BREAKING
February 22, 2025

လောင်းလုံးတွင် ရပ်ကျေးစာရေးဟောင်းတစ်ဦးကို လောင်းလုံး ပကဖ ဖမ်းဆီး

February 21, 2025

လောင်းလုံးမြို့နယ် သဝင်ကျေးရွာအုပ်ချုပ်ရေး စာရေးဟောင်းဖြစ်သူ အမျိုးသားတစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း ဒေသခံများနှင့် လောင်းလုံးမြို့နယ် ပကဖတို့ထံမှ သိရသည်။

အဖမ်းခံရသူမှာ သဝင်ကျေးရွာဇာတိ အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ဦးအောင်ဌေးဖြစ်ပြီး သကျက်တောကျေးရွာရှိ ၎င်းသမီးဖြစ်သူ၏ အိမ်သစ် တက်ပွဲသို့ လာရောက်စဉ် ဖေဖော်ဝါရီလ ၁၄ရက်က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ သဝင်နှင့် သကျက်တောကျေးရွာတို့မှာ ရွာနီးစပ်များဖြစ်သည်။

ဦးအောင်ဌေးသည် အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးစတို့တွင် သဗြေရှောင်ကျေးရွာအုပ်စု၊ သဝင်ကျေးရွာ ရပ်ကျေး စာရေး တာဝန်ထမ်းဆောင်ပြီး နောက်ပိုင်းတွင် ထားဝယ်မြို့ပေါ်သို့ တိမ်းရှောင်နေသူဖြစ်ကြောင်း ဒေသခံက ဆိုသည်။

“သူ့သမီး အိမ်သစ်တက်ပွဲကို တက်ရောက်လာတဲ့အချိန်မှ အဖမ်းခံရတယ်။ ထမင်းစားပြီးချိန်ပေါ့။ ကားနဲ့ လာခေါ်သွား တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးအောင်ဌေးသည် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားတွင် ပူးပေါင်းဆောင်ရွက် နေသောကြောင့် စာထုတ်၍ သတိပေးခဲ့ဖူးကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ယင်းနောက် အလုပ်ထွက်ကာ ထားဝယ်မြို့ တွင် တိမ်းရှောင်နေပြီး ၂၀၂၃ ခုနှစ် နှစ်အစပိုင်းတွင် လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်လည်ပူးပေါင်း၍ ရွေးကောက်ပွဲကိစ္စရပ်များတွင် ကူညီဆောင်ရွက်နေသည်ကို စုံစမ်းသိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပကဖ ၏ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးက ပြောသည်။

“အသေးစိတ်တော့ ပြောလို့မရသေးဘူး။ ကျွန်တော်တို့ စစ်ဆေးနေတုန်းပဲ ရှိသေးတယ်။ အဓိက သူရဲ့ဖုန်းပေါ့နော်၊ အချက်အလက်တွေ ဖျက်ထားတော့ ကျွန်တော်တို့ ပြန်ဖော်ပြီး စစ်ဆေးနေတုန်းပဲရှိသေးတယ်” ဟု ၎င်းက ဆိုသည်။

ယခုလက်ရှိ ဦးအောင်ဌေးကို စစ်ဆေးနေပြီး ပြစ်မှုတစ်စုံတစ်ရာ ပေါ်ပေါက်ခြင်းမရှိပါက ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပကဖထံမှ သိရသည်။

အထက်ပါဖြစ်ရပ်နှင့်ပတ်သက်၍ ဦးအောင်ဌေး၏ မိသားစုဝင်များကို Dawei Watch က အဆက်အသွယ် ရရှိရန် ကြိုးပမ်းနေဆဲဖြစ်သည်။