BREAKING
March 22, 2025

အစ္စတန်လ်ဘူမြို့တော်ဝန် ဖမ်းဆီးခံရပြီးနောက် နိုင်ငံအနှံ့ ဆန္ဒပြပွဲများပြင်းထန်

March 21, 2025

ဓာတ်ပုံ - Reuters,Associated Press, AFP

လမ်းပေါ်လူစုလူဝေးလုပ်ခြင်းကို တားမြစ်ထားသည့် တူရကီနိုင်ငံအနှံ့မှ မြို့ကြီးများတွင် ကြာသပတေးနေ့တွင်လည်း လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည်။

တူရကီသမ္မတအာဒိုဂန်၏ အကြီးမားဆုံး နိုင်ငံရေးပြိုင်ဘက်ဖြစ်သူ အစ္စတန်ဘူလ်မြို့တော်ဝန် အက်ခရင်အီမာမိုလူအား အာဏာပိုင်များက ဖမ်းဆီးလိုက်သည့်အပေါ် မကျေမနပ် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

အန်ကာရာ ၊ အစ္ဇမာနှင့် အစ္စတန်ဘူလ်မြို့တို့တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်စဉ်အချို့ ဖြစ်ပွားခဲ့သည်။

အသက် ၅၄ နှစ်အရွယ် အက်ခရင်အီမာမိုလူအား အကျင့်ပျက်ခြစားမှု ၊ အကြမ်းဖက်အဖွဲ့တစ်ခုအား ထောက်ပံ့ပေးမှု စွဲချက်တို့ဖြင့် ဗုဒ္ဓဟူးနေ့တွင် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် ယင်းနေ့မှာပင် ဆန္ဒပြပွဲများ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အဓိကအတိုက်အခံ CHP ပါတီ၏ ပါတီဝင်ဖြစ်သူ အက်ခရင်အီမာမိုလူအား ဖမ်းဆီးမှုသည် ဒီမိုကရေစီနည်းလမ်းမကျသည့် လုပ်ရပ်ဟု ဆန္ဒပြသူများက ဆိုသည်။

အက်ခရင်အီမာမိုလူသည် ၂၀၂၈ သမ္မတရွေးကောက်ပွဲအတွက် အတိုက်အခံ CHP ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသူ ဖြစ်သည်။

ယင်းသို့ဖမ်းဆီးလိုက်ခြင်းသည် တူရကီသမ္မတအာဒိုဂန်၏ လက်ချက်ဖြစ်ကြောင်း အတိုက်အခံများက စွပ်စွဲအပြစ်တင်လိုက်ပြီး ယင်းလုပ်ရပ်မှာ အာဏာသိမ်းရန် ကြိုးစားမှုတစ်ခု ဖြစ်သည်ဟုလည်း ပြောဆိုလိုက်သည်။

သို့သော်အတိုက်အခံများ၏ ဝေဖန်မှုမှာ လုပ်ကြံဇာတ်နာပြခြင်းသာ ဖြစ်သည်ဟု သမ္မတအာဒိုဂန်က တုံ့ပြန်ခဲ့သည်။

အစ္စတန်ဘူလ်မြို့တော်ဝန်ကို ဖမ်းဆီးမှုအပေါ် ဥရောပခေါင်းဆောင်များက ဝေဖန်ကန့်ကွက်ခဲ့ကြသည်။

လူထုထောက်ခံမှု အခိုင်အမာရရှိထားသည့် အစ္စတန်ဘူလ်မြို့တော်ဝန်အား ဖမ်းဆီးခြင်းသည် အတိုက်အခံခေါင်းဆောင်များအား ဥပဒေအရ နှိပ်ကွပ်မှုတစ်ခု ဖြစ်သည်ဟု ရိုက်တာသတင်းဌာနကလည်း ဖော်ပြသည်။

တူရကီအစိုးရသည် ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံများ အားနည်းသွားစေရန် ၊ ပြည်သူလူထု၏ ဝေဖန်ဆန့်ကျင်မှုများ အသံတိတ်စေရန် ဥပဒေကို အသုံးချနေသည်ဟု ဝေဖန်သူတော်တော်များများက ဆိုသည်။

လူထုထောက်ခံမှုစစ်တမ်းအချို့တွင် အက်ခရင်အီမာမိုလူက လက်ရှိသမ္မတအာဒိုဂန်ထက် အသာရနေသည်။

Source: Reuters