ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်အတွင်းရှိ အုန်းပင်ကွင်းနှင့် သဲချောင်းကျေးရွာတို့ကြားရှိလမ်းများကို ဇန်နဝါရီလ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် မောရဝတီရေတပ်စခန်းဌာနချုပ်က ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီလ ၂၀ ရက်တွင် တစ်ရက်လုံးနီးပါး လမ်းပိတ်ထားကာ ညနက်မှ ပြန်ဖွင့်ပေးပြီး ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင်မူ နေ့လယ်ပိုင်းက တစ်ချိန်ပြန်ဖွင့်ပေးပြီးနောက် ပြန်ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။
မောရဝတီရေတပ်သို့ဝင်သည့် လမ်းဘေးရှိ အုန်းပင်ကွင်းရွာ စာသင်ကျောင်းအနီး စစ်ကောင်စီတပ်သားများနေရာယူ၍ လမ်းပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လူကြီးခရီးစဥ်ရှိသဖြင့် လမ်းပိတ်ထားခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်သားများက ဒေသခံများကို ပြောဆိုပြီး မကြာမီ ပြန်ဖွင့်ပေးမည်ဟု ပြောဆိုကြောင်း ဒေသခံများက ပြောဆိုသည်။
“လူကြီးခရီးစဥ်ရှိတယ်ဆိုပြီး ရွာနီးချုပ်စပ်မှာ ပန်းအိုးရှိတဲ့အိမ်တွေမှာ ရေတပ်က ပန်းအိုးလိုက်ငှားနေတယ်။ လမ်းတွေလည်း ပိတ်တယ်။ မနေ့က (ဇန်နဝါရီလ ၂၀) မင်္ဂလာပွဲလာတဲ့သူတွေတောင် ညနက်မှ လမ်းဖွင့်လို့ ပြန်မရတော့ဘဲ ညအိပ်လိုက်ရတယ်” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောသည်။
စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူအချို့ကမူ မောရဝတီရေတပ်ဌာနချုပ်သို့ သံအမတ်ကြီးတစ်ဦး လာရောက်ရန်ရှိသည်ဟု ကြားသိရပြီး မည်သည့်နိုင်ငံက သံအမတ်ကြီးဖြစ်သည်ကို မသိကြောင်း ပြောဆိုသည်။
လက်ရှိတွင် ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးရောက်ရှိနေပြီး စစ်ကောင်စီ၏ တိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ယနေ့ ဇန်နဝါရီလ ၂၁ရက်တွင် တိုင်းအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
ရုရှားသံအမတ်ကြီးသည် ရေနက်ဆိပ်ကမ်း (ထားဝယ်အထူးစီးပွားရေးဇုန်) နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ဆိုသည်။
မောရဝတီဌာနချုပ်သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ လာရောက်စဥ်ကလည်း ကံပေါက် တိုက်နယ်တွင် ယခုကဲ့သို့လမ်းပိတ်ခဲ့ဖူးကြောင်း ဒေသခံများထံမှ သိရသည်။
ကံပေါက်ဒေသတွင် ထိတွေ့ပစ်ခတ်မှုဖြစ်စဥ်များ ဖြစ်ပွားသည့်အခါများတွင်လည်း ကံပေါက်တိုက်နယ် အတွင်းရှိ လမ်းများကို စစ်ကောင်စီက ရည်ရှည်ပိတ်ထားလေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။
စစ်ကောင်စီတိုင်းဝန်ကြီးချုပ်နှင့် တရုတ်သံအမတ်ကြီးတို့ ဇန်နဝါရီလ ၁၄ ရက်က ကော့သောင်းမြို့တွင် တွေ့ဆုံခဲ့သေးသည်။