ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ စျေး၊ လူနေအိမ်များ ပျက်စီးကြောင်း ရက္ခိုင့်တပ်တော် AA က ဓာတ်ပုံမှတ်တမ်းများဖြင့် တကွ ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရမ်းဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကဲ့သို့သော ဗုံးများဖြင့် လာရောက် ကြဲချခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါဖျက်အားပြင်းသည့် ဗုံးသည် ယခင်ရက်များ ကြဲချသည့် ဗုံးများနှင့်အတူဘဲ အသံပိုကျယ်လောင်ခြင်း၊ ပေါက်ကွဲအား ပိုပြင်းထန်ခြင်း၊ ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များ ပေ တစ်ရာကျော်အထိ မြင့်တက်ခြင်းများ ရှိခဲ့ကြောင်း AA က ရုပ်သံမှတ်တမ်းဖြင့် တကွ ထုတ်ပြန်ထားသည်။
ယင်းအပြင် ဖျက်အားပြင်း ဗုံးများဖြင့် ရမ်းဗြဲမြို့မဈေးနှင့် မြို့မဆေးရုံအနီးဝန်းကျင်များသို့လည်း နှစ်ကြိမ် လာရောက် ကြဲချခဲ့ကြောင်း ဖော်ပြသည်။












ယင်းသို့ တိုက်ခိုက်မှုကြောင့် မြို့မဆေးရုံတစ်ခုလုံးနှင့် မြို့မဈေး အပါအဝင် ပြည်သူ့နေအိမ်အချို့ ပျက်စီးဆုံးရှုံးသွားကြောင်း ဓာတ်ပုံမှတ်တမ်းများဖြင့် တကွ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ထုတ်ပြန်သည်။
ရမ်းဗြဲမြို့ရှိ စစ်ကောင်စီတပ်ကို AA က ဒီဇင်ဘာလ ၁၈ ရက်တွင် စတင်တိုက်ခိုက်ရာမှာ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ပြည်သူများ တိမ်းရှောင်နေကြရသည်။ တိုက်ပွဲကာလတွင် စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း AA ၏ ထုတ်ပြန်ချက်များအရ သိရသည်။