BREAKING
February 22, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

February 21, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ

ကနေဒါမှာ လေယာဉ်ဆင်းစဉ် တိမ်းမှောက်

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ Pearson လေဆိပ်မှာ ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေ့လယ်က အမေရိကန်Delta လေကြောင်းပိုင် လေယာဉ်တစ်စီး အဆင်းမှာ ပက်လက်လှန် တိမ်းမှောက်ခဲ့ပါတယ်။

လေယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် သေဆုံးသူ မရှိခဲ့ပါဘူး။

လေယာဉ်ဟာ အမေရိကန်နိုင်ငံ မင်နီယာပိုလစ်မြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး ခရီးသည် ၇၆ဦးနဲ့ လေယာဉ်အမှုထမ်း ၄ ဦးတို့ လိုက်ပါလာတာပါ။

လေယာဉ်ဆင်းသက်ချိန်မှာ လေပြင်းတိုက်ခတ်မှုက တစ်နာရီကို ၆၅ ကီလိုမီတာအထိ တိုက်ခတ်နေတာဖြစ်ပါတယ်။

လေယာဉ်မှူးနဲ့ လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကြားမှာ ပုံမှန်အတိုင်း ဆက်သွယ်ဆောင်ရွက်ခဲ့ပေမဲ့ ဘာကြောင့် တိမ်းမှောက်ခဲ့တာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေကိုတော့ တစ်ဦးလျှင် ဒေါ်လာ ၃၀၀၀၀ စီ ပေးသွားမယ်လို့လေကြောင်းလိုင်းဘက်က ထုတ်ပြန်ထားပါတယ်။

Ref: The Guardian

………………………………..

အိန္ဒိယဘူတာရုံမှာ လူအုပ်ပြိုလို့ အနည်းဆုံး ၁၈ ဦး သေဆုံး

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက ရထားဘူတာရုံတစ်ခုမှာ လူအုပ်ပြိုလို့ သေဆုံးသူ ၁၈ ဦးထက်မနည်း ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်ဖြစ်တဲ့ ဟိန္ဒူဘာသာရေးပွဲတော်ကို ရထားနဲ့ သွားမယ့်သူတွေ များလွန်းပြီး တိုးဝှေ့ရာကနေ လူအုပ်ပိခဲ့တာပါ။

လူတွေက ပွဲတော်ကို သွားဖို့ ရထားမီအောင် အတင်းတိုးဝှေ့ရာကနေ လူအုပ်ပိပြီး တက်နင်းမိတာတွေ ဖြစ်ကုန်ကြပါတယ်။

သေဆုံးသူအများစုက ပြင်ပထိခိုက် ဒဏ်ရာတွေကြောင့် မဟုတ်ပဲ အောက်ဆီဂျင်ပြတ်ပြီးသေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်။

၁၂ နှစ်မှ တစ်ကြိမ်ပဲ ကျင်းပတဲ့ Kumbh Mela ဟိန္ဒူဘာသာရေးပွဲတော်ကို လူတွေ သန်းနဲ့ချီသွားရောက်လေ့ရှိပါတယ်။

Ref: AP

………………………………..

ဥရောပနဲ့ ဆက်ဆံရေးမြှင့်ဖို့ တရုတ် ကြိုးပမ်း

ဒေါ်နယ်ထရမ့် အစိုးရတက်လာကတည်းက အမေရိကန်နဲ့ ဥရောပနိုင်ငံများကြား ဆက်ဆံရေးတင်းမာလာနေချိန်မှာ တရုတ်က ဥရောပနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးစားနေပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒ အကြီးအကဲကာဂျာ ကာလက်စ်၊ ဂျာမနီ ဝန်ကြီးချုပ် အိုလဖ် စကိုဇ်နဲ့ မြောက်အတ္တလန်တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) အတွင်းရေးမှူးချုပ် မာက်ရူသာတို့နဲ့ တွေ့ဆုံခဲ့တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက မျူးနစ်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲအတွက် ဂျာမနီကို ရောက်ရှိနေတဲ့အချိန် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

တရုတ်နဲ့ ဥရောပနိုင်ငံတွေကြားမှာ အကျိုးစီးပွား ဒါမှမဟုတ် ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုတွေ အခြေခံအားဖြင့် မရှိပါဘူးလို့ တရုတ်ဘက်က ဆိုပါတယ်။

ကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ဥတုရာသီ အပြောင်းအလဲလို ကဏ္ဍတွေမှာ ဆက်လက် ဆွေးနွေးပူးပေါင်းဆောင်ရွက်ပါမယ်လို့ အီးယူဘက်ကလည်း ဆိုပါတယ်။

ကမ္ဘာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အလုံးစုံ အားထုတ်ကြိုးပမ်းမှုတွေကို ပူးပေါင်းပါဝင်လိုတယ်လို့ တရုတ်ကနေ ဂျာမနီဝန်ကြီးချုပ်ကိုလည်း ပြောကြားခဲ့ပါတယ်။

Ref: Reuters

………………………………..

ကျန်းမာရေးကြောင့် ပုပ်ရဟန်းမင်းကြီး ဘာသာရေးပွဲတက် ရပ်နား

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတင်ကုသနေရတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က လက်ရှိအချိန် ဘာသာရေး အခမ်းအနားတွေကို တက်ရောက်တာတွေ ရပ်နားထားပါတယ်။

သက်တော် ၈၈ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ အသက်ရှုလမ်းကြောင်းမှာ ပိုးဝင်တဲ့ဝေဒနာခံစားနေရလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကတည်းက ဆေးရုံတင်ထားရတာပါ။

ဒါကြောင့် အများပြည်သူနဲ့ တွေ့ဆုံမယ့် အစီအစဉ်တွေကို ဖျက်လိုက်တယ်လို့ ဗာတီကန်ကျောင်းတော်က ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပမယ့် အခမ်းအနားကိုတော့ ပုပ်ရဟန်းမင်းကြီးအစား ဗာတီကန်ကျောင်းတော်က အကြီးတန်းတာဝန်ရှိသူတစ်ဦးက ဦးဆောင်ကျင်းပမှာ ဖြစ်ပါတယ်။

Ref: Daily Mail

………………………………..

ဓါးစားခံ လေးဦးရဲ့ အလောင်းကို ဟားမတ်စ်က အစ္စရေးကို ပြန်လွှဲ

ဖမ်းဆီးထားစဥ်သေဆုံးသွားတဲ့ အစ္စရေးဓားစာခံ လေးဦးရဲ့ရုပ်အလောင်းကို ဟားမတ်စ်အဖွဲ့ကအစ္စရေးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြန်လွှဲလိုက်ပါတယ်။

ဂါဇာတောင်ပိုင်းက ခန်းယွန်းနစ်မြို့မှာ အလောင်းတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ထဲလွှဲပြောင်းခဲ့တာပါ။

သေဆုံးတဲ့ ဓားစာခံတွေဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတာဖြစ်တယ်လို့ လွှဲပြောင်းပေးတဲ့ စာတမ်းမှာ ရေးသားထားပါတယ်။

ရုပ်အလောင်းတွေကို အစ္စရေးစစ်တပ်က လွှဲပြောင်း ရယူပြီးတဲ့နောက် တယ်အဗစ်မြို့က ရုပ်ခန္ဓာစစ်ဆေးတဲ့ဌာနမှာ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို စစ်ဆေးခဲ့ပါတယ်။

သေဆုံးသူတွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီးအသက် ၉ လအရွယ်၊ လေးနှစ်အရွယ်နဲ့ မိခင်ဖြစ်သူတို့ဖြစ်ကြပါတယ်။

Ref: CNN

………………………………..

ယူကရိန်းသမ္မတနဲ့ အမေရိကန်သံတမန် တွေ့ဆုံ

အမေရိကန် သံတမန် ကိတ်ကယ်လွတ်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က မြို့တော် ကိရက်ဗ်မြို့မှာ တွေ့ဆုံ ဆွေးနွေးကြပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆော်ဒီအာရေဗျနိုင်ငံမှာ အမေရိကန်နဲ့ ရုရှား ထိပ်တန်းကိုယ်စားလှယ်တွေ ကနဦး သီးခြားဆွေးနွေးခဲ့တာပါ။

ဒါကြောင့် ယူကရိန်းအရာရှိတွေ ဒေါသထွက်နေချိန်မှာပဲ ယူကရိန်းရဲ့ သဘောထားကို နားထောင်ဖို့ လာရောက်တာဖြစ်တယ်လို့ အမေရိကန်ဘက်က ဆိုပါတယ်။

ထရမ့်က ယူကရိန်းသမ္မတ ဇလန်းစကီးကို အာဏာရှင်လို့ ခေါ်ခဲ့တဲ့အထိ အခြေအနေအနည်းငယ် တင်းမာနေကြပါတယ်။

နှစ်ဦး တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ မျှော်လင့်ထားပေမယ့် အမေရိကန်ဘက်ကဖျက်သိမ်းခဲ့ပါတယ်။

Ref: BBC

………………………………..

တရားမဝင် ဝင်လာတဲ့ ရွှေ့ပြောင်းတွေကို အမေရိကန်က ပနားမား တောထဲပို့

အမေရိကန်နိုင်ငံကနေ ပနားမားနိုင်ငံသို့ ပို့ဆောင်လိုက်တဲ့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ ၁၀၀ နီးပါးကို ဒါရီယန်တောတွင်းရှိ စခန်းသို့ ရွှေ့ပြောင်းလိုက်ပါတယ်။

ရွှေ့ပြောင်းခံရသူတွေက နောက်ထပ်နိုင်ငံတစ်နိုင်ငံကို ပြောင်းရွှေ့နိုင်တဲ့အထိ အဲဒီစခန်းမှာနေထိုင်ရမှာပါ။

အမေရိကန်ထဲ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူများကို လက်ခံဖို့ ပနားမား၊ ကော်စတာရီကာ၊ ဂွါတီမာလာ နိုင်ငံတို့က သဘောတူထားကြပါတယ်။

သူတို့ကို လက်ခံမဲ့ နိုင်ငံများဆီ ပြန်လည်မပို့ဆောင်နိုင်သေးတဲ့ အချိန်အထိ သက်ဆိုင်ရာနေရာတွေမှာ နေရာချထားနေတာ ဖြစ်ပါတယ်။

အမေရိကန်မှာ ဒေါ်နယ်ထရမ့်အစိုးရ တက်လာပြီးနောက်ပိုင်း တရားမဝင် ဝင်ရောက်လာသူတွေကို ဖမ်းဆီးမှု အရှိန်တိုးမြှင့်ခဲ့သလို မူရင်းနိုင်ငံပြန်ပို့မှုတွေပါ ရှိလာတာဖြစ်ပါတယ်။

Ref: Reuters

………………………………..

တောင်ကိုးရီးယား ကလေးသရုပ်ဆောင်မင်းသမီး ကင်ဆေးရွန် သေဆုံး

တောင်ကိုးရီးယားနိုင်ငံမှာ ကလေးသရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး နာမည်ကြီးလာတဲ့ မင်းသမီး ကင်ဆေးရွန်ဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဆိုးလ်မြို့ ဆွန်ဒုန်ဂူခရိုင်ရှိ သူ့နေအိမ်မှာ သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။

သူ သေဆုံးချိန်မှာ အသက် ၂၄ နှစ်ပဲရှိပါသေးတယ်။

သူနဲ့တွေ့ဆုံဖို့ စီစဉ်ထားတဲ့ သူငယ်ချင်းတစ်ဦးက သူ့ရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့တာပါ။

လက်ရှိမှာတော့ သေဆုံးရခြင်းအကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပါတယ်။

ကင်ဆေးရွန်ဟာ ၂၀၂၂ ခုနှစ် မေလမှာ အရက်မူးပြီး ကားမောင်းကာ ထရန်စဖော်မာကို တိုက်မိခဲ့တာကြောင့် ဒဏ်ကြေးဆောင်ခဲ့ရတဲ့ ပြဿနာဖြစ်ခဲ့ပါတယ်။

အဲ့ဒီအချိန်တည်းက လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ မရပ်မနား ဝေဖန်တိုက်ခိုက်ပြောဆိုမှုကို ခံခဲ့ရပြီး အနုပညာအလုပ်တွေကိုပါ ရပ်နားထားရတာပါ။

နောက်တော့ သူ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေခဲ့ပြီး အနုပညာလောကထဲ ပြန်လာဖို့ စီစဉ်ထားပေမယ့်လဲ သေဆုံးသွားခဲ့ပါတယ်။

သူမသေဆုံးပြီးနောက်ပိုင်း တောင်ကိုးရီးယားနိုင်ငံက ဝေဖန်သူတွေကြား ရင်ဆိုင်နေရတဲ့နာမည်ကြီးအနုပညာရှင်တွေအတွက် ပိုမိုစိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

Ref: AP

………………………………..