BREAKING
January 21, 2025

မြိတ်တွင် ယခုနှစ် သဇင်ပန်းရာသီ ပန်းစျေးတက်

January 21, 2025

ဓာတ်ပုံ - ပိုးရွှေနန်း

မြိတ်မြို့တွင် ယခုနှစ် သဇင်ပန်းရာသီတွင် ပန်းတစ်ခက်လျှင် အနိမ့်ဆုံး ကျပ်ငါးထောင်မှ တစ်သောင်းဝန်းကျင်အထိရှိကြောင်း သဇင်ပန်းရောင်းသူများထံမှ သိရသည်။

ရာသီဥတု အပူချိန်ကြောင့် မြိတ်တွင် သဇင်ပန်း ဖြစ်ထွန်းမှုအားနည်းသဖြင့် သစ်တောထူထပ်သည့် တနင်္သာရီမြို့နယ်ရှိ ကျေးရွာများရှိ သဇင်ပန်းစိုက်ပျိုးသူများထံ ဝယ်ယူရောင်းချရကြောင်း ၎င်းတို့က ပြောသည်။

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားခြင်း၊ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ခံရခြင်းတို့ကြောင့် သယ်ယူပို့ဆောင်ရာတွင် စရိတ်ကြီးသဖြင့် ပန်းစျေးတက်ခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“မနှစ်က ပန်းတစ်ခက် သုံးထောင်လောက် စျေးရတယ်။ အခုနှစ် ငါးထောင် အနိမ့်ဆုံးပဲ။ ရောင်းအားလည်းကျတယ်။ လမ်းတွေ အမြဲပိတ်မိတာတွေရှိနေတော့ တချို့ကလည်း သဇင်ပန်းအတုပဲ ပန်ကြတော့တယ်။ သဇင်ပန်းက သေချာထုပ်ပိုး ရင်တော့ ဆယ်ရက်လောက်ခံတယ်” ဟု မြိတ်မြို့ မှ သဇင်ခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ထားဝယ်မြို့တွင်မူ ယခုနှစ်တွင် ရာသီဥတုအေးသဖြင့် သဇင်ပန်းဖြစ်ထွန်း၍ ပန်းအပွင့်များပြီး ပန်းစျေးမှာလည်း ယမန်နှစ်အတိုင်း ပုံမှန်ရှိကြောင်း သဇင်စိုက်သူများက ဆိုသည်။

“အခုနှစ် ပန်းရာသီအဖွင့်စျေး တစ်ခက်ကို (ကျပ်) တစ်ထောင်ကနေ စျေးစဖွင့်တယ်။ အခုကတော့ တစ်ခက်ကို သုံးထောင် ရနေတယ်။ အတွေ့အကြုံအရပြောရရင် ပန်းရာသီအပိတ်ကာလအထိ တစ်ခက် ငါးထောင်လောက်အထိပဲ ရှိမယ်” ဟု ထားဝယ်မြို့က သဇင်ခြံရှင်တစ်ဦးက ပြောသည်။

ထားဝယ်နှင့် မြိတ်တွင် တနင်္သာရီဒေသထွက် သဇင်မျိုးရင်းကိုသာ စိုက်ပျိုးသူများပြီး အခြားဒေသထွက် သဇင်ပန်းသည် စိုက်ပျိုးဖြစ်ထွန်းမှု အားနည်းကြောင်း သဇင်စိုက်သူများက ဆိုသည်။

သဇင်ပန်းဥစျေးမှာ ယခုနှစ်တွင် ထားဝယ်နှင့် မြိတ်တို့၌ ယမန်နှစ်ထက် စျေးတက်နေကြောင်း သဇင်ပန်းဥရောင်းသူများထံမှ သိရသည်။

“ပန်းဥစျေးက တစ်ဆယ်သားကို တစ်သိန်းနှစ်သောင်း၊ တစ်သိန်းခွဲ အစားစားရှိတယ်။ မနှစ်က ရှစ်သောင်းတန်၊ တစ်သိန်းတန်ကနေ အခုစျေးတက်လာတယ်” ဟု သဇင်ပန်းဥရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ထားဝယ်နှင့် မြိတ်က သဇင်ပန်းနှင့် သဇင်ဥများကို ဒေသတွင်းအပြင် ရန်ကုန်၊ မန္တလေး၊ မွန်နှင့် ထိုင်းနိုင်ငံအထိ တင်ပို့ရ ကြောင်း သဇင်ပန်းရောင်းသူများထံမှ သိရသည်။

သဇင်ပန်းသည် နှစ်စဥ် ဒီဇင်ဘာလမှ မတ်လအထိ ပွင့်လေ့ရှိပြီး အလှူပွဲ၊ မင်္ဂလာပွဲနှင့် ဘွဲနှင်းသဘင် စသည့်အခမ်းအနား များတွင် အလှပန်းအဖြစ် ပန်ဆင်သူများသဖြင့် ရောင်းအားများသည့်အပြင် စျေးကောင်းရသည့် ပန်းဖြစ်၍ စီးပွားဖြစ် စိုက်ပျိုးလေ့ရှိသည်။