BREAKING
January 22, 2025

ဖူးခက်တွင် ရိုဟင်ဂျာ ၅၀ နီးပါး ဖမ်းဆီးခံရ

January 21, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့တွင် လှေဖြင့် တရားမဝင် ဝင်လာသော ရိုဟင်ဂျာ ၅၀ နီးပါးကို ယနေ့ ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နံနက် ၁ နာရီအချိန်ခန့်က ထန်လန်ဒေသရှိ မိုင်ခေါင်ကမ်းခြေတွင် လူအုပ်စုလိုက်တွေ့ရသဖြင့် ဒေသခံများက ရဲတပ်ဖွဲ့ထံ သတင်းပို့တိုင်ကြားရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့များ သွားရောက်စစ်ဆေးသောအခါ လူအုပ်စုအားလုံးနီးပါး မောပန်းနွမ်းနယ်နေကြသဖြင့် ဖူးခက်အဝင် စစ်ဆေးရေးဂိတ်သို့ ခေါ်ဆောင်ခဲ့ပြီး အစာနှင့် ရေများ ကျွေးမွေးခဲ့ကြောင်း သတင်းများအရသိရသည်။

၎င်းတို့အုပ်စုတွင် အမျိုးသား၊ အမျိုးသမီးအပါအဝင် စုစုပေါင်း ၄၉ ဦးပါဝင်ပြီး အသက်မပြည့်သေးသော ကလေးငယ် ၁၂ ဦးလည်း ပါဝင်ကြောင်း အားလုံး၏ ခန္ဓာကိုယ်များသည် အင်အားကုန်ခမ်းနေသည့်ပုံစံများ ဖြစ်နေကြပြီး အချို့မှာ နေမကောင်းဖြစ်နေကြကာ ကိုယ်ဝန်သည်များကိုလည်း တွေ့ရကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။

၎င်းတို့သည် ဒီဇင်ဘာ ၁၆ ရက်နေ့ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လှေဖြင့် ထွက်လာသော ရိုဟင်ဂျာအုပ်စုဖြစ်ပြီး မလေးရှားနိုင်ငံသို့ သွားရန် ရည်ရွယ်ထားကြကြောင်း ရဲတပ်ဖွဲ့သို့ ဖြေကြားသည်။

၎င်းတို့အုပ်စုတွင် ရိုဟင်ဂျာ ၇၅ ဦး လိုက်ပါလာပြီး လှေပေါ်တွင် စကားအချေအတင်ဖြစ်ခဲ့ကြသဖြင့် ၎င်းတို့အပါအဝင် အချို့ကို ဖူးခက်အနီး ကမ်းခြေတွင် ဆင်းခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ဖြေကြားချက်ကို ဖော်ပြထားသည်။

၎င်းတို့ထွက်လာသော အုပ်စုတွင် အချို့ရိုဟင်ဂျာများသည် လမ်ခရီးတွင် ရိုက်နှက်ခံရပြီး သေဆုံးမှုများအထိ ရှိခဲ့ကြောင်း ဘာသာပြန်ကတစ်ဆင့် ရဲတပ်ဖွဲ့ကို ဖြေကြားရာတွင် ပါရှိသည်။

လက်ရှိတွင် ၎င်းတို့အုပ်စုကို ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ၎င်းတို့အုပ်စုတွင် ပါလာသော အခြားရိုဟင်ဂျာများကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: CH 3 Plus, MGR Online, PPTV