Princes in The Darkness 1990s
အခန်း(၂၅)
“မင်းကို သူက အကိုအရင်းတစ်ယောက်လို့ ထင်ထားတာလေကွာ…မင်းက…အဲ့ဒီလို ပြောလိုက်တော့…သူ ဘယ်လောက် ရှော့ ရသွားမလဲ.မင်းမစဉ်းစားမိဘူးလား”
ဧရာက ဘာမှ ပြန်မဖြေ။ ခေါင်းကိုသာ ငုံ့ထားသည်။
“မင်းအခု.ဘာအလုပ်လုပ်နေတာလဲ”
“ကျွန်တော် အရင်တုန်းက အသိ ဆိုင်တစ်ခုမှာ အလုပ်ကြမ်းသမားဝင်လုပ်နေတယ်..ကိုဗေဒါ..ကျွန်တော့်တွန်းလှည်းတောင် လမ်းပေါ်ထားခဲ့ရတာ…စည်ပင်က ဆွဲသွားပြီလားမသိဘူး”
ဧရာက ကားပေါ်မှ ဆင်းရန် ပြင်လိုက်သည်။ ဗေဒါက ဧရာ၏ လက်ကို လှမ်းဆွဲထားလိုက်၏။
“နေဦး..မင်းကို မေယုကြေးမုံက အလုပ်လုပ်ဖို့ အရင်းအနှီးပေးထားတယ်ဆို”
“ကျွန်တော် မလိုချင်တော့ဘူး..အကို…သူနဲ့ အဆက်အသွယ်ရရင် ပြောပေးပါ…ကျွန်တော် သူ့ပိုက်ဆံတွေ အားလုံး သိမ်းထားတယ်..သူနဲ့ ပြန်တွေ့တဲ့အခါ..ကျွန်တော်မှားခဲ့တာတွေအတွက် သူ့ကိုတောင်းပန်ရင်း.တပြားမကျန် ပြန်ပေးမှာပါလို့”
“အဲ့ဒီပိုက်ဆံတွေ သုံးပစ်လိုက်တော့..ဟေ့ကောင်…မင်း သူနဲ့ ဘယ်တော့မှ တွေ့ရမှာမဟုတ်တော့ဘူး”
“ဗျာ”
“သူ..မြန်မာပြည်မှာ ကြုံလိုက်ရတဲ့အဖြစ်ကို အတော်လေးနာကြည်းသွားပုံပဲ…သူ ဒီကို ဘယ်တော့မှ ပြန်လာတော့မယ်မထင်ဘူး”
ဧရာက ခေတ္တမျှ ငြိမ်သက်သွားသည်။
ထို့နောက် နောက်ခန်းတွင် သူတို့စကားဝိုင်းကို တိတ်ဆိတ်စွာထိုင်နားထောင်နေသည့် ဂျာနူး အား တချက်ကြည့်လိုက်၏။
“ကိုဗေဒါ….ခင်ဗျားရှိနေသ၍ သူ တနေ့နေ့ ပြန်လာမှာပါ…သူက..ခင်ဗျားကိုပဲ…”
ဧရာ့စကားကြောင့် ဗေဒါကြောင်သွားသည်။ ဂျာနူး က ဗေဒါ၏ မျက်နှာကို တချက် အကဲခတ်လိုက်ပြီး မသိယောင်ဆောင်နေလိုက်၏။
ဧရာက ကားတံခါးဖွင့်ကာ ဆင်းသွားလေပြီ။
“အကို”
ငေါင်ပြီး ကျန်ရစ်ခဲ့သည့် ဗေဒါ၏ ပုခုံးကို ဂျာနူးက လက်ဖြင့် ပုတ်လိုက်သည်။
ဗေဒါ သတိဝင်လာ၏။
“ကားမောင်းတော့လေ..ပြန်ကြစို့”
……………………………….
“မရီတာ..ကျွန်တော် ဗေဒါပါ”
“ကိုဗေဒါ..ပြောပါ”
“အမနဲ့ မေယုကြေးမုံ တို့ အဆက်အသွယ်ရှိသေးလား”
“တခါတလေတော့ သူဖုန်းခေါ်ပါတယ်”
“သူ့ကို ပြောပေးပါ..ကျွန်တော် ဧရာနဲ့ တွေ့ခဲ့ပြီးပြီလို့…သူ့ကို ကျွန်တော့်မှာ ပြောစရာစကားတွေ ရှိနေတယ်”
“အင်း..ဒီမှာ သူဘာတွေဖြစ်ခဲ့လဲ ရှင်လည်း သိပြီးသွားပြီထင်ပါတယ်..ကိုဗေဒါ…သူ အဲ့ဒီကိစ္စကို တော်တော်ရှက်သွားရှာတယ်….ဟိုလူ့ကို သူက တကယ့်သူ့အကိုအရင်းလို ထင်ခဲ့တာပါ…အခုကျ သူနဲ့ သွေးသား မတော်စပ်မှန်းသိသွားရတဲ့အပြင် တဖက်လူက ချစ်ရေးဆိုတာပါ ကြုံလိုက်ရတော့”
“ကျွန်တော် နားလည်ပါတယ်..မေယုကြေးမုံကို ကျွန်တော့်ဖုန်းနံပါတ် ပေးထားပေးပါ…တချိန်ချိန်ကျ..သူ ဆက်သွယ်လာမှာပါ”
ဗေဒါ ဖုန်းချလိုက်၏။
သူ့စိတ်ထဲတွင် နောက်ဆုံးဖြစ်ဖြစ် တကြိမ်တော့ မေယုကြေးမုံ ကို တွေ့ချင်မိပါသေးသည်။
ဗေဒါက အိပ်မပျော်သဖြင့် စီးကရက်တစ်လိပ်ကို မီးညှိပြီး ဝရံတာသို့ ထွက်ကာ မတ်တပ်ရပ်နေလိုက်၏။
နီယွန်မီးမှိန်မှန်များ ဖြာကျနေသော..လမ်းမ ကို ငေးရင်း..တစုံတရာကို လွမ်းသလို ခံစားလာရသည်။
သူ့ စိတ်တခွင်လုံးကို ကိုလိုနီပြုထားနိုင်သည့် ထိုခံစားချက်က မည်သူ့အတွက်လဲ။
ဂျာနူးအတွက်လား။ မေယုကြေးမုံအတွက်လား။
ထိုစဉ် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိကျသွား၏။
“ငါလီး..မီးက.. ပျက်ပြီ”
မြန်မာပြည်၏ လျှပ်စစ်မီးက သူ့ကို ဒရမ်မာဆန်ဆန်လွမ်းခွင့်ပင်မပေး။
ဗေဒါ စိတ်ပျက်ပျက်ဖြင့် အခန်းတွင်း ပြန်ဝင်ကာ..လှဲအိပ်လိုက်သည်။
အိပ်ပျော်လုဆဲဆဲတွင် ဖုန်းက မြည်လာ၏။
“ဂျာနူး…ဒီအချိန်ကြီး”
“ယောက်လမ်းခြံကို အမြန်လာခဲ့ပါ..ဒီမှာ ပြဿနာတက်နေပြီ”
မှောင်မှောင်မဲမဲထဲတွင် လက်နှိပ်ဓာတ်မီးဖြင့် ကားသော့ကို ရှာရသည်။ ထို့နောက် အင်္ကျီ၊ဘောင်းဘီများ လဲပြီး ဗေဒါ ကားမောင်းထွက်လာခဲ့လိုက်၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မဲနေသော်လည်း မစ္စတာလု၏ ခြံကြီးကတော့ လင်းထိန်နေသည်။
ဗေဒါ အိမ်ထဲဝင်သွားတော့…ဂျာနူးနှင့် လောရှည်ကိုသာ တွေ့ရ၏။
“မစ္စတာလုရော”
“သူ့မိန်းမ အခန်းထဲ ခေါ်သွားပြီး ဖျောင့်ဖျနေတယ်..သူတော်တော် ဒေါသထွက်နေတယ်”
ဗေဒါက လောရှည်ဘေးနားမှ ခုံတွင် ဝင်ထိုင်လိုက်သည်။
“ဘာတွေဖြစ်နေတာလဲ..ဂျာနူး”
“ဒီမှာ”
ဂျာနူးက စားပွဲပေါ်မှ စက္ကူအိတ်ကို ဗေဒါဘက်သို့ တိုးပေးလိုက်၏။
စက္ကူအိတ်ထဲတွင် ဓာတ်ပုံအချို့။
“ဟာ”
မကြာမီ စေ့စပ်ပွဲလုပ်တော့မည်ဖြစ်သည့် မစ္စတာလု၏ အကြီးဆုံးသမီး နှင့်ကောင်လေးတစ်ယောက်၏ ဓာတ်ပုံများ။
မစ္စတာလု၏ သားသမီးများကိစ္စ လိုက်ဖြေရှင်းပေးခဲ့ရသော ဗေဒါက ထိုကောင်လေးကို ကောင်းကောင်းသိသည်။
နိုက်ကလပ်များတွင် ဒီဂျေလုပ်နေသည့် မစ္စတာလု သမီးကြီး၏ အရင်ရည်းစားဟောင်း။
မစ္စတာလုသမီးကြီးနှင့် ဒီဂျေကောင်လေး ဖက်ရမ်းနမ်းရှုံ့နေသည်များကို နိုက်ကလပ်အတွင်းတွင်ရော၊ အခြားနေရာပေါင်းစုံမှာပါ ရှုထောင့်ပေါင်းစုံမှ လိုက်ခိုးရိုက်ထားသည်။
ထူးခြားသည်က ဟိုတယ်တခု၏ အခန်းတွင်းသို့ နှစ်ဉီးသား ဝင်နေသည့်ပုံ၊ အခန်းထဲမှ ပြန်ထွက်လာသည့်ပုံများစွာလည်းပါဝင်နေ၏။
ထိုဓာတ်ပုံကိုသာ တဖက်မိဘများ ထံ ပို့လိုက်ပါက…မစ္စတာလုရော သူ့သမီးကြီးပါ အရှက်ကွဲသွားနိုင်သည်။ စေ့စပ်ပွဲလည်း ပျက်သွားနိုင်သည့်အနေအထား။
“ဒီဓာတ်ပုံတွေကို တဖက်မိဘတွေဆီ ပို့လိုက်ရမလားဆိုပြီး…မစ္စတာလုဆီ လှမ်းခြိမ်းခြောက်ငွေညှစ်ခံရတာ”
“ဘယ်သူက ပို့တာလဲ”
“အခုထိ ဘယ်သူမှန်းမသိသေးဘူး..လမ်းဘေး ပီစီအိုဖုန်းနဲ့ဆက်ပြီး…ငွေတောင်းတာ”
“ဘယ်လောက်တောင်းတာလဲ”
“သိန်းနှစ်ထောင်”
ဗေဒါက ဓာတ်ပုံများကို စားပွဲပေါ် ပြန်ချလိုက်သည်။
“အဲ့ဒီငွေလောက်က ငါ့အတွက် ဘာမှမဟုတ်ဘူး”
မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသည့် မစ္စတာလုက ဗေဒါတို့ ရှေ့မှ ခုံတွင် ဝင်ထိုင်လိုက်သည်။
“ဒါပေမယ့်…ဘာမှမဆိုင်တဲ့ ငါ့သားသမီးတွေကို အသုံးချပြီး ငါ့ကို ငွေညှစ်တာဟာ..အောက်တန်းကျတဲ့လုပ်ရပ်ပဲ..ဗေဒါ….မင်းခရီးမထွက်နဲ့ဉီး..အရင်ဆုံး… ငါ့ကို ငွေညှစ်တဲ့ကောင် ဘယ်သူလဲဆိုတာ ငါအမြန်ဆုံးသိချင်တာ”
ဗေဒါက ဓာတ်ပုံများကို ဒုတိယအကြိမ် ပြန်ကြည့်လိုက်သည်။
ဟိုတယ်တွင် ရိုက်ထားသည့်ပုံများမှာ တကြိမ်နှင့်တကြိမ် အဝတ်အစားများမတူကြ။ ထိုအချက်ကို ကြည့်ခြင်းဖြင့် မစ္စတာလုသမီး နှင့် သူ့ကောင်လေးသွားနေကျ ဟိုတယ်ဖြစ်ပုံရသည်။
ဟိုတယ်အဝင်အထွက်ပုံများကို မရိုက်ပဲ လျှောက်လမ်းမှ ဓာတ်ပုံများကိုသာ ရိုက် ယူထားပုံကိုထောက်လျှင် ဓာတ်ပုံရိုက်သူမှာ မည်သည့်ဟိုတယ်ဆိုသည်ကို သိစေချင်ပုံမရ။
ထို့ကြောင့် ယင်းဟိုတယ်နှင့် တခုခုပတ်သက်နေသူသာဖြစ်မည်ဟု ဗေဒါ ကောက်ချက်ချလိုက်သည်။
“ဒီဟိုတယ်ကို ကျွန်တော်တို့ သိရင်..ရပြီ”
“ငါ့သမီးကြီးကိုတော့ ဒီကိစ္စ မသိစေချင်ဘူး..ဗေဒါ…သူ့ စေ့စပ်ပွဲနီးနေတဲ့အချိန်မှာ ငါ့သမီးကို စိတ်အနှောက်အယှက်မဖြစ်စေချင်ဘူး..မင်းနည်းမင်းဟန်နဲ့ စုံစမ်းပါ”
ဗေဒါက ထိုဓာတ်ပုံကို ယူကာထွက်လာခဲ့လိုက်သည်။
အရင်ဆုံး ဗေဒါ သွားသည်က ဒီဂျေကောင်လေး ရှိနိုင်မည့် နိုက်ကလပ်။
ထိုကလပ်တွင် စုံစမ်းကြည့်သောအခါ ဒီဂျေကောင်လေးမှာ အိမ်ထောင်ပြုပြီး နိုင်ငံခြားသို့ ထွက်သွားသည်မှာ လေးငါးလပင် ရှိခဲ့ပြီ။
ဒီတော့…ဟိုတယ်နာမည်လည်း သူ့ကို မေးလို့ရမည်မဟုတ်တော့။ မရမက ချိတ်ဆက်ပြီး မေးပြန်လျှင်လည်း သူ့အိမ်ထောင်နှင့်သူဖြစ်နေသူကို စိတ်အနှောင့်အယှက်မပေးလိုတော့။
နောက်ဆုံးနည်းလမ်းတစ်ခုကိုသာ ဗေဒါ ရွေးချယ်လိုက်တော့သည်။
……………………………….
ထိုကိစ္စ အထူးဆောင်ရွက်ရန် သရဲကြီးနှင့် စိုင်းနွံ တို့ကို ခေါ်ကာ အဖွဲ့တစ်ခုဖွဲ့လိုက်၏။
ရန်ကုန်မြို့ရှိ ဟိုတယ်များကို အတန်းအစားသုံးခု ခွဲချလိုက်သည်။
ဓာတ်ပုံထဲမှ ဟိုတယ်မှာ နာမည်ကျော်ဟိုတယ်ကြီးများ ဟုတ်ဟန်မတူပဲ..ဒုတိယတန်းစား ဟိုတယ်အမျိုးအစားဟု ခန့်မှန်းကြသည်။
ထို့နောက် သူတို့သုံးဉီးသား ထိုဟိုတယ်များတွင် ပတ်တည်းပြီး ဓာတ်ပုံထဲကအနေအထားများနှင့် တူမတူ လိုက်တိုက်ကြည့်ကြ၏။
ငါးခုမြောက်ဟိုတယ်ဖြစ်သည့် ခုနှစ်မိုင်မှ ဟိုတယ်တစ်ခုတွင်တော့..ဓာတ်ပုံထဲက လျှောက်လမ်းအနေအထားများ၊ အခန်းအနေအထားများနှင့် တပုံစံတည်းဖြစ်နေသည်။
သေချာပေါက် အတည်ပြုပြီးသည်နှင့် ဗေဒါတို့ စတင်လှုပ်ရှားဖို့ စီမံတော့သည်။
“ညီမရေ…ဟိုတယ်မန်နေဂျာရုံးခန်းလေးများ သွားလို့ရမလား”
ရီဆက်ရှင်မှ မိန်းကလေးကို ဗေဒါက မေးလိုက်သည်။
“ဂျာကြီးနဲ့ ချိန်းထားတာလားရှင့်..ဘယ်သူလို့ ပြောလိုက်ရမလဲ”
“ဪ..ဒီလိုပါ…အကိုတို့က ကျောက်ကုန်သည်တွေပါ..နောက် ရန်ကုန်ကျောက်ပွဲကျရင် တရုတ်ပြည်က လာမယ့် ဧည့်သည်တွေကို ဒီမှာထားချင်လို့ ..ဈေးနှုန်းကိစ္စလေး သူနဲ့ ပြောချင်တာပါ”
“ဟုတ်ကဲ့….ခဏနော်”
မိန်းကလေး က မန်နေဂျာထံသို့ ဖုန်းခေါ်လိုက်သည်။
“ဂျာကြီးက..လာခဲ့ပါတဲ့…ဟိုရှေ့က ဂျာကြီးရုံးခန်းပါရှင့်”
ဗေဒါ တို့သုံးဦးသား ရုံးခန်းအတွင်းသို့ ဝင်လိုက်သည်။
“မန်နေဂျာ ဉီးတိုးလွင်လား”
အသားညိုညို၊ ပိန်ပိန်ပါးပါးဖြင့် ဆံပင်ကို ဘေးခွဲခွဲထားသည့်ပုဂ္ဂိုလ်က မျက်မှန်ကို ပင့်တင်ပြီး ကြည့်လိုက်သည်။
“ခုန…အိငြိမ်း ဖုန်းဆက်ထားတဲ့ ဧည့်သည်တွေ ထင်တယ်..ထိုင်ပါ”
“ကျုပ်တို့ မထိုင်ဘူး..ခင်ဗျား..အဲ့ဒီမှာပဲ ထိုင်နေ”
စိုင်းနွံက ပစ္စတိုသေနတ်မောင်းကို ဖြောင်းခနဲ ဆွဲတင်လိုက်ပြီး…ဉီးတိုးလွင်၏ နဖူးကို တေ့ထားလိုက်၏။
ဗေဒါက သူယူလာသော ဓာတ်ပုံကို ပြလိုက်သည်။
“ဒါ..ခင်ဗျားတို့ ဟိုတယ်မှာ ရိုက်ထားတာ…ခင်ဗျား ရိုက်ထားတာမဟုတ်လား”
“ဟုတ်..ဟုတ်..မဟုတ်”
တိုးလွင် အသံတို့ တုန်နေပြီ။
သရဲကြီးက တိုးလွင်၏ ရင်ဘတ်မှ စတီးရောင်ဘောပင်ကို ဖြုတ်ယူလိုက်သည်။ ထို့နောက်..ဘောပင်အချွန်ဖြင့်.လက်ဖမိုးပေါ်သို့ ဖိစိုက်ထား၏။
“အား..အ”
“စောက်သံမထွက်နဲ့..ပစ်သတ်ခံချင်နေတာလား..ဟေ့ကောင်..မေးတာကိုပဲဖြေ”
“ဟုတ်ပါတယ်..ကျွန်တော်ပဲ ရိုက်ထားတာပါ..ကျွန်တော်တို့ သူဌေးက ရိုက်ခိုင်းလို့”
“မင်းတို့ သူဌေးက ဘယ်သူလဲ”
“ဉီးမြင့်ထူး”
“သူအခု ဘယ်မှာရှိနေလဲ..ပြော”
“………………….”
“ဓာတ်ပုံတွေ ရိုက်တော့ ကင်မရာကို ခလုတ်နှိပ်တာ ဒီလက်မဟုတ်လား”
သရဲကြီးက တိုးလွင်၏ လက်ဖမိုးပေါ်သို့ ဘောပင်ကို အားကုန်ထိုးစိုက်ချလိုက်တော့သည်။
“အား”
စိုင်းနွံက အော်နေသည့်ပါးစပ်ကို သေနတ်ဒင်ဖြင့် ထုချလိုက်၏။
“မင်း သူဌေးကို ဖုန်းဆက်ရဲရင် ဆက်…. မင်းသူဌေးထွက်ပြေးလို့ သူ့ကို ငါတို့ မမိရင်..မင်းကို လာသတ်မယ်”
……………………………….
“နေပါဉီးဗျ..ဉီးမြင့်ထူးရ..ကျွန်တော်တို့လည်း လိုက်မယ်”
အနောက်ဖက်မှ အသံတစ်ခုကြောင့် ဉီးမြင့်ထူး လှည့်ကြည့်လိုက်သည်။
ဂေါ့ဖ်ကွင်းတွင်လည်း သူတစ်ခါမျှ မမြင်ဘူးသည့် လူသုံးဉီး။
“မင်းတို့က ဘယ်သူတွေလဲ”
စိုင်းနွံ က ပစ္စတိုသေနတ်ကို ထုတ်ပြလိုက်သည်။
“ကားပေါ် အေးအေးဆေးဆေးသာတက်ပါ”
ဦးမြင့်ထူး က ကားမောင်းသူနေရာတွင် ဝင်ထိုင်လိုက်၏။
ဘေးတွင် ဗေဒါက ထိုင်သည်။
အနောက်တွင် သရဲကြီးနှင့် စိုင်းနွံ။ စိုင်းနွံ၏ သေနတ်ပြောင်းက ဦီးမြင့်ထူး၏ နောက်စေ့ကို ထောက်ထားလျက်။
“မင်းတို့ ဘာလို့ချင်တာလဲ”
“ဒီဓာတ်ပုံတွေကိစ္စ”
ဗေဒါက ဓာတ်ပုံတစ်ပုံထုတ်ပြလိုက်သည်။
“ငါ..ငါ ရှင်းပြပါ့မယ်..ငါ့ကို ဘာမှ မလုပ်ပါနဲ့”
“ဟုတ်ပြီ..အခု ခင်ဗျားကားကို လှည်းကူးဘက် မောင်းလိုက်”
ဦီးမြင့်ထူး က ကြောက်ကြောက်လန့်လန့်ဖြင့် ကားကိုမောင်းလိုက်သည်။ မစ္စတာလုပိုင်ဆိုင်သော လှည်းကူးမှ ခြံကြီးအတွင်းသို့ ရောက်ရှိသွား၏။
ခြံထဲတွင် မြေကော်စက်ကြီးများ၊ ဘူဒိုဇာကြီးများသာ ထားရှိသည်။
မြေကော်စက်ကြီးတစ်ခုရှေ့တွင် ဦီးမြင့်ထူး အား ဒူးထောက်ခိုင်းလိုက်၏။
“ကဲ…ခင်ဗျား..အမှန်အတိုင်းဝန်ခံ..မဟုတ်ရင်…ဒီမှာ စက်မောင်းတဲ့သူလည်း အသင့်ရှိတယ်…သူ့ကို ခေါ်ပြီး မြေကျင်းတူးခိုင်းလိုက်ရင် တဂေါ်စာပဲ…ပြီးရင် မြေအောက်မှာ သွားနေပေါ့”
“မလုပ်ပါနဲ့..မလုပ်ပါနဲ့…ကျွန်တော် ပြောပါ့မယ်..အဲ့ဒါ…ကျွန်တော့်ညီ အောင်မြင့်ဦီး လုပ်ခိုင်းလို့ လုပ်ရတာပါ”
“ဘယ်က အောင်မြင့်ဦီးလဲ”
“သစ္စာအောင်မြေ အောင်မြင့်ဦီးပါ”
ဗေဒါက မစ္စတာလုထံ ဖုန်းခေါ်လိုက်သည်။
ထိုအမည်ကို ပြောလိုက်သည်နှင့် မစ္စတာလုက ချက်ချင်းသိသွား၏။
“ဒီလူက ငါနဲ့ ဂေါ့ရိုက်ဖက်ပဲ….အခုလည်း ဂေါ့အတူတူရိုက်နေတာ….ငါ့ဆီက သိန်းငါးရာချေးဖူးတယ်..သူက လူငယ်လုပ်ငန်းရှင်ပေါက်စလေးဆိုတော့.ငါလည်း ချေးလိုက်ပါတယ်.. .ပြန်တောင်းတော့…မပေးနိုင်သေးဘူးပြောတယ်..ငါ့ဘက်ကတော့ ယူပြီးရင် ပြန်ပေးရမှာပဲလို့ ခပ်တင်းတင်းပြောလိုက်ဖူးတယ်..ဒါပေမယ့်..အခင်အမင်မပျက်ပါဘူး…ငါ့သမီးကြီး မင်္ဂလာကိစ္စတောင် သူနဲ့ တိုင်ပင်ဖူးသေးတယ်..နောက်ကြောကို ဓါးနဲ့ထိုးတာပေါ့..အေးကွာ…သူလုပ်တဲ့အပြစ်အတိုင်း သူခံရမှာပဲ…. ငါ့ အဲ့ဒီကောင်ကို မမြင်ချင်တော့ဘူး..ဗေဒါ”
မစ္စတာလု ဖုန်းချသွားသည်။
ဗေဒါက ဉီးမြင့်ထူး ဆီသို့ လျှောက်သွားလိုက်၏။
“ဘာတဲ့လဲ..ဗေဒါ”
သရဲကြီးက မေးလိုက်သည်။
“ဟိုကောင်နောက်ကို လိုက်ရတော့မှာပေါ့….မိန်းကလေးတစ်ယောက်ရဲ့ အတွင်းရေးကိစ္စကို အသုံးချပြီး ငွေညှစ်တာမျိုးကတော့.ခင်ဗျားတို့..အောက်တန်းကျလွန်းပါတယ်”
“ကျွန်တော်လည်း ဘာမှန်းမသိဘူး..ဝေစုသိန်းငါးရာရမယ်ဆိုလို့ လုပ်မိတာပါ”
သရဲကြီးက မြေကော်စက်ပေါ်သို့တက်သွားကာ အသင့်ရှိနေသော ဂွကြီးတစ်လက်ကို ယူဆင်းလာ၏။
“ဒီဘဲကို ဘာလုပ်လိုက်ရမလဲ..ဗေဒါ”
“မလုပ်ပါနဲ့…ကျွန်တော့်ကို ဘာမှ မလုပ်ကြပါနဲ့”
“နည်းနည်းပါးပါး..ဆုံးမပေးလိုက်ပါ..ကိုသရဲကြီး”
သရဲကြီးက ဦီးမြင့်ထူး၏ ဆံပင်ဖုတ်ကို သူ့ဘယ်လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး တစ်ဖက်မှ ဂွ ကို ရွယ်လိုက်သည်။
နာနာကြင်ကြင်အော်ဟစ်သံများကို ဗေဒါ ကျောခိုင်းထွက်လာခဲ့လိုက်၏။
……………………………….
စခန်းမှူးအခန်းထဲမှ ဆိုဖာခုံပေါ်တွင် ဗေဒါက ခြေထောက်ချိတ်ကာ ထိုင်နေလိုက်သည်။
ခဏအကြာ ဒုရဲအုပ်တစ်ယောက်ရောက်လာ၏။
“စစ်ချက်လေးတော့ ထွက်ပေးပါ..ကိုဗေဒါ”
ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်မှု၊ ထိခိုက်နာကျင်စေမှု၊ လက်နက်မှု။
ဦီးမြင့်ထူးက ဗေဒါတို့အား ရဲစခန်းတွင် အမှုဖွင့်ထားသည်။
ကျန်သည့်နှစ်ယောက်ကို ရှောင်ခိုင်းထားပြီး ဗေဒါတစ်ဦီးတည်းသာ လာရောက်အဖမ်းခံလိုက်ခြင်းပင်။
“ကျွန်တော်သူ့ကို ဘာမှမလုပ်ဘူး..လက်ဖျားနဲ့တောင် မထိခဲ့ဘူး”
“အင်း..ခက်တာပဲဗျာ”
ဒုရဲအုပ်က စိတ်ပျက်လက်ပျက် ညည်းညူလိုက်၏။
ထိုအချိန်တွင် စခန်းမှူး က အထဲသို့ ဝင်လာသည်။
ဒုရဲအုပ်လက်ထဲမှဖိုင်တွဲကို ဆွဲယူလိုက်၏။
“အပြင်ကို သွားလိုက်ဉီးကွာ….ဟိုမှာ အဲ့ဒီအမှုကိစ္စ တကယ်ကျူးလွန်တယ်ဆိုတဲ့လူတွေက လာအဖမ်းခံနေပြီ”
သရဲကြီး ၏ တပည့်သုံးဦီးက ထိုအမှုကို သူတို့ ကျူးလွန်ပါသည်ဆိုပြီး လာအဖမ်းခံနေခြင်း။
“ကိုဗေဒါရေ…ခင်ဗျားတို့ လက်စတွေကလည်းဗျာ…ဟိုလူကို ထပ်လုပ်လိုက်တာ..အခု အရေးပေါ်ရောက်သွားပြီ”
စခန်းမှူးက ပုခုံးတွန့်ပြပြီး..သူ့ရှေ့တွင်ထိုင်ချလိုက်၏။
ရဲစခန်းသို့ တိုင်ချက်ဖွင့်ခဲ့သော ဦးမြင့်ထူးမှာ ဆေးခန်းမှ အပြန်တွင် လူတစ်စုက ကားကို တားပြီး ဝိုင်းရိုက်ကြရာမှ အရေးပေါ်ရောက်သွားကြောင်းလည်း…ပြောပြသည်။
ရဲအရေးပိုင်သောအမှုဖြစ်သဖြင့် ရဲက စစ်ချက်သွားယူသော်လည်း ဦီးမြင့်ထူးမိသားစုက အမှုမဖွင့်လိုတော့ကြောင်း ပြောကာ တောင်းပန်ပြန်လွှတ်လိုက်သည်ဟုလည်း သိရ၏။
“နောက် အကြောင်းကိစ္စ ကြီးငယ်ရှိလည်း..ကျွန်တော့်ကို ဖုန်းဆက်လို့ရပါတယ်..ကိုဗေဒါ.ဟဲဟဲ”
စခန်းမှူးက သွားကလေးတဖြဲဖြဲနှင့် ဝန်ဆောင်မှု အပြည့်။
ဗေဒါလည်း စခန်းမှူးကို နှုတ်ဆက်ကာ ရဲစခန်းမှ ပြန်ထွက်လာခဲ့သည်။
အပြင်ဘက်တွင် ကားတစ်စီးက ဗေဒါကို စောင့်နေ၏။
ကားထဲမှ ထွက်လာသူက ထောက်လှမ်းရေးမှ ဗိုလ်ကြီးကျော်သူရ။
“ကိုဗေဒါ…ခင်ဗျားအမှုကို ပိတ်သိမ်းပေးဖို့..ကျွန်တော် ကူညီပေးလိုက်တာပါ”
ဗိုလ်ကြီးကျော်သူရသည် လက်ရှိ ဝန်ကြီးချုပ်ရာထူးယူထားသူ စစ်ထောက်လှမ်းရေးအကြီးအကဲ၏ အနီးကပ်လူယုံ။
တိုင်စာပစ်စာများကို လက်ခံကာ ထောက်လှမ်းရေးအကြီးအကဲထံ ပုံမှန်တင်ပြခွင့်ရရှိထားသည့်သူ။
“ကျေးဇူးတင်ပါတယ်…ဒါပေမယ့်..ဒီကိစ္စက ဗိုလ်ကြီးတို့နဲ့ ဘာများသက်ဆိုင်လို့လဲဗျ”
“ဪ..ဒီလိုပါ..လောမိသားစုနဲ့ ကျွန်တော်တို့ကြားမှာ အထင်လွဲစရာကိစ္စတွေဖြစ်ခဲ့တယ်မဟုတ်လား…. ဒါကို ဝန်ကြီးချုပ်ကြီးကလည်း မလိုလားပါဘူး…. အခုသတင်းကို ကြားကြားချင်းမှာပဲ…ဒီကိစ္စမှာ ကျွန်တော်တို့ ပါဝင်ပတ်သက်နေတယ်လို့..ခင်ဗျားတို့ဘက်က အထင်လွဲမှာကို စိုးရိမ်တယ်…. ဒီပြဿနာမှာ ကျွန်တော်တို့ မပါဝင်ဘူးဆိုတာ သေချာအောင်..ခင်ဗျားကို အခုလို အကူအညီလာပေးတာပဲ..ကိုဗေဒါ”
ခါတိုင်း ဗေဒါ့ထံသို့ ဆက်သွယ်လာသည့် စစ်ထောက်လှမ်းရေးအရာရှိများမှာ သံချောင်း၊ ဗိုလ်ကြီးရန်နိုင်မြင့် တို့သာဖြစ်သည်။
ယခုတော့.သူတို့ထက် ရာထူးအားဖြင့်မမြင့်သော်လည်း နေရာမြင့်သည့် ဗိုလ်ကြီးကျော်သူရ ဖြစ်နေသဖြင့် တခုခု ထူးခြားနေသည်ဟု ဗေဒါ တွေးမိလိုက်၏။
ဗိုလ်ကြီးကျော်သူရကိုယ်တိုင်လာသဖြင့် စခန်းမှူးက သူ့ကို သွားတဖြဲဖြဲဖြင့် ဖားနေခြင်းဖြစ်ကြောင်းလည်း ဗေဒါ သဘောပေါက်လိုက်သည်။
သို့သော် ထောက်လှမ်းရေးက အချိုပြန်သတ်လာခြင်းက ဗေဒါအတွက် စိုးရိမ်စရာဖြစ်လာ၏။
ဗိုလ်ကြီးကျော်သူရ ပြန်သွာပြီးသည့်နောက် ဗေဒါက ချက်ချင်းပင် မစ္စတာလုကို ဖုန်းခေါ်ကာ အခြေအနေကို တင်ပြလိုက်တော့သည်။
မစ္စတာလုကလည်း သတိအနေအထားဖြင့် အလိုက်အထိုက်ဆက်ဆံရန်နှင့် အောင်မြင့်ဦီးကိစ္စ အမြန်ရှင်းရန် သာ မှာကြား၏။
မကြာမီ သရဲကြီးထံမှ ဖုန်းဝင်လာ၏။
“အောင်မြင့်ဦး ပုန်းနေတဲ့ ဘောက်ထော်က အိမ်ကို သိရပြီ..ဗေဒါ”
ခက်ဇော်
အခန်း ၂၆ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>