မြိတ်မြို့ ကန်ကြီးရပ်ရှိ နေအိမ်တစ်ဆောင်တွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က သေဆုံးသည့် အမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း နာရေးကူညီမှုအသင်းအသိုင်းအဝိုင်းထံမှ သိရသည်။
အဆိုပါ အသက် ၇၀ နှစ်ကျော်ရှိ အမျိုးသမီးသည် ရုတ်တရက်သေဆုံးပြီးနောက် ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးရာ ပိုးတွေ့ရှိသဖြင့် နေ့ချင်းပင် မီးသင်္ဂြိုဟ်လိုက်ကြောင်း အဆိုပါအသိုင်းအဝိုင်းထံမှ သိရသည်။
လက်ရှိတွင် ကိုဗစ်ပိုးတွေ့ရှိသူ၏ နေအိမ်အား lock down ချထားကြောင်း သေဆုံးသူမိသားစုနှင့် နီးစပ်သူ တစ်ဦးကပြောသည်။
မြိတ်တွင် နေ့စဉ်နီးပါး ကိုဗစ်ပိုးတွေ့ရှိနေပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ပိုးတွေ့သူ ၃၁ ဦး၊ ၁၈ ရက်နေ့တွင် ၁၈ ဦး၊ ၁၇ ရက်နေ့တွင် ၁၅ ဦး၊ ၁၆ ရက်နေ့တွင် ရှစ် ဦးတို့ရှိကြကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကိုဗစ်ပိုးကူးစက်မှုများနေသဖြင့် ဈေးများ၊ စားသောက်ဆိုင်၊ ဈေးဆိုင်များ၊ ကျောင်းများ၊ ရုံး၊ ဌာနများ၊ အလှူမင်္ဂလာပွဲများ၊ သာရေးနာရေးပွဲတို့တွင် ကိုဗစ် စည်းကမ်းချက်များကို အထူးဂရုပြု လိုက်နာကြရန်နှင့် တတ်နိုင်သရွေ့လူစုလူဝေး ရှောင်ရှားကြရန် အဆိုပါဌာနက တိုက်တွန်းနိုးဆော် ထားသည်။