ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တဘလုခို့ခီးကျေးရွာတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ဒေသခံအရပ်သားပြည်သူနှစ်ဦး ထိခိုက်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် တစ်စင်းဖြင့် တဘလုခို့ခီးကျေးရွာနှင့် အနီးအနားတဝိုက်ကို လာရောက် ဗုံးကြဲတိုက်ခိုက်ကြောင်း ၎င်းတို့က ပြောသည်။
ဗုံးစထိမှန်ကာ တဘလုခို့ခီးကျေးရွာနေ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးပြီး နေအိမ်တစ်လုံးနှင့် ဂိုဒေါင်တစ်လုံးလည်း ပျက်စီးကြောင်း ဒေသခံမျာက ဆိုသည်။
ကော့ကရိတ်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားလာခဲ့သည့် မတ်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာသည်။
“အခြေအနေက တော်တော်ဆိုးနေပါတယ်။ နေ့တိုင်း လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ အိမ်တွေလည်း ပျက်စီးကုန်ပြီ။ တချို့ရွာတွေမှာဆိုရင် လူတွေရှိနေတော့ လူတွေလည်း ထိတယ်၊ သေကြတယ်။ ထွက်ပြေးနေကြတဲ့ရွာဆိုရင် အိမ်တွေ ဘာတွေ ထိကုန်တယ်။ ရွာမှာတောင် မနေရဲကြတော့ဘူး” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။
မတ်လ ပထမအပတ်အတွင်းကလည်း ကော့ကရိတ်မြို့နယ်၊ အစွန်းကျေးရွာ၊ ဘော့ဒိုင်းကျေးရွာဘက်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဆက်တိုက်လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သေးသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဘော့ဒိုင်းကျေးရွာက အသက် ၁၅နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး၊ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အစွန်းကျေးရွာက အသက် ၂၈ နှစ်အရွယ်နှင့် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များ၊ စာသင်ကျောင်းများ ထိခိုက်ပျက်စီးသည့်အပြင် မြေပြင်တွင်လည်း စစ်ကောင်စီတပ်က ကျေးရွာရှိ နေအိမ်များကို လိုက်လံမီးရှို့သဖြင့် နေအိမ်အလုံး ရာနှင့်ချီ ပျက်စီးကြောင်း ဒေသခံတို့ထံမှ သိရသည်။
ကော့ကရိတ် တိုက်ပွဲအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်များသည် ပြည်သူများကို ပြည်သူကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။
ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများနှင့် လုပ်ကိုင်စားသောက်ရာလုပ်ငန်းခွင်များကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် စာသင်ကျောင်းအပါအဝင် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည့်အပြင် လူထိခိုက် ဒဏ်ရာရရှိမှုလည်းရှိကြောင်း KNU က ထုတ်ပြန်ထားသည်။