BREAKING
January 21, 2025

ဘုရားသုံးဆူဘက်မှ ဝင်လာသော မြန်မာ ၁၀ကျော် ကန်ချနဘူရီတွင် ဖမ်းဆီးခံရ

January 21, 2025

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူလမ်းကြောင်းမှတစ်ဆင့် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသော မြန်မာနိုင်ငံသား ၁၁ ဦးကို ဇန်နဝါရီလ ၂၀ ရက်က ကန်ချဘူရီခရိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

စိုင်ယွန်-ကန်ချနဘူရီ အမြန်လမ်းမကြီး ၃၂၃ တွင် ထိုင်းအာဏာပိုင်များက စစ်ဆေးနေစဉ် အိမ်စီးကားဖြင့် လာသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

အမြန်လမ်းမကြီးတစ်လျှောက်မောင်းလာသော အိမ်စီးကားတစ်စီးကို မသင်္ကာသဖြင့် အာဏာပိုင်များက စစ်ဆေးခံရန် အချက်ပြခဲ့သော်လည်း ကားသည် အစစ်အဆေးမခံဘဲ မီးနီကို ဖြတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြသည်။

အိမ်စီးကားသည် တောလမ်းအတိုင်း မောင်းနှင်ထွက်ပြေးနေရာမှ ရဲတပ်ဖွဲ့ကားက နောက်မှ ထပ်ကြပ်မကွာလိုက်လာသဖြင့် လမ်းသုံးခွဆုံအရောက်တွင် ကားသမားသည် ကားကို လမ်းဘေးချရပ်ခဲ့ပြီး ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။

ကားပေါ်ကို စစ်ဆေးကြည့်ရာ ကလေးငယ် နှစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၁၁ ဦးကို တွေ့ရှိခဲ့ပြီး ကားသမားက လွတ်မြောက်သွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာများတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရသဖြင့် ကန်ချနဘူရီရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားများကလည်း ဘုရားသုံးဆူလမ်းကြောင်းမှတဆင့် ညဘက်တွင် တောလမ်းအတိုင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာကြသည်ဟု ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံထဲရောက်သောအခါ အဆိုပါကားက လာကြိုခဲ့ပြီး အားလုံးသည် ထိုင်းနိုင်ငံထဲ အလုပ်လုပ်ကိုင်ရန် ဘတ် ၁၆,၀၀၀ ‌ကျော် ကုန်ကျခံ၍ ဝင်ရောက်လာခဲ့ကြကြောင်း ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးထားပြီး အရေးယူပြီးနောက် နေရပ်ပြန်လည် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၈ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် ကားနှစ်စီး တိမ်းမှောက်ခဲ့သဖြင့် တရားမဝင် ဝင်လာသော မြန်မာအမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသားနှစ်ဦး ဒဏ်ရာရခဲ့သေးသည်။

Ref: Khaosod English, Joe Joe, Workpoint