မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက် ၊ ပုလဲလမ်းတွင် ယနေ့ ဇန်နဝါရီလ ၂၁ ရက် ညနေ ၄ နာရီခွဲဝန်းကျင်က နေအိမ်တစ်လုံး မီးလောင်ကျွမ်းကြောင်း မြို့ခံများကပြောသည်။
မီးလောင်သည့် နေအိမ်သည် ဦးစိုးလင်းနှင့် ဒေါ်ချစ်သန်းတို့၏ နေအိမ်ဖြစ်သည်ဟု ကနဦးသိရပြီး မီးလောင်ကျွမ်းသည့်အကြောင်းအရင်းကိုမူ မသိရသေးပေ။
“၅နာရီကျော်ကျော်လောက်မှာ မီးညွန့်ကျိုးသွားတယ်။ မီးသတ်တွေကတော့ အခုထိ မီးကြွင်းမီးကျန် ရှင်းလင်းရေးလုပ်နေတုန်းပဲ” ဟု မီးလောင်မှုအနီးရောက်ရှိနေသည့် မြို့ခံတစ်ဦးက ယနေ့ည ၆နာရီဝန်းကျင်က ပြောသည်။
မီးလောင်မှုအတွင်း အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရခဲ့ပြီး လူနာတင်ယာဥ်ဖြင့် မြိတ်ဆေးရုံသို့ ပို့ဆောင်သွားကြောင်း မြို့ခံပရဟိတအဖွဲ့များထံက သိရသည်။
ယမန်နေ့ (ဇန်နဝါရီလ၂၀ရက်) ညကလည်း မြိတ်မြို့၊ ထားဝယ်စုရပ်ရှိ နတ်မြင်းပျံစက်ပစ္စည်းဆိုင် အဆောက်အအုံတွင် မီးလောင်ပြီး အမျိုးသားတစ်ဦးဒဏ်ရာရခဲ့သေးသည်။