BREAKING
March 22, 2025

အမေရိကန် သမ္မတထရမ့်က ပညာရေးဌာန ပိတ်သိမ်းကြောင်းအမိန့် လက်မှတ်ထိုး

March 21, 2025

ရွေးကောက်ပွဲ ကတိကဝတ်အတိုင်း ပညာရေးဌာနကို ဖျက်သိမ်းရန် သမ္မတအမိန့်အာဏာကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးလိုက်သည်။

ပညာရေးဌာနပိတ်သိမ်းရေး လိုအပ်သည့် အဆင့်အားလုံး ဆောင်ရွက်ရန် ၊ ပညာရေးကဏ္ဍလုပ်ပိုင်ခွင့် အာဏာကို ပြည်နယ်နှင့် ဒေသန္တရအစိုးရများထံ လွှဲပြောင်းပေးရန် ပညာရေးဌာနအကြီးအကဲဖြစ်သူ Linda McMahon အား ထရမ့်၏ သမ္မတအမိန့်အာဏာက ညွှန်ကြားထားသည်။

ယင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အသေးစိတ်ညွှန်ကြားချက်များကိုမူ မဖော်ပြထားပေ။

ပညာရေးဌာန၏ အရေးပါသည့် လုပ်ငန်းအချို့ကိုမူ ဆက်လက်လည်ပတ် ဆောင်ရွက်နေဦးမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

ထရမ့်သည် ပညာရေးဌာနကို မကြာခဏ ဝေဖန်ခဲ့သူ ဖြစ်သည်။ ပညာရေးဌာနသည် ငွေကြေးအပြုန်းအတီးများပြီး လစ်ဘရယ်အယူအဆများ လွှမ်းမိုးခံနေရသည်ဟုလည်း ၎င်းက ဆိုသည်။

ပညာရေးဌာနသည် ငွေလိမ်လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး အမေရိကန်ပညာရေး အရည်အသွေး ကျဆင်းရသည်မှာ ပညာရေးဌာနကြောင့် ဖြစ်သည်ဟု ထရမ့်က စွပ်စွဲအပြစ်တင်သည်။

ဖက်ဒရယ်အစိုးရထက် ပြည်နယ်အစိုးရများက ပညာရေးကဏ္ဍကို ပိုကောင်းမွန်ထိရောက်စွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု ထရမ့်က ဆိုသည်။

ပညာရေးဌာနကို ချက်ချင်းပိတ်သိမ်းရမည်ဟု ထရမ့်က ယခုနှစ် ဖေဖော်ဝါရီလတွင် ပြောဆိုခဲ့ဖူးသည်။

ဒုတိယအကြိမ် သမ္မတဖြစ်လာပြီးနောက် ထရမ့်သည် ပညာရေးဌာန၏ ဝန်ထမ်းအရေအတွက် တစ်ဝက်တိတိ လျှော့ချပစ်ခဲ့ပြီး ဌာန၏ အစီအစဉ်များကို ပြောင်းလဲခဲ့သည်။

ပညာရေးဌာနကို ဖျက်သိမ်းရေးမှာ ကွန်ဂရက်၏ ထောက်ခံမှုရမှသာလျှင် အကောင်အထည် ပေါ်လာဖွယ် ရှိသည်။

ထရမ့်သည် ၎င်း၏ ပထမအကြိမ် သက်တမ်းတွင်လည်း ပညာရေးဌာနကို ဖျက်သိမ်းရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ကွန်ဂရက်၏ ထောက်ခံမှုမရသောကြောင့် ထရမ့်၏ ကြိုးစားမှုမှာ မအောင်မြင်ခဲ့ပေ။

ပညာရေးဌာနကို ဖျက်သိမ်းရန် ဥပဒေတင်သွင်းမည်ဟု ရီပတ်ဘလင်ကန်ပါတီဝင်များက ပြောဆိုထားပြီး ယင်းအပေါ် ဒီမိုကရက်အမတ်များက ပြင်းပြင်းထန်ထန် ဆန့်ကျင်လျက်ရှိသည်။

ပညာရေးဌာနကို ဖျက်သိမ်းလိုက်ပါက အခြေခံပညာကျောင်းများကို ထောက်ပံ့ပေးနေသည့် ဒေါ်လာဘီလီယံများစွာ ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ကောလိပ်ပညာရေးငွေကြေးထောက်ပံ့မှုအစီအစဉ် ရပ်ဆိုင်းမှုအပြင် အခြားသိသာထင်ရှားသည့် အကျိုးဆက်များစွာ ဖြစ်ပေါ်လာနိုင်ခြေရှိသည်။

အကျိုးဆက်အနေဖြင့် ကလေးများ အခြေခံပညာအခမဲ့တက်ရောက်ခွင့်များကို ထိခိုက်လာနိုင်သဖြင့် အမေရိကသို့ ရောက်နေသည့် ၎င်းတို့ကလေးများ ပညာသင်ခွင့်ကို ဆိုးဆိုးရွားရွား ထိခိုက်မည်ကို အမေရိကသို့ ပြောင်းရွှေ့အခြေချသူများက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့်နှစ်တွင် ပညာရေးဌာနက ဘတ်ဂျက် ဒေါ်လာ ၂၅၁ ဘီလီယံသုံးစွဲခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

Source: Associated Press, ABC News