BREAKING
March 21, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

March 21, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ

အိုင်အက်စ်ခေါင်းဆောင်တစ်ဦးကို အမေရိကန် ရှင်းလင်း

အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် Abu Khadijah ကို အမေရိကန်က အီရတ်အစိုးရနဲ့ ပူးပေါင်းပြီး မတ်လ ၁၃ ရက်နေ့က တိုက်ခိုက်ရှင်းလင်းခဲ့ပါတယ်။

လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ခေါင်းဆောင်တစ်ဦးနဲ့အတူ နောက်ထပ် အိုင်အက်စ်အဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့တာပါ။

အီရတ်ထောက်လှမ်းရေး၊ အီရတ်လုံခြုံရေးတပ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ် ကွပ်ကဲရေးဌာနချုပ်က ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ အိုင်အက်စ်အဖွဲ့ရဲ့ တိုက်ခိုက်ရေးလုပ်ငန်း ထောက်ပို့ရေးနဲ့ အစီအစဉ်တွေကို Abu Khadijah က ညွှန်ကြားနေပြီး အဖွဲ့ရဲ့ အရေးကြီးတဲ့ ဘဏ္ဍာရေးအပိုင်းကိုလည်း ကိုင်တွယ်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

Ref: BBC

………………………………..

မြောက်ကိုးရီးယားက လေယာဉ်ပစ် ဒုံးကျည် စမ်းသတ်ပစ်လွှတ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက နိုင်ငံရဲ့ နောက်ဆုံးပေါ် လေယာဉ်ပစ်ဒုံးကျည်စနစ် စမ်းသပ်ပစ်ခတ်မှုကို မတ် ၂၀ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ယခုနည်းပညာကို ရုရှားကနေ ကူညီပေးထားတာဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။

စမ်းသပ်ပစ်ခတ်တဲ့အချိန် ဒီစနစ်က အလွန်ယုံကြည်စိတ်ချရတယ်လို့ ကင်ဂျုံအွန်းက ဆိုတာပါ။

နောက်ထပ် ဒုံးကျည်ရဲ့ တိုက်ခိုက်ရေးတုံ့ပြန်မှုကလည်း ပိုမိုကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

သူက ဒီဒုံးကျည်စနစ်အတွက် သုတေသနအဖွဲ့ကိုလည်း ကျေးဇူးတင်တယ်လို့ ချီးကျူးထားပါသေးတယ်။

Ref: REUTERS

………………………………..

လွန်ခဲ့သော ဆယ်နှစ်က ကမ္ဘာ့အပူဆုံးနှစ်များ ဖြစ်လာ

ပြီးခဲ့တဲ့ ၁၀ နှစ်က ကမ္ဘာ့အပူချိန်ဟာ စံချိန်တင် အပူဆုံးဖြစ်ခဲ့တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်ဟာ စံချိန်တင် အပူဆုံးနှစ်ဖြစ်ပြီး စက်မှုခေတ်မတိုင်မီ အချိန်ကထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးရပ်စ် ပိုများလာတဲ့ ပထမဆုံးနှစ် ဖြစ်လာခဲ့တာပါ။

နှစ်ပေါင်း ၁၇၅ အတွင်း ၂၀၁၅ခုနှစ်ကနေ ၂၀၂၄ ခုနှစ်ကာလများက စံချိန်တင် အပူဆုံးဆယ်နှစ်တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အကျိုးဆက်အနေနဲ့ ၂၀၂၄ ခုနှစ်မှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကလည်း ပြီးခဲ့တဲ့နှစ်တွေကထက် ၂ ဆ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်ဖြစ်တဲ့ ၂၀၁၅ ကနေ ၂၀၂၄ ခုနှစ်အထိ ပင်လယ်ရေမျက်နှာပြင်အမြင့် ၄ ဒသမ ၇ မီလီမီတာ မြင့်တက်ခဲ့တာပါ။

၁၉၉၃ ကနေ ၂၀၀၂ ခုနှစ်အထိ ၂ ဒသမ ၁ မီလီမီတာ မြင့်တက်တာနဲ့ နှိုင်းယှဉ်လိုက်ပါက သိသိသာသာ မြင့်တက်နေတာကို တွေ့ရပါတယ်။

Ref: WMO

………………………………..

အပစ်ရပ်စာချုပ်ကို ချိုးဖျက်ပြီး အစ္စရေးက ဂါဇာကို ပြန်တိုက်၊ လူ ၆၀၀ နီးပါး သေဆုံး

အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖျက်ပြီး အစ္စရေးကနေ ဂါဇာကို ပြန်လည်တိုက်ခိုက်လာလို့ လူ ၅၉၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲရေးအတွက် အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ညှိနှိုင်းနေတဲ့ကြားက မတ်လ ၁၉ ရက်နေ့က အစ္စရေးဘက်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့တာပါ။

နောက်ထပ် မြေပြင်စစ်ဆင်ရေးတွေပါ ထပ်လုပ်ဆောင်ဖို့ အစ္စရေးဘက်က စီစဉ်နေပါတယ်။

အပစ်အခတ်ရပ်စဲရေးမှာ အစ္စရေး ဓားစာခံတွေကို ပြန်လွှတ်ပေးရေးနဲ့ စစ်ပွဲအဆုံးသတ်ရေးတို့ ပါပါတယ်။

လေကြောင်းတိုက်ခိုက်မှုက ၂ လနီးပါးကြာနေတဲ့ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးဘက်က ချိုးဖောက်ခဲ့ပြီး ၁၇ လကြာခဲ့တာ စစ်ပွဲကို တဖန် ပြန်အသက်ဝင်လာခဲ့တာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဆုန်ကရမ်ပွဲတော်ကျင်းပရန် ထိုင်းအစိုးရက ဘတ် ၁၈၃ သန်း သုံးမယ်

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ထိုင်းရိုးရာ ဆုန်ကရန်သင်္ကြန်ပွဲတော် ကျင်းပနိုင်ရန် အစိုးရက ဘတ်ဂျက်ငွေ ဘတ် ၁၈၃ သန်း ခွဲဝေချပေးထားတယ်လို့ ဆိုပါတယ်။

ပွဲတော်ကာလထဲ ထိုင်းကို ခရီးသွားဧည့်သည် ၅ သန်းနီးပါး လာရောက်လည်ပတ်မယ်လို့လည်း ခန့်မှန်းထားတာပါ။

၂၀၂၅ ခုနှစ် ဆုန်ကရန် ရေကစားပွဲတော်အတွက် ဝန်ကြီးချုပ် ပေထုတ်တန် ရှင်နာဝပ်ဦးဆောင်တဲ့ ကော်မတီကနေ ဘတ်ဂျက်ချပေးတာ ဖြစ်ပါတယ်။

ပွဲတော်အတွင်းမှာ လမ်းလျှောက် ရေကစားပွဲတော်၊ တေးဂီတဖျော်ဖြေပွဲတွေ၊ EDM ဖျော်ဖြေပွဲတွေနဲ့ ဘုရားကျောင်းတွေမှာ လှူဒါန်းမှုတွေ အပါအဝင် အစားအသောက်ပြပွဲတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

Ref: Nation Thailand

………………………………..

ပီရူးမှာ အရေးပေါ်အခြေအနေ ကြေညာ

ပီရူးနိုင်ငံရဲ့ မြို့တော်လီမာမှာ ရာဇဝတ်မှုတွေ ပိုများလာလို့ဆိုပြီး အစိုးရက မတ် ၁၇ ရက်က ရက်ပေါင်း ၃၀ အကြာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

နာမည်ကြီး အဆိုတော် ဖလိုရက်စ် အသတ်ခံရမှုကြောင့် ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေကို ချေမှုန်းရေး စစ်သားတွေကို လမ်းမတွေပေါ်မှာ တာဝန်ချထားတာပါ။

အရေးပေါ်အခြေအနေအရ စစ်တပ်က နိုင်ငံတော် ရဲတပ်ဖွဲ့ကို ကူညီဆောင်ရွက်ပေးနေပြီး စစ်သား ၃၀၀၀ အထိ တိုးမြှင့်ချထားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

ပီရူးနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာနေသလို ရာဇဝတ်ဂိုဏ်းတွေကလည်း သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတွေအပါအဝင် စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာနေကြတာ ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

တူရကီမှာ ဆန္ဒပြမှု ပြင်းထန်လာ

တူရကီသမ္မတအာဒိုဂန်ရဲ့ နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ အစ္စတန်ဘူလ်မြို့တော်ဝန် အက်ခရင်အီမာမိုလူ (Ekrem Imamoglu) ကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်လို့ မကျေမနပ်ဖြစ်ကြတဲ့ ပြည်သူတွေက မတ်လ ၂၀ ရက်နေ့မှာ လမ်းမပေါ်ထွက် ဆန္ဒပြလာကြပါတယ်။

တူရကီမှာ လမ်းပေါ်လူစုလူဝေးလုပ်တာကို တားမြစ်ထားတဲ့ကြားကနေ ဆန္ဒပြပွဲ ဖြစ်လာတာပါ။

အက်ခရင်အီမာမိုလူကို အကျင့်ပျက်ခြစားမှု၊ အကြမ်းဖက်အဖွဲ့တစ်ခုကို ထောက်ပံ့ပေးမှု စတဲ့စွဲချက်တွေနဲ့ မတ်လ ၁၉ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အတိုက်အခံပါတီဘက်ကို ဖမ်းဆီးခဲ့တာက ဒီမိုကရေစီနည်းလမ်းမကျတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် ဆန္ဒပြကြတယ်လို့ ဆိုပါတယ်။

အက်ခရင်အီမာမိုလူက ၂၀၂၈ သမ္မတရွေးကောက်ပွဲအတွက် အတိုက်အခံ CHP ပါတီရဲ့ သမ္မတလောင်းအနေနဲ့ ရွေးချယ်ခံထားရသူဖြစ်ပါတယ်။

Ref: BBC

………………………………..

အိန္ဒိယတွင် အမှိုက်ကန်က ဘောလုံးကွင်း ၅၀ ကွင်းစာလောက်ရှိ

အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ရှိတဲ့ ဂါဇီပူရ်အမှိုက်ကန်ကြီးက ဘောလုံးကွင်း ၅၀ စာရှိတဲ့ ဧက ၇၀ လောက် ကျယ်ဝန်းလာနေပါတယ်။

၁၉၈၄ ခုနှစ်ကတည်းက ဒီနေရာကို အမှိုက်ကန်အဖြစ် စတင်သုံးစွဲလာခဲ့တာပါ။ 

၂၀၀၂ ခုနှစ် အရောက်မှာ သတ်မှတ်ပမာဏ ပြည့်သွားခဲ့ပေမဲ့ အမှိုက်စွန့်ပစ်မှုတွေ ဆက်လုပ်လာခဲ့ကြတာဖြစ်ပါတယ်။

အခုချိန်မှာတော့အမှိုက်တွေက အမြင့်ပေ ၂၀၀ အထိ မြင့်မားလာနေပါပြီ။

နေ့စဉ်နေ့တိုင်း နယူးဒေလီမြို့မှ အမှိုက်တန်ချိန် ရာပေါင်းများစွာ လာရောက်စွန့်ပစ်နေဆဲဖြစ်လို့ တနေ့တခြား ပိုကြီးမားလာဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီကန်ကြီးထဲမှာ စွန့်ပစ်အမှိုက် ကုဗတန် ၁၄ သန်းအထိရှိနေတာပါ။

နယူးဒေလီမြို့ဟာ နေ့စဉ်နေ့တိုင်း အမှိုက်တန်ချိန် ၁၁၀၀၀ ကျော် စွန့်ပစ်လျက်ရှိနေလို့ အနီးနေထိုင်တဲ့သူတွေရဲ့ ကျန်းမာရေးအခြေအနေကလည်း ပိုဆိုးလာနေတယ်လို့ ဆိုပါတယ်။

Ref: sky news

………………………………..