ထားဝယ်မြို့နယ်၊ သပြေချောင်းရွာရှိ အုတ်လုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသည့် လုပ်သား ၉ ဦးကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း ရွာသားများထံကသိရသည် ။
၎င်းကိုးဦးအနက် ၅ ဦးမှာ ဖမ်းဆီးခံရပြီးတစ်ရက်အကြာတွင် လုပ်ငန်းရှင်၏ ညှိနှိုင်းပေးမှုကြောင့် ပြန်လွတ်လာခဲ့သော်လည်း ပြည်သူ့စစ်အဖွဲ့မှ နုတ်ထွက်ထားသည့် ဒေသခံ ၄ ဦးကိုမူ ပြန်မလွှတ်ဘဲ ဖမ်းထားသည်ဟု ကာယကံရှင်များ နှင့် နီးစပ်သူများထံကသိရသည်။
၎င်းတို့မှာ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် သပြေချောင်းရွာသားများဖြစ်ကြပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ပျူစောထီး(ခ)ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအဖြစ် လုပ်ကိုင်ဖူးသူများဖြစ်ကြောင်း ဆက်လက်မလုပ်ကိုင်လိုတော့သဖြင့် ပြီးခဲ့သည့်နှစ်က နုတ်ထွက်ကာ ရွာအတွင်းပြန်လည် နေထိုင်ကြသူများဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။
” သူတို့က အရင်က ခလရ ၂၅ ရှေ့က စာသင်ကျောင်းမှာ ပြည်သူ့စစ်(ပျူစောထီး)လုပ်ပြီးနေကြတယ်။ မောင်မယ်ရှောင် တိုက်ပွဲတွေဆို ရှေ့တန်းလိုက်ရတယ်။ ဆွေမျိုးတွေက မလုပ်စေချင်တော့လို့ သူတို့ နုတ်ထွက်ပြီးရွာမှာ ပြန်လာနေကြတယ်။ အခုက စစ်တပ်ကပဲပြန်ဖမ်းသွားတယ်” ဟု သပြေချောင်းရွာသားတစ်ဦးက ပြောသည် ။
၎င်းတို့လေးဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးသလို မိသားစုများနှင့် အဆက်အသွယ်မရသည်မှာ တစ်ပတ်ကြာပြီဖြစ်ကြောင်း နီးစပ်သူများကဆိုသည် ။
ဇန်နဝါရီလ ၁၈ ရက်ကလည်း ထားဝယ်မြို့ အဝေးပြေးကားဝင်းအနီးရှိ တည်းခိုးခန်းတစ်ခုတွင် တည်းခိုနေသူ ငါးဆယ်ခန့်ကို စစ်ကောင်စီက သပြေချောင်းတပ်နယ်ထဲသို့ ဖမ်းဆီးသွားခဲ့ကြောင်း မြို့ခံအချို့ထံကသိရသည် ။
သပြေချောင်းရွာအနီးတွင် စစ်ကောင်စီ၏ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၊ ခလရ ၂၆၇ ၊ ခလရ ၂၅ စသည့် စစ်ကောင်စီတပ်ရင်း၊ တပ်ဌာနချုပ်များတည်ရှိသည် ။