ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော ကလေးငယ်များအပါအဝင် မြန်မာ ၂၀ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၂ နာရီအချိန်ခန့်က စန်ခရာဘူရီဒေသတွင် မြန်မာနိုင်ငံသားများ ကားဖြင့် တရားမဝင် ဝင်လာကြောင်း သတင်းရရှိသဖြင့် နယ်ခြားစောင့်တပ်နှင့် ရဲတပ်ဖွဲ့များက ကြိုတင် ဂိတ်ချစစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။
ပစ်ကပ်ကားတစ်စီးက စစ်ဆေးရေးဂိတ်ကို တွေ့သောအခါ လမ်းဘေးတောထဲသို့ မောင်းဆင်းသွားခဲ့ပြီး ကားသမားသည် ကားတံခါးကိုဖွင့်၍ ထွက်ပြေးသွားခဲ့ကြောင်း၊ အာဏာပိုင်များ သွားရောက်စစ်ဆေးသောအခါ မြန်မာအမျိုးသား ၃ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၁၇ ဦး ကားအနောက်က ပြည့်ညပ်စွာ လိုက်ပါလာသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။
ကားပေါ်တွင် အသက် ၁ နှစ်အရွယ် ကလေးငယ်အပါအဝင် ကလေး ၆ ဦးလည်း ပါရှိကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူ နယ်စပ်လမ်းမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာကြကြောင်း ဘာသာပြန်ကတစ်ဆင့် ရဲတပ်ဖွဲ့ထံ ဖြေကြားချက်ကို ဖော်ပြသည်။
၎င်းတို့သည် စမွတ်ပရကန်ခရိုင်အပါအဝင် အနီးခရိုင်များတွင် အလုပ်လုပ်ကိုင်ရန် ဝင်လာကြသူများဖြစ်ပြီး ခရီးစဉ်အတွက် ဘတ် ၁၀၀၀၀ မှ ၂၀၀၀၀ အထိ ပေးချေရမည်ဖြစ်ကြောင်း ဆိုသည်။
ဖမ်းဆီးခံရသူများကို စန်ခရာဘူရီရဲစခန်းသို့ ခေါ်ဆောင်ခဲ့ပြီး တရားမဝင် ဝင်ရောက်လာမှုဖြင့် အမှုဖွင့်ထားကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး ၁၀၅၀ ဦးထက်မနည်း ရှိခဲ့ကြောင်း FE5 Tanintharyi လစဉ်အစီအရင်ခံစာအရ သိရသည်။
Ref: CH 7, Joe Joe, Banmuang