ထားဝယ်မြို့နယ် ရေး-ထားဝယ် ကားလမ်းအရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ စခန်းနေရာတစ်ခုကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖေဖော်ဝါရီလ ၁၉ရက်တွင် မီးရှို့ဖျက်ဆီးပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းယူသွား ကြောင်း အဆိုပါတပ်ဖွဲ့ မှ ရဲဘော်အချို့က ပြောသည်။
ဖေဖော်ဝါရီလ ၁၇ ရက်တွင် စစ်ကြောင်းဝင်လာသည်ကို သတင်းကြိုရသဖြင့် နေရာရွှေ့ပြောင်းထားသောကြောင့် တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း အဆိုပါတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
သို့သော် စခန်းတွင်ထားခဲ့သည့် လက်နက်အချို့နှင့် မိုင်းရှာစက်တစ်လုံးတို့ကို စစ်ကောင်စီတပ်က သိမ်းဆည်းသွားကြောင်း ၎င်းက ပြောဆိုသည် ။
“လက်လုပ် လက်နက်ကြီးတွေဆိုတော့ စခန်းမှာပဲ ထားခဲ့လိုက်တာ။ အဲဒီလက်နက်ကြီးလေးခု၊ မိုင်းရှာစက်တစ်လုံးနဲ့ ဗုံးသီး ၁၀ လုံး သူတို့ (စစ်ကောင်စီ) သိမ်းသွားတယ်။ ရဲဘော်တွေကတော့ အားလုံးဘေးကင်းပါတယ်” ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၂၁ရက် နေ့လယ်ပိုင်းကစ၍ ပြန်လည်ထွက်ခွာနေပြီဖြစ်သော်လည်း စစ်ကောင်စီ ကင်းပုန်းအချို့ ကျန်ရှိနေနိုင်သေးသဖြင့် ရပ်ရွာအတွင်းသို့ ဒေသခံများ ပြန်ဝင်မရဲကြသေးကြောင်း ဒေသခံများက ဆိုသည်။
စစ်ကြောင်းထိုးလာစဥ် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ရေး-ထားဝယ် ကားလမ်းအရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ရေဖြူမြို့နယ်ဘက်မှ ဖေဖော်ဝါရီလ ၁၇ ရက်ကစ၍ အင်အားနှစ်ရာခန့်ဖြင့် စစ်ကြောင်းထိုးနေသဖြင့် ကျေးရွာငါးရွာထက်မနည်းမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။