မြိတ်ကျွန်းစုတွင် ပင်လယ်ရေခူပေါ်ချိန်နောက်ကျသဖြင့် ရေခူ ဈေးနှစ်ဆနီးပါးမြင့်တက်နေကြောင်းပင်လယ်ရေလုပ်သားများနှင့် ရေထွက်ပစ္စည်းရောင်းဝယ်သူများထံမှ သိရသည်။
ပင်လယ်ရေငန်ဓာတ် မြင့်တက်လေ့ရှိသည့် ဇန်နဝါရီလဝန်းကျင်မှ ဇွန်လခန့်အထိ ပင်လယ်အတွင်း ရေခူပေါ်လေ့ရှိသည်။
ယခုနှစ်တွင် ပင်လယ်ရေခူပေါ်သည့်ရာသီရောက်ပြီဖြစ်သော်လည်း ပင်လယ်အတွင်း ရေခူရှားပါးနေကြောင်း ရေလုပ်သားအချို့က ပြောသည်။
မြိတ်ကျွန်းစုပင်လယ်ပြင်တွင် ရေခူမပေါ်သေးသဖြင့် ရေခူဖမ်းဆီးသည့် ရေလုပ်သားများ လုပ်ငန်း မစရသေးကြောင်း ရေလုပ်သားတစ်ဦးက ဆိုသည်။
“ဒီနှစ် (ရေ) ခူ ပေါ်တာနောက်ကျတယ်ပြောရမယ်။ မနှစ်က ဒီအချိန်လောက်ဆို နေရာတော်တော်များများ ခူပေါ်နေကြပြီ” ဟု အထက်ပါ ရေလုပ်သားက ပြောသည်။
ပင်လယ်ရေမျက်နှာပြင်တွင် ပေါ်နေသည့်ရေခူများကို ရေလုပ်သားများက သံချိတ်ဖြင့် လိုက်လံကောက်ယူ (ဖမ်းဆီး) ကြခြင်းဖြစ်သည်။
ဖမ်းဆီးရရှိသည့် ရေခူများကို ဆားသိပ်ကာ ကန်များဖြင့်သိုလှောင်ပြီး ပြန်လည်ရောင်းချ စားသုံးကြခြင်းဖြစ်သည်။
“အခုရောင်းနေတဲ့ ခူတွေတောင် မနှစ်ကလုပ်ထားတဲ့ ခူတွေ။ (အခု) ရောင်းဖို့တောင် မရှိလို့ ပင်လယ်ဘက် (မြိတ်ကျွန်းစု) က ဈေးကြီးပေးပြီး လိုက်ဝယ်နေရတယ်” ဟု မြိတ်မြို့ရှိ ရေထွက်ပစ္စည်းရောင်းဝယ်နေသည့် အမျိုးသမီးကတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် အသင့်စားနိုင်သည့် ရေခူတစ်ပိဿာလျှင် တစ်သောင်းနှစ်ထောင်ကျပ်ဝန်းကျင်ဈေးပေါက်နေပြီး ယမန်နှစ် နှစ်လယ်ပိုင်းကမူ ကျပ်ခြောက်ထောင်ဝန်းကျင်သာ ဈေးရှိခဲ့ကြောင်း ရေထွက်ပစ္စည်းရောင်းဝယ်သူများထံမှ သိရသည်။
မြိတ်ကျွန်းစုထွက် ရေခူများကို ဒေသတွင်းစားသုံးကြသည့်အပြင် ထိုင်းနိုင်ငံသို့လည်း တင်ပို့ရောင်းချကြသည်။