ထားဝယ်မြို့အနီး၊ မောင်မယ်ရှောင်ရွာရှိ ထားဝယ်နည်းပညာတက္ကသိုလ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သား သုံးဦး မတ်လ ၁၈ရက် နံနက်ပိုင်းက အပြင်ထွက်ချိန် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း သွားရောက်ပစ်ခတ်ခဲ့သည့် ဒူရကစစ်ကြောင်းထံမှ သိရသည် ။
အဆိုပါ စစ်ကောင်စီတပ်သားသုံးဦးထံမှ သေနတ်သုံးလက်နှင့် ကျည်ဆန်၊ ကျည်ဘောက်များလည်း သိမ်းဆည်းရမိကြောင်း ဒူရကစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ဘုရားမဲဂိတ်အနားမှာပဲ မုန့်ထွက်ဝယ်တဲ့အချိန် ပစ်လိုက်တယ်။ သုံးယောက်ကတော့ တစ်ခါတည်းသေသွားတယ်။ ဂိတ်ဘက်နဲ့ နည်းပညာတက္ကသိုလ်ဘက်က ပြန်ပစ်လို့ အပြန်အလှန်ဆယ်မိနစ်လောက် ပစ်ပြီးတာနဲ့ လက်နက်ကောက်ပြီး ပြန်ဆုတ်လာလိုက်တယ်။ (ဒူကရစစ်ကြောင်းဘက်က) အထိအခိုက်တော့ မရှိခဲ့ဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်သားသုံးဦး၏ ရုပ်အလောင်းကို လူနာတင်ယာဥ်ဖြင့် ထားဝယ်မြို့ဘက်သို့ သယ်ဆောင်သွားသည်ကို မြင်တွေ့ရကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများက ပြောဆိုသည်။
ဒူရကစစ်ကြောင်းက မတ်လ ၂၀ ရက်တွင် ထုတ်ပြန်သည့် ရုပ်သံတွင်လည်း ပစ်ခတ်ခံရမှုအတွင်း ကျည်ကာဝတ်စုံ ဝတ်ထားပြီး သေနတ်လွယ်ထားသူ သုံးဦး ကျည်ထိမှန်ကာ လဲကျသေဆုံးနေသည်ကို တွေ့ရသည်။
စစ်ကောင်စီတပ်သားများသည် ယခင်က ဘုရားမဲဂိတ်တွင် စခန်းချနေထိုင်ကြပြီး ပြီးခဲ့သည့်နှစ်လခန့်ကစ၍ နည်းပညာတက္ကသိုလ်တွင်လည်း တစ်ဝက်ခွဲ၍ တပ်စွဲနေထိုင်ကြသည်ကို သိရကြောင်း ဒူရကစစ်ကြောင်းထံမှ သိရသည်။
“သူတို့က အရင်က ဘုရားမဲမှာပဲနေတာ၊ ပြီးခဲ့တဲ့ နှစ်လလောက်ကမှ နည်းပညာတက္ကသိုလ်ဘက်မှာ အုပ်စုခွဲပြီးနေကြတယ်။ ညဘက်ကို နည်းပညာတက္ကသိုလ်မှာ ညအိပ်ပြီး မနက်မှ ဂိတ်မှာစောင့်တာမျိုးပါ။ အားလုံး အင်အား ၃ဝ ဝန်းကျင်လောက် ရှိတယ်” ဟု ဒူရကစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကပြောပြသည်။
စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ အမှတ် ၃၀၄ အမြောက်တပ်က လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် မောင်မယ်ရှောင်ရွာနှင့် ကပ်လျက်တည်ရှိသည့် ရေဖြူမြို့နယ်၊ ဇီးကျရွာက သားအဖနှစ်ဦး ကျည်စထိမှန်၍ အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။