BREAKING
January 22, 2025

ကျွန်းစုတွင် လေပြင်းကြောင့် နေအိမ်ငါးလုံးပျက်စီး

March 21, 2022

အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်သဖြင့် ကျွန်းစုမြို့နယ်၊ သဲချောင်း ကျေးရွာအုပ်စု၊ ဝဲကျွန်းကျေးရွာတွင် နေအိမ်ငါးလုံးပျက်စီးကြောင်း မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနထံက သိရသည်။

လူနေအိမ် ငါးလုံးမှာ အမိုးအကာပျက်စီးခြင်း၊ နေအိမ်အနောက်ခန်းပြိုကျခြင်း၊ ဝရန်တာပြိုကျခြင်း စသဖြင့် နေအိမ် တစ်စိတ်တစ်ပိုင်းပြိုကျခြင်းများရှိကြောင်း အထက်ပါဌာနမှ ခရိုင်ဦးစီးမှူးက ပြောသည်။

ယင်းဖြစ်ရပ်တွင် လူနှင့် တိရစ္ဆာန်ထိခိုက်မှု မရှိသေးကြောင်း ၎င်းက ဆိုသည်။

နေအိမ်ပျက်စီးသဖြင့် ယင်းနေအိမ်တွင် နေထိုင်သူများကို မည်သည့်နေရာ ပြောင်းရွှေ့ထားသည်ကိုမူ မြို့နယ်အဆင့်က ပေးပို့သည့် သတင်းတွင် မပါသေးသဖြင့် မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။

မြိတ်ခရိုင်ကျွန်းစုမြို့နယ်အပါအဝင် ပင်လယ်ကမ်းရိုးတန်းဒေသနှင့် နီးသည့် ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း ကျွန်းစုမြို့နယ်မှ ဒေသခံအချို့က ပြောသည်။

မောင်းမကန်ပင်လယ်ကမ်းခြေတွင်မူ ရေအနည်းငယ်တက်လာသည်မှလွဲ၍ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများမရှိကြောင်း မောင်းမကန်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

လက်ရှိဖြစ်နေသည့် အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တပြက် ရေကြီးခြင်း၊ ကုန်းမြင့် တောင်တန်းဒေသများတွင် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ သတိပေးထားသည်။

ယင်းအပြင် တနင်္သာရီတိုင်းတွင် မတ်လကုန်အထိ မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

မုန်တိုင်းငယ်ကြောင့် ရေဘေး၊ လေပြင်းဘေး၊ မြေပြိုဘေး စသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ် သက်ပြီး ဆောင်ရန်၊ ဆောင်ရန်များပါဝင်သည့် လက်ကမ်းစာစောင်များကို မြိတ်ခရိုင် ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အလိုက် လိုက်လံဖြန့်ဝေလျှက်ရှိကြောင်း ယင်းဌာနမှ ဦးစီးမှူးက ဆိုသည်။