BREAKING
January 22, 2025

ထားဝယ်ရေနက်ဆိပ်ကမ်းကို စစ်ကောင်စီတပ် ရေကြောင်းဖြင့် အင်အားဖြည့်

January 21, 2025

ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေဇုန် ရေနက်ဆိပ်ကမ်းကို စစ်ကောင်စီတပ်သည် ယနေ့ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းကစပြီး ရေလမ်းအသုံးပြုကာ အင်းအားအများအပြား ဖြည့်တင်းနေကြောင်း ဒေသခံများက ပြောသည်။

ရေနက်ဆိပ်ကမ်းနှင့် ငပိတက်ငယ်ရွာကြားရှိ ဒေသခံများ၏ ငါးဖမ်းလှေများကို ချောဆွဲအသုံးပြု၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“(ရေတပ်) သင်္ဘောက ညကတည်းက တွေ့ရတယ်။ အခုမနက် ဗျစ်နီချောင်းနားကနေ တက်လာကြတာ နေ့လယ်လောက် ကလည်း သေနတ်ပစ်သံကြားရတယ်။ အင်အားက တော်တော်များတယ်လို့ ပြောတယ်” ဟု နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာကို အင်အားဖြည့်တင်းနေချိန် ယနေ့ နံနက်ပိုင်းကစပြီး ညနေပိုင်းအထိ ထားဝယ် အထူးစီးပွားရေးဇုန်ဒေသထဲရှိ ကျေးရွာများအနီးတွင် စစ်ကောင်စီတပ်က ကင်းပုန်းဝပ်ခြင်း၊ ရဟတ်ယာဥ်ဖြင့် ကင်းထောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“မနက်က နံသာအိုင်နား (မယင်းကြီးနှင့် ပရဒတ်ရွာကြား) မှာ ကင်းပုန်းနဲ့ တွေ့လို့ဆိုပြီး ရွာထဲမှာ အခုလူသိပ်မရှိတော့ဘူး၊ ရှောင်ကုန်ကြပြီ။ ညနေ ၄ နာရီလောက်ကလည်း ရဟတ်ယာဉ်လာဝဲနေတာ အသွားအပြန် နှစ်ခေါက်” ဟု ပရဒတ်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် အင်အားဖြည့်နေသောကြောင့် နဘုလယ်ဒေသအတွင်းရှိ ကျေးရွာများဖြစ်သော မူးဒူး၊ လဲရှောင်၊ ထိန်ကြီး၊ ပရဒတ်၊ မယင်းကြီး စသည့်ကျေးရွာများမှ ဒေသခံအများစုမှာ ယနေ့ နံနက်ပိုင်းကစပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေပြီး ဒေသခံအချို့မှာ အခြေအနေစောင့်ကြည့်နေကြကြောင်း‌ ဒေသခံများထံမှ သိရသည်။