ရေဖြူမြို့နယ် ထားဝယ်မြစ်အနောက်ခြမ်းရှိ ကျခတ္တပင်အင်းကျေးရွာတွင် ဖေဖော်ဝါရီလ ၂၀ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ကာ အမျိုးသမီးကြီးတစ်ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။
ညနေ ၅နာရီခန့်တွင် ကျောက်ကညာရွာအခြေစိုက် အမြောက်တပ်ရင်း အမတ ၃၀၄ က ပစ်ခတ်သည့် လက်နက်ကြီးကျည် သုံးလုံးအနက် တစ်လုံးမှာ ကျခတ္တပင်အင်းရွာစာသင်ကျောင်းအနီးတွင် ကျရောက်ပေါက်ကွဲပြီး ကျန်နှစ်လုံးမှာ ကဏန်းတောင်အနီးတဝိုက်တွင် ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။
စာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးကျည်စ ထိမှန်ကာ အသက် ၅၀အရွယ် ဒေါ်ခင်ဝင်း သေဆုံးကြောင်း ဒေသခံများက ပြောဆိုသည်။
နေအိမ်တွင် ရေချိုးရန်ပြင်ဆင်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး မျက်နှာနှင့် ဆီးအိမ်တို့ကို ကျည်စထိသဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ရေချိုးဖို့လုပ်နေတုန်း လာကျတာ။ ထဘီ ရင်ရှားနဲ့ပဲရှိသေးတယ်။ ကျတဲ့နေရာနဲ့က သူနဲ့ တစ်လံလောက်ပဲရှိတယ်” ဟု ၎င်းက ပြောသည်။
ဒေါ်ခင်ဝင်း၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ ၂၁ရက် မွန်းလွဲပိုင်းတွင် ကျခတ္တာပင်အင်းသုသာန်၌ သင်္ဂြိုဟ်ကြောင်း ဒေသခံများထံမှ သိရသည်။
အမတ ၃၀၄ သည် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အနီးဝန်းကျင်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ရေဖြူဒေသခံများက ပြောဆိုသည်။
“မနေ့ကဆိုရင် ညနေပိုင်းတစ်ခါ၊ ညကိုးနာရီလောက်မှာ တစ်ခါ လက်နက်ကြီးနဲ့ပစ်တာ။ ဒီလိုပစ်နေတာ အခုဆိုရင် သုံးရက်လောက်ရှိနေပြီ” ဟု ရေဖြူ ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ရက်ကလည်း အမတ ၃၀၄ က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ရေဖြူမြို့နယ် နတ်တွင်းရွာတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဥယျာဉ်ခြံတဲတစ်ဆောင် ပျက်စီးခဲ့သည်။