BREAKING
February 22, 2025

တနင်္သာရီ ခမရ ၅၅၈ က စစ်မှုထမ်းသင်တန်းဆင်း ခုနစ်ဦး ဒေါနတပ်ရင်းထံ ဘက်ပြောင်းခိုလှုံ

February 21, 2025

ဓာတ်ပုံ - ဒေါနတပ်ရင်း။

တနင်္သာရီမြို့နယ်၊ ကမ္မလိုင်ရွာအခြေစိုက် အမှတ် ၅၅၈ စစ်ကောင်စီခြေမြန်တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်းခုနစ်ဦး ဖေဖော်ဝါရီလ ၁၉ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်းထံ ဘက်ပြောင်းခိုလှုံကြောင်း အဆိုပါတပ်ရင်း ထံမှ သိရသည်။

ဘက်ပြောင်းခိုလှုံလာသည့် တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားခြောက်ဦး စုစုပေါင်း ခုနစ်ဦးတွင် သေနတ် ခုနစ်လက်၊ ကျည်ဘောက် ၂၆ခု၊ ကျည်ဆန်အတောင့် ရှစ်ရာကျော်၊ လက်နက်ကြီးကျည် ၁၄လုံး ၊ လက်ပစ်ဗုံး ငါးလုံးနှင့် နင်းမိုင်း နှစ်လုံး တို့ ယူဆောင်လာခဲ့ကြောင်း ဒေါနတပ်ရင်းက ဖေဖော်ဝါရီလ ၂ဝရက်တွင် မှတ်တမ်းဓာတ်ပုံများဖြင့် ထုတ်ပြန်ထားသည်။

လက်နက်များဖြင့် ဘက်ပြောင်းခိုလှုံလာသဖြင့် ဆုငွေများချီးမြှင့်ထားပြီး လက်ရှိတွင် တပ်ရင်း၌ စောင့်ရှောက်ထားကာ တော်လှန်ရေးတွင် ပြန်လည်ပါဝင်ရန် ဆန္ဒရှိမရှိကို သိရှိနိုင်ရန် ၎င်းတို့ဆန္ဒကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း ဒေါနတပ်ရင်း ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ပြောသည် ။

အဆိုပါခုနစ်ဦးသည် မွန်ပြည်နယ်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းမှ ဒေသခံများဖြစ်ကာ အဓမ္မစစ်သားစုဆောင်းခံရပြီး တိုင်းနှင့် ပြည်နယ်အလိုက် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းများတွင် စစ်မှုထမ်းသင်တန်းတက်ခဲ့ရသည့် အပတ်စဥ် ၅ နှင့် ၆ သင်တန်းဆင်းများဖြစ်ကြောင်း ဒေါနတပ်ရင်းထံမှ သိရသည်။

“သူတို့တွေက စစ်မှုထမ်း စာရင်းထဲတောင် မပါသေးဘဲနဲ့ အဓမ္မစစ်သားစုဆောင်းခံရသူတွေပါ။ အဖမ်းခံရတာကလည်း ညနက်သန်းခေါင်သွားလာနေလို့မဟုတ်ဘဲ အလုပ်သွား အလုပ်ပြန်အချိန် ည ၇ နာရီနဲ့ ၈နာရီ အကြား လမ်းမှာသွားရင်းနဲ့ အဖမ်းခံရပြီး စစ်သားစုဆောင်းခံကြရတာပါ” ဟု ကာယကံရှင်များ၏ ပြောပြချက်ကို ကိုးကား၍ ရဲဘော်ဝေကြီးက ပြောဆိုသည်။

ခမရ ၅၅၈ တပ်ရင်းသည် ဘုတ်ပြင်းအခြေစိုက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိ တပ်ဖြစ်ပြီး မွန်နှင့် ကရင်ပြည်နယ် နယ်စပ် ကြာအင်းဆိပ်ကြီးမြို့နယ်သို့ စစ်ဆင်ရေးသွားရောက်လေ့ရှိသည့် တပ်ဖြစ်သည် ။

ယခုထွက်ပြေးလာသည့် ခုနစ်ဦးလည်း သံဖြူဇရပ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကြားတစ်နေရာတွင် လမ်းကင်း တာဝန်ကျ နေစဥ် တပ်ကြပ်ကြီးဖြစ်သူက ဦးဆောင်၍ လက်နက်နှင့်အတူ ထွက်ပြေးလာခဲ့ပြီး ဒေါနတပ်ရင်းထံ ခိုလှုံလာခြင်းဖြစ်ကြောင်း ရဲဘော်ဝေကြီးက ပြောသည်။

၂၀၂၄ ခုနှစ် မတ်လကလည်း ခမရ ၅၅၈ တပ်ရင်း၏ ကြာအင်းဆိပ်ကြီးအခြေစိုက် ရှေ့တန်းစခန်းမှ တပ်ရင်းမှူး အပါအဝင် တပ်သား ၅ဝ ဝန်းကျင် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသဖြင့် ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့သည့်ဖြစ်စဥ်လည်းရှိခဲ့ဖူးသည် ။

ဒေါနတပ်ရင်းထံ စစ်ကောင်စီဘက်မှ ဘက်ပြောင်းခိုလှုံလာပြီး တပ်ရင်းတွင် တော်လှန်ရေးတာဝန် ပြန်လည်ထမ်းဆောင်နေသည့် ရဲဘော် ၁၈ဦးရှိကြောင်း ဒေါနတပ်ရင်းထံမှ သိရသည်။