တရုတ်နှင့် စစ်ဖြစ်လာမည့်အရေး ပြင်ဆင်ထားသည့် အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်၏ ထိပ်တန်းလျှို့ဝှက်ချက် စစ်ရေးအစီအမံများကို ယနေ့ သောကြာနေ့တွင် အီလွန်မတ်အား ချပြသွားမည်ဟု The New York Times က ဖော်ပြလိုက်သည်။
ပင်တဂွန်စစ်ဌာနချုပ်၏ ထိပ်တန်းစစ်ရေးလျှို့ဝှက်အစီအမံများကို အီလွန်မတ်အား ကြည့်ရှုခွင့် ပြုလိုက်ခြင်းမှာ အီလွန်မတ်၏ သြဇာကြီးထွားလာနေမှုကို မီးမောင်းထိုးပြနေသည်ဟု The New Yorks က ဖော်ပြထားသည်။
အီလွန်မတ်အား ထိပ်တန်းစစ်ရေးလျှို့ဝှက်ချက်များ ချပြခြင်းက အီလွန်မတ်၏ အကျိုးစီးပွားပဋိပက္ခများအပေါ် စိုးရိမ်မှုများလည်း မြင့်တက်လာစေသည်။
အီလွန်မတ်သည် အမေရိကန်အစိုးရ၏ အသုံးစရိတ် ဖြတ်တောက်လျှော့ချမှုများတွင် ဦးဆောင်လျက်ရှိသူ ဖြစ်သည်။
၎င်း၏ စီးပွားရေးအကျိုးအမြတ်နှင့် အစိုးရအသုံးစရိတ်လျှော့ချမှုအကြား အကျိုးစီးပွားပဋိပက္ခ ပေါ်ပေါက်လာလျှင် အီလွန်မတ်သည် ဆုံးဖြတ်ချက်ချမှတ်မှုတွင် မပါဝင်ဘဲ နေလိမ့်မည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားခဲ့ဖူးသည်။
အီလွန်မတ်ပိုင် တက်စ်လာနှင့် Space X ကုမ္ပဏီတို့သည် တရုတ်အစိုးရနှင့်ရော ပင်တဂွန်နှင့်ပါ လုပ်သန်းသဘောအရ ဆက်နွှယ်မှုများ ရှိနေသည်။ယင်းကြောင့် အီလွန်မတ်၏ အကျိုးစီးပွားပဋိပက္ခအပေါ် စိုးရိမ်မှုများလည်း မြင့်တက်လာနေသည်။
“အီလွန်မတ်ကို ပင်တဂွန်စစ်ဌာနချုပ်မှာ ကြိုဆိုရတာ ကာကွယ်ရေးဝန်ကြီးဌာနအဖို့ ပျော်ရွှင်ရပါတယ်။ သူ့ကို ကာကွယ်ရေးဝန်ကြီး Pete Hegseth က ဖိတ်ခေါ်ထားတာပါ။ သူက အလည်လာရုံပါပဲ” ဟု ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
အီလွန်မတ်အား စစ်ရေးထိပ်တန်းလျှို့ဝှက်ချက်များ ချပြအစီရင်ခံရာတွင် အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်မှ အမေရိကန်စစ်ဘက်ထိပ်တန်းအရာရှိကြီးများလည်း ရှိနေမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် နည်းပညာ ၊ ကုန်သွယ်စစ် ၊ ဆိုက်ဘာလုံခြုံရေး ၊ Tik Tok ၊ ထိုင်ဝမ် ၊ ဟောင်ကောင် ၊ လူ့အခွင့်အရေးနှင့် ကိုဗစ်-၁၉ စတင်ပျံ့နှံ့မှု အရေးကိစ္စများကြောင့် နှစ်ပေါင်းများစွာ ဆက်ဆံရေးတင်းမာနေခဲ့သည်။
Source: CNBC