်တွင် ပေးအပ်ထားသည့် ဘလူးမတ်ခ်(Blue Mark)ကို ပယ်ဖျက် ဖြုတ်ချပစ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
တွစ်တာလူမှုကွန်ရက်စာမျက်နှာသည် စီရော်နယ်ဒို၏တွစ်တာအကောင့်ကို မည်သည့်အတွက်ကြောင့် ဘလူးမတ်ခ်(Blue Mark)ကို ပယ်ဖျက် ဖြုတ်ချပစ်လိုက်သည်ဆိုခြင်းကိုမူ အကြောင်းပြချက်မပေး၊ သတင်းမထုတ်ပြန်ဘဲ ထားရှိဆဲဖြစ်သည်။
တွစ်တာလူမှုကွန်ရက် စာမျက်နှာသည် ဘလူးမတ်ခ်(Blue Mark) ပေးအပ်ထားသည့် နာမည်ကျော်များ၏ အကောင့်များကို ဘလူးမတ်ခ်ဖြုတ်ချခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဟယ်ရီပေါ်တာဝတ္ထု စာရေးဆရာမ ဂျေကေရိုးလင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ခရစ်ကတ်အကျော်အမော် ဗီရတ်ခိုလီနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့၏အကောင့်များမှ ဘလူးမတ်ခ်(Blue Mark)များမှာလည်း ပယ်ဖျက် ဖြုတ်ချခံထားရပြီဖြစ်သည်။
စီရော်နယ်ဒိုသည် တွစ်တာလူမှုကွန်ရက်စာမျက်နှာထက်တွင် Followers အများဆုံးပိုင်ဆိုင်ထားသည့် အားကစားကြယ်ပွင့်အဖြစ် ရပ်တည်နေပြီး ၎င်းပိုင်ဆိုင်ထားသည့် တွစ်တာ Followers အရေအတွက်မှာ ၁၀၈ သန်းအထိ ရှိနေပြီဖြစ်သည်။
စီရော်နယ်ဒိုသည် ကမ္ဘာတွင် တွစ်တာ Followers အများဆုံးပိုင်ဆိုင်ထားသူများစာရင်း၌ အဆင့် ၆ နေရာတွင် ရှိနေပြီး လတ်တလောတွင်မူ တွစ်တာက စီရော်နယ်ဒို၏တွစ်တာအကောင့်ရှိ ဘလူးမတ်ခ်(Blue Mark)ကို ပယ်ဖျက်ဖြုတ်ချထားလိုက်ပြီဖြစ်သည်။