တနင်္သာရီတိုင်းရှိ မြို့နယ် ခုနစ်မြို့နယ်မှ ယာယီနေရပ်စွန့်ခွာလာသူ တစ်သောင်းကျော် (၁၁,၀၄၃ ဦး) ကို ငွေကြေး ထောက်ပံ့ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
သဘာဝဘေးရန်ပုံငွေမှ တစ်ဦးလျှင် တစ်လအတွက် ကျပ်နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်က ထုတ်ပြန်ထားသည်။
ထားဝယ်ခရိုင် ၆၃၅၅ ဦး၊ မြိတ်ခရိုင်မှ ၄၂၈၉ ဦး၊ ကော့သောင်းခရိုင်မှ ၃၆၅ ဦး၊ ဘုတ်ပြင်းခရိုင် ၃၄ ဦးတို့အတွက် စုစုပေါင်း ငွေကျပ်သန်း ၂၂၀ ကျော်အား ထောက်ပံ့ပေးခဲ့သည်ဟုဆိုသည်။ ဘုတ်ပြင်းမြို့နယ်ကို ခရိုင်အဖြစ် စစ်ကောင်စီက သတ်မှတ် ကြေညာထားသည်။
နေရပ်စွန့်ခွာလာရသူများကို တစ်ဦးလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ လစဉ်ထောက်ပံ့မည် ဖြစ်ကြောင်း ဆိုသည်။
ထားဝယ်မြို့ပေါ်တွင် စစ်ဘေးရှောင်နေရသူ လေးဦးအား Dawei Watch က ဆက်သွယ်မေးမြန်းရာတွင်မူ စစ်ကောင်စီက ငွေကြေးထောက်ပံ့သည်ကို မရသည့်အပြင် ကြားသိရခြင်းမရှိကြောင်း ပြောဆိုကြသည်။
“သူတို့ ဘယ်သူတွေကို ပေးမှန်းလည်းမသိဘူး။ ကျွန်မတို့ကတော့ သိလည်း ယူဖြစ်မှာ မဟုတ်ဘူး။ ပိုက်ဆံနှစ်သောင်းနဲ့ ဘာမှလုပ်လို့မရဘဲ နာမည်အပျက်မခံနိုင်ဘူး” ဟု မြို့ပေါ်ရှိ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
တော်လှန်ရေးအင်အားစုအချို့ကမူ စစ်ကောင်စီအနေဖြင့် စစ်ဘေးရှောင်များကို ငွေကြေးထောက်ပံ့ပေးသည်မှာ အနုနည်းဖြင့် စည်းရုံးသိမ်းသွင်းခြင်းဖြစ်သောကြောင့် ယင်းကိစ္စအပေါ် တော်လှန်ရေးအင်အားစုများအနေဖြင့် ပေါ့ပေါ့ဆဆ မနေသင့်ကြောင်း ဆိုသည်။
“သူတို့က ပွဲလန့်တုန်းဖျာဝင်ခင်းပြီး သူတော်ကောင်း ယောင်ဆောင်ပြနေတာ။ ဒါကို ကျွန်တော်တို့ဘက်က (တော်လှန်ရေး အင်အားစုများ) လူတွေ ပေါ့ပေါ့ဆဆ တွေးလို့မဖြစ်ဘူး။ လက်နက်ကိုင် (တော်လှန်ရေးသမား) တွေ ပြည်သူကို အခုထက်ပိုပြီး လေးလေးစားစားဆက်ဆံဖို့လိုလာပြီ။ အဲဒီလိုမှ မဟုတ်ရင် ပြည်သူတွေ (စစ်ကောင်စီ) သူတို့စည်းရုံးတဲ့ နောက်ပါသွားနိုင်တယ်” ဟု လောင်းလုံးမြို့နယ်မှ နိုင်ရေးလေ့လာသူတစ်ဦးက ပြောသည်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးကမူ စစ်ကောင်စီသည် စစ်ဘေးရှောင် များကို စေတနာရှိသောကြောင့် ထောက်ပံ့ခြင်းမဖြစ်နိုင်ဘဲ ၎င်းတို့ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက် စည်းရုံခြင်းသာဖြစ်နိုင်ကြောင်း ပြောဆိုသည်။
“ကျွန်တော်တို့အမြင်က သူတို့ရွေးကောက်ပွဲလုပ်မှာ။ အဲဒီရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့အနေနဲ့ ပေးတာပဲ။ ပိုက်ဆံနှစ်သောင်းဆိုတာက တစ်ရက်စာ(အသုံးစရိတ်)တောင်ရမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
ထောက်ပံ့ငွေပေးခြင်းနှင် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် တော်လှန်ရေးလက်နက်ကိုင် အင်အားစုများကြောင့် ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးလာသည်ဟု ပုံဖော်ရေးသားကာ ထုတ်ပြန်ထားခြင်းဖြစ်သည်။
သို့သော် စစ်ကောင်စီတပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးမှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် နေအိမ်မီးလောင်ပြာကျ ပျက်စီးဆုံးရှုံးမှုများ၊ စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုများ၊ အရပ်သားပြည်သူများ ထွက်ပြေးတိမ်ရှောင်ရမှု စသည်တို့ကိုမှု ဖော်ပြခြင်းမရှိပေ။