တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာကို စစ်ကောင်စီတပ်က နှစ်ရက်အတွင်း လေယာဉ်ဖြင့် ဗုံးသုံးကြိမ်ကြဲချတိုက်ခိုက်သဖြင့် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးရကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
မတ်လ ၁၇ရက်နှင့် ၁၈ရက်တို့တွင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း အသက် ၂၈နှစ်အရွယ် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ချောင်းလမုကျေးရွာတွင် နေထိုင်သည့် ပြည်သူ နှစ်ထောင် ဝန်းကျင်ရှိကြောင်း ဒေသခံအချို့က ထံမှသိရသည်။
”ရွာမှာ တိုက်ပွဲမဖြစ်ဘူးဆိုတော့ ရွာထဲနေကြတာ။ လေယာဥ်နဲ့ လာကြဲတော့ တစ်ရွာလုံးပြောင်းကြရတယ်။ ရွာမှာ အခြား (ရွာ)က စစ်ရှောင်တွေလည်း နေနေကြတာ။ သူတို့လည်းနောက်တစ်နေရာ ထပ်ရွှေ့ရပြန်တယ်” ဟု အထက်ပါ အမျိုးသမီးက ပြောဆိုသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲများကြောင့် အနီးဝန်းကျင်ရှိ တားပလပ်၊ ထုံခါ၊ ချောင်းနှစ်ပေါက် စသည့်ကျေးရွာများရှိ ဒေသခံများမှာ ချောင်းလမုရွာတွင် စစ်ဘေးလာရှောင်နေကြခြင်းဖြစ်သည်။
ချောင်းလမုရွာမှာ တိုက်ပွဲပြင်းထန်နေသည့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် တနင်္သာရီ-မောတောင်လမ်းနှင့် မနီးမဝေးတွင်တည်ရှိသည်။
ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခြင်းမှာ ချောင်းလမုရွာတွင် ပထဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ချောင်းလမုကျေးရွာကို မတ်လ ၁၇ ရက်တွင် စစ်ကောင်စီတပ်က ဗုံး လေးလုံးကြဲချ တိုက်ခိုက် ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၁) တပ်စိတ်မှူး ကိုချစ်က ပြောသည်။
ထို့နောက် မတ်လ ၁၈ ရက်တွင် Mi 2 ရဟတ်ယာဉ်ဖြင့် ဗုံးအလုံး ၂၀ ကြဲချတိုက်ခိုက်ခဲ့သလို ဂျက်တိုက်လေယာဉ် ဖြင့် ပေါင် ၃၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။
”စစ်ကောင်စီက နောက်ပိုင်း (မှာ) စစ်ရှောင်တွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတာတို့ လက်နက်ကြီးပစ်တာတို့ လုပ်လာတယ်။ သူတို့ကြဲလို့ ဒီလအတွင်း ပြည်သူတွေ ဒဏ်ရာရတာလည်း ၁၀ (ဦး)ကျော်ပြီ” ဟု ကိုချစ်က ပြောသည်။
ဗုံးများမှာ ချောင်းလမုရွာဝန်းကျင်ရှိ ရော်ဘာခြံနှင့် ဥယျာဉ်ခြံများအတွင်းသို့ ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံများနှင့် နေအိမ်ထိခိုက်မှုမရှိခဲ့ကြောင်း အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“ရွာသားတွေ ထိခိုက်မှုမရှိဘူး။ သေနတ်ပစ်သံကြားတာနဲ့ ကျွန်တော်တို့က လန့်နေပြီ။ ဘယ်ချိန် ဘာထဖြစ်မယ် မသိလို့ စိုးရိမ်စိတ်ကြောင့် ပြောင်းရွှေ့ကြတာ” ဟု ၎င်းက ပြောသည်။
မတ်၁၇ရက်ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် အသက်၄၇နှစ်အရွယ် အမျိုးသားတစ်ဦး နေရာတွင်ပင် သေဆုံးသွားသည်။
တနင်္သာရီ-မောတောင်လမ်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က သိန်ခွန်းရွာဝန်းကျင်ကို စစ်ကြောင်းထိုးနေသည်မှာ သုံးလဝန်းကျင်ရှိလာပြီဖြစ်ပြီး တိုက်ပွဲများ တောက်လျှောက် ပြင်းထန်နေသည်။
စစ်ကောင်စီတပ်က လူနေကျေးရွာများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်နေသလို လက်နက်ကြီးဖြင့်လည်း မကြာခဏပစ်ခတ်နေသည်။