BREAKING
January 22, 2025

ပြည်သူတွေကို သတ်ကွင်းထဲတွန်းပို့နေတဲ့ လော်ဘီချန်နယ်

December 20, 2024

မမို့မို့ဟာ အရေးတကြီးကိစ္စမရှိရင် ထားဝယ်မြို့လိုမျိုး စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာတွေကို သွားလေ့မရှိတော့ပါ။

အကြောင်းကတော့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ အမဲလိုက်မုဆိုးကြီးသတင်းအမှန်ဆိုတဲ့ ချန်နယ် ကနေ မမို့မို့ကို အချက်အလက်အမှားတွေနဲ့ဖော်ပြပြီး ဖမ်းဆီးဖို့လှုံ့ဆော်ခဲ့ဖူးလို့ပါပဲ။ မမို့မို့ဟာ ဆန္ဒပြသပိတ် ခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ အဲဒီချန်နယ်က အလွဲအလွဲအမှားမှား ဖော်ပြခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ ဘယ်သူဘယ်ဝါမှန်း မသိသူတစ်ယောက် ဖုန်းဆက်သွယ်လာပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တာကိုပါ ခံရပါသေးတယ်။

“အခုလုပ်ရပ်တွေကို ရပ်ရမယ်၊ မဟုတ်ရင် နင့်မိဘ နင့်အိမ်နဲ့ ရွာ ပြာကျမယ်လို့ ခြိမ်းခြောက်ခံရတာပါရှင့်။ သပိတ် ဆက်လိုက်နေရင် ပစ္စတိုနဲ့ ရှင်းလင်းရမယ်လို့ ရေးသားဖော်ပြခံရတာမျိုးလည်းရှိပါတယ်” မမို့မို့က ပြောပါတယ်။

စစ်ကောင်စီကိုလော်ဘီလုပ်ပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေ အများအပြားရှိတဲ့အကြားက အမဲလိုက်မုဆိုးကြီးသတင်း အမှန်ဆိုတဲ့ ချန်နယ်ကတော့ ထားဝယ်ခရိုင်ကို ပစ်မှတ်ထားပြီး သတင်းအမှားတွေ ဖြန့်ချိနေတာပါ။

မမို့မို့လိုပဲ အမဲလိုက်မုဆိုးကြီးသတင်းအမှန်ဆိုတဲ့ ချန်နယ်ကနေ လွဲမှားတဲ့အချက်အလက်တွေနဲ့ ဖော်ပြခဲ့လို့ အသက် အန္တရာယ်ခြိမ်းခြောက်ခံနေရသူတွေ ထပ်မံရှိနေပါတယ်။

ဒါ့အပြင် အဲဒီချန်နယ်ဟာ ရပ်ရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲဖို့လည်း လှုံ့ဆော်တာတွေ၊ ပြည်သူတွေကို ဖမ်းဆီးဖို့၊ နေအိမ်တွေ ကို မီးရှို့ဖို့ မကြာခဏနှပ်ကြောင်း ပေးလှုံ့ဆော်တာတွေရှိနေသလို စစ်ကောင်စီက အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ ဖမ်းဆီး တာတွေမှာလည်း PDF လို့ သတင်းအမှားဖြန့်တာတွေလည်း အချိန်ကိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်။

မလုံခြုံတော့သူတွေ

အချက်အလက်မှားတွေနဲ့ ရေးသားဖြန့်ချိခံရပြီးနောက်မှာ လုံခြုံရေးစိတ်မချရတော့တာကြောင့် မမို့မို့တို့ မိသားစုဝင်တွေဟာ ထိုင်းနိုင်ငံကို တိမ်းရှောင်လိုက်ရပါတော့တယ်။

ထားဝယ်နဲ့ လောင်းလုံးမြို့နယ်ကို ခရီးသည်တင်ကားပြေးဆွဲပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ လူငယ်တစ်ဦးဟာလည်း မမို့မို့လိုပဲ သတင်းမှား ဖြန့်ခံရလို့ အသက်မွေးကျောင်းအလုပ် ရပ်နားလိုက်ပါတယ်။

အဲဒီလူငယ်ဟာ PDF ထောက်ပို့ဖြစ်တယ်လို့ အမဲလိုက်မုဆိုးကြီးချန်နယ်ကနေ ရေးသားဖြန့်ချိခဲ့တာပါ။ အဲဒီလို ဖော်ပြခံရပြီး ကတည်းက အဲဒီကားဆွဲတဲ့အလုပ်ကို ရပ်နားလိုက်ရတာ အခုထိပါပဲ။

တိုင်းအတွင်း ပြည်သူတွေကို ပစ်မှတ်ထားပြီး ဘယ်လိုလှုံ့ဆော်ခဲ့သလဲ

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတဲ့ အသက် ၈၂ နှစ်အရွယ် အဖွားအို တစ်ဦးကို ထောက်ပို့တစ်ယောက်အဖြစ် အဲဒီချန်နယ်က ပုံဖော်ပြီး သတင်းအမှာႏဖြန့်ခဲ့သေးတယ်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အချက်အလက်စိစစ်ဖော်ပြထားတာကို အောက်ဖော်ပြပါလင့်မှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ https://www.daweiwatch.com/09/05/2024/85410/

ဒါတင်မကသေးပါဘူး။ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်သတ်တဲ့အခါတွေမှာလည်း ပစ်သတ်ခံလိုက်ရတဲ့ အရပ်သားတွေကို PDF လို့ဆိုပြီး ပုံမှားရိုက်ပြီး ပြည်သူတွေဆီ ရည်ရွယ်ချက်ရှိရှိ သတင်းအမှားဖြန့်ချိခဲ့တဲ့ သာဓကတွေ လည်း ရှိပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက အရပ်သားပန်ရံဆရာတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တဲ့ဖြစ်စဉ်မှာလည်း PDF လို့ ပုံဖော်ပြီး ဝါဒဖြန့်ခဲ့ပါသေးတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ အချက်အလက်စိစစ်ဖော်ပြထားတာကို အောက်ဖော်ပြပါလင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://archive.ph/kGV6L

ဒါ့အပြင် ကျေးရွာတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့အထိပါ ကြောက်မက်ဖွယ်လှုံ့ဆော်ရေးသားတာတွေရှိပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ဖို့အတွက် ပြည်သူတွေကို စစ်သင်တန်း ပေးနေ တာကြောင့် လက်ဦးမှုယူပြီး လေကြောင်းကနေတိုက်ခိုက်ဖို့ အမဲလိုက်မုဆိုးကြီးချန်နယ်ကနေလှုံ့ဆော်ရေးသားခဲ့ဖူးပါတယ်။

တကယ်တော့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးအန္တရာယ်ကို ပြည်သူတွေ ဘယ်လိုကာကွယ်မလဲ အသိပညာ ပေးတာကို စစ်သင်တန်းပေးတာလို့ ပုံဖော်ပြပြီး လေကြောင်း တိုက်ခိုက်ဖို့ လှုံ့ဆော်တာပါ။ ဒါနဲ့ပတ်သက်လို့ အချက်အလက် စိစစ်ဖော်ပြထားတာကို အောက်ဖော်ပြပါလင့်မှာကြည့်နိုင်ပါတယ်။
https://www.daweiwatch.com/09/04/2024/73198/

ဒါ့အပြင် ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား သွေးကွဲစေဖို့ ရည်ရွယ်တဲ့ သတင်းအတု သတင်းအမှားတွေကိုလည်း အမဲလိုက်မုဆိုးကြီးသတင်းအမှန်ချန်နယ်ကနေ အများအပြားထုတ်လွှင့်ခဲ့ပါသေးတယ်။

အောက်တိုဘာလထဲမှာ ဖြစ်ပွားခဲ့တဲ့ ကျောက္ကာကျေးရွာလှေနစ်မြုပ်မှုဖြစ်စဉ်ကို ကြည့်ရင်သိသာပါတယ်။ အဲဒီလှေနစ်မြုပ်မှု ဖြစ်စဉ်မှာဆိုရင် PDF တွေကြောင့် လှေနစ်မြုပ်ပြီး ပြည်သူတွေသေကြရတဲ့ပုံစံမျိုးကို ပုံဖော်ပြီး သတင်းအမှားဖြန့်ခဲ့တာပါ။ အဲဒါနဲ့ပတ်သက်လို့ အချက်အလက် စိစစ်ထားတာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ https://archive.ph/rE4Ea

အထက်မှာ ဖော်ပြခဲ့တာတွေကတော့ အချက်အလက်အမှားတွေနဲ့ အမဲလိုက်မုဆိုးကြီးချန်နယ်ကနေ ဖော်ပြခဲ့တဲ့ အကြောင်း အရာ တချို့ကို ထုတ်နုတ်ဖော်ပြထားတာပါ။ ဒီလိုမျိုးအကြောင်းအရာတွေကို အမဲလိုက်မုဆိုးချန်နယ်ဟာ နေ့စဉ်နဲ့အမျှ ဖြန့်ချိနေပါတယ်။ လက်ရှိမှာလည်း သတင်းအမှားတွေ၊ သတင်းအတုတွေ ဆက်လက်ဖြန်ချိနေဆဲပါပဲ။

စစ်ကောင်စီရဲ့ သတင်းအမှားဖြန့်ချိတာတွေကို လေ့လာစောင့်ကြည့်နေတဲ့ Beautifire of Diversity အဖွဲ့ရဲ့ ဆိုရှယ်မီဒီယာ လေ့လာစောင့်ကြည့်သူတစ်ဦးကတော့ အမဲလိုက်မုဆိုးကြီးသတင်းအမှန်ချန်နယ်နဲ့ပတ်သတ်ပြီး အောက်ပါ အချက်အချို့ကို ပြောဆိုပါတယ်။

တနင်္သာရီတိုင်းက တော်လှန်ရေးသမားတွေက လူထုရဲ့အကျိုးစီးပွားကို ဖျက်ဆီးနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒါတွေကို အကာကွယ်ပေးနေရပါတယ်ဆိုတဲ့ ဇာတ်ကြောင်းဖန်တီးနေသလို ဒေသတွင်း စစ်ရေးအခြေအနေမှာဆိုရင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘယ်လိုအရေးသားနေပါတယ်ဆိုတဲ့အကြောင်းအရာတွေ အဲဒီချန်နယ်က ဝါဒဖြန့်နေတာကို တွေ့ရတယ်လို့ ထောက်ပြပါတယ်။

ဒေသတွင်းမှာရှိတဲ့ ဘယ်စခန်း၊ ဘယ်နေရာကိုတော့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ပါတော့မယ်၊ ပြင်ဆင်ထားကြပါ ဆိုတဲ့ သတင်းပေးတဲ့ပုံစံနဲ့အသွင်ယူ ဇာတ်ကြောင်းဖန်တီးတာမျိုးကိုတွေ့ရတယ်လို့ ဆိုပါတယ်။

ဒီလို ဇာတ်ကြောင်းဖန်တီးရာမှာလည်း တာဝန်သိပြည်သူတစ်ဦးက သတင်းပေးချက်အရ ဆိုပြီး ထည့်ရေးတာမျိုးကို သတိထားမိတယ်လို့ ပြောပါတယ်။

အဲဒီဖော်ပြချက်ရဲ့သဘောတရားက ဒေသခံပြည်သူတွေက တော်လှန်ရေးအင်အားစုတွေကို မထောက်ခံတော့လို့ စစ်ကောင်စီဆီကို တော်လှန်ရေးသမားတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့သတင်းတွေကို ပေးနေရပါတယ်ဆိုတဲ့ ဇာတ်ကြောင်းဖန်တီးတာမျိုးကို တွေ့ရပါတယ်လို့ သူက ထောက်ပြပါတယ်။

သံသယကြီးထွားလာကြတဲ့ ပြည်သူတွေ

အချက်အလက်အမှား၊ သတင်းအမှားတွေနဲ့ ဇာတ်ကြောင်းဖန်တီးပြီး ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့၊ ဖမ်းဆီးဖို့၊ နေအိမ်တွေကို မီးရှို့ဖို့ကို အချိန်နဲ့အမျှ လှုံဆော်နေတဲ့ အမဲလိုက်မုဆိုးကြီးချယ်နယ်ဟာ ပြည်သူတွေကြားမှာတော့ ရွံကြောက်ကြီး ဖြစ်လာပါတယ်။

တစ်ချိန်တည်းမှာပဲ အမဲလိုက်မုဆိုးဆိုတာ ဘယ်သူလဲဆိုတဲ့ မေးခွန်းထုတ်လာကြသလို တစ်ယောက်အပေါ်တစ်ယောက် သို့လော သို့လော သံသယတွေလည်း ကြီးစိုးလာကြပါတယ်။ အမဲလိုက်မုဆိုးကြီးကို ဖော်ထုတ်ပေးဖို့ လိုလားချက်တွေ မြင်တွေ့လာရပါတယ်။

“ကျွန်တော်ရဲ့ယူဆချက်ကတော့ အမဲလိုက်မုဆိုးဘယ်သူဆိုတာ ဖော်ထုတ်ပေးဖို့လိုမယ်” လို့ အသက် ၄၀ ကျော်အရွယ် လောင်းလုံးမြို့နယ်သား တစ်ဦးကပြောဆိုပါတယ်။

Beautifire of Diversity အဖွဲ့ရဲ့ ဆိုရှယ်မီဒီယာလေ့လာစောင့်ကြည့်သူတစ်ဦးကတော့ အမဲလိုက်မုဆိုးကြီးချယ်နယ်ကို ဘယ်သူ၊ ဘယ်ဝါက ထောင်ထားပါတယ်ဆိုတာ ပြောဖို့ခက်တယ်လို့ဆိုပါတယ်။

အမဲလိုက်မုဆိုးချန်နယ်ဆိုတာဟာ ဟန်ငြိမ်းဦး၊ ကိုသက်တို့လို စောင့်ကြည့်သူ အများအပြားရှိတဲ့ စစ်တပ်လော်ဘီ ချယ်နယ် တွေထဲကတစ်ခုပဲဖြစ်ပြီး အဲဒီလော်ဘီချယ်နယ်တွေက ဘယ်သူတွေက တည်ထောင်ထားတယ်ဆိုတာ ပြောဖို့ခက်တယ်လို့ သူကဆိုပါတယ်။

“ဒီချန်နယ်တွေကို အမြဲစောင့်ကြည့်နေတဲ့သူတွေ၊ အချက်အလက်ကောက်နေတဲ့သူတွေတောင်မှ အမဲလိုက်မုဆိုးကြီးချန်နယ် ဆိုတာ ဘယ်သူ၊ ဘယ်ဝါဆိုတာပြောဖို့ တိတိကျကျပြောဖို့ ခက်ခဲပါတယ်။ လေ့လာစောင့်ကြည့်နေတဲ့ သူတွေတောင်မှ ပြောဖို့ခက်တယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလို တော်လှန်ရေးအဖွဲ့တွေက ပြောဖို့ဆိုတာ ပိုပြီးတောင် ခက်ခဲဦးမယ်” လို့ Beautifire of Diversity အဖွဲ့ရဲ့ ဆိုရှယ်မီဒီယာလေ့လာစောင့်ကြည့်သူက ရှင်းပြပါတယ်။

အမဲလိုက်မုဆိုးကြီးချန်နယ်အား ခြေရာကောက်ခြင်း

အမဲလိုက်မုဆိုးကြီးဆိုတာ ဘယ်သူလဲလို့ မေးရင် အဖြေတစ်ယောက်တစ်မျိုးစီထွက်လာပါလိမ့်မယ်။

စစ်ကောင်စီသတင်းပေး ဒေသခံ ဒလန်တစ်ဦးလို့ထင်တဲ့သူရှိသလို လောင်းလုံးဒေသခံအချို့ဆိုရင် လေကြောင်းရန် ကာကွယ်ရေးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်လို့ ယူဆတဲ့သူတွေရှိပါတယ်။ တချို့ကတော့ လက်နက်ကိုင်အဖွဲ့ထဲက PDF လည်းဖြစ်နိုင်တယ်လို့ စသည့်ဖြင့် တစ်ယောက်တစ်မျိုး ထင်ကြေးပေးကြပါတယ်။ မှုခင်းသတင်းထောက်တွေ၊ စစ်တပ်ပိုင်မြဝတီသတင်းဌာန သတင်းထောက်တွေလို့ ထင်ကြေးပေးကြတာလည်းရှိပါတယ်။

ဒေသခံတွေထင်ကြေးအမျိုးမျိုးပေးနေတဲ့ တယ်လီဂရမ်ချန်နယ်ကိုလေ့လာကြည့်ရာမှာ “အမဲလိုက်မုဆိုးကြီး သတင်းအမှန် ဖော်ထုတ်ရေးချန်နယ်” နဲ့ “အမဲလိုက်မုဆိုးကြီး သတင်းအမှန်” ဆိုပြီး နာမည်တူနှစ်ခု တွေ့ရပါတယ်။

အဲဒီနှစ်ခုထဲမှာမှ အမဲလိုက်မုဆိုးကြီးသတင်းအမှန် (https://t.me/+Q_03ANIPyExkOWJl) ဆိုတဲ့တယ်လီဂရမ်ချန်နယ်က ထားဝယ်ခရိုင်ကို ပစ်မှတ်ထားပြီး အချက်အလက်အမှားတွေဖြန့်ဝေနေတာပါ။

ထားဝယ်ခရိုင်ကို အဓိကထားပြီးဖြန့်ဝေနေတဲ့ အမဲလိုက်မုဆိုးကြီးသတင်းအမှန်ချယ်နယ်ဟာ ၂၀၂၂ ခုနှစ် မေလမှာစပြီး ချယ်နယ်ဖွင့်ထားတာကိုတွေ့ရပါတယ်။ ချန်နယ်စဖွင့်ဖွင့်ချင်းမှာ ထားဝယ်ဒေသနဲ့ဆိုင်တဲ့ သတင်းအမှားတွေကို တစ်ခုစ နှစ်ခုစပဲ ဖော်ပြပါသေးတယ်။

ချန်နယ်စထောင်တဲ့အချိန်က ပန်ဆယ်လို၊ ဖြူဖြူကျော်သိန်းတို့လို တော်လှန်ရေးဘက်တော်သား ဆယ်လီတွေအကြောင်း၊ အာရက္ခတပ်တော် (အေအေ) အကြောင်းနဲ့ လတ်တလောရေပန်စားနေတဲ့ တိုက်ပွဲသတင်းတွေ အကြောင်းတွေ ဖော်ပြပြီး သူတို့ချယ်နယ်ကို လူစိတ်ဝင်စားမှုရအောင် လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

၂၀၂၃ ခုနှစ်လောက်မှာတော့ ထားဝယ်ခရိုင်ကို အဓိကပစ်မှတ်ထားတဲ့ သတင်းအမှားတွေ၊ လှုံဆော်မှုတွေ သိသိသာသာ လုပ်ဆောင်လာခဲ့ပါတယ်။ ထားဝယ်ခရိုင်ထဲမှာတောင်မှ လောင်းလုံးမြို့နယ်ကို အဓိကပစ်မှတ်ထားပြီး လှုံ့ဆော်ရေးသားတာကို လေ့လာတွေ့ရှိရပါတယ်။

၂၀၂၄ ခုနှစ် အစောပိုင်းကာလထဲမှာတော့ နယ်မြေပိုကျယ်ပြန့်လာပြီး သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်မြို့နယ်က အကြောင်းတွေ ခပ်စိပ်စိပ်ပါလာပါတယ်။

၂၀၂၄ နှောင်းပိုင်းတော့ ထားဝယ်ခရိုင်ထဲက မြို့နယ်တွေအပြင် ပုလော၊ မြိတ်၊ တနင်္သာရီမြို့နယ်တွေအပါအဝင် မွန်၊ ကရင် တနင်္သာရီတိုင်းတွေကို အဓိကပစ်မှတ်ထားတဲ့ သတင်းအမှားဖော်ပြချက်တွေ ခပ်စိပ်စိပ်ရှိလာပါတယ်။

ဒေသတစ်ခုကို ပစ်မှတ်ထားပြီး သတင်းအမှားဖြန့်တာကို စစ်ကောင်စီလော်ဘီတွေဟာ အခုနောက်ပိုင်း ပိုလုပ်ဆောင် လာတာကို တွေ့ရတယ်လို့ Beautifire of Diversity အဖွဲ့ရဲ့ ဆိုရှယ်မီဒီယာလေ့လာစောင့်ကြည့်သူက ပြောပါတယ်။

“ဒေသတစ်ခုကို ပစ်မှတ်ထားပြီး အမုန်းစကားနဲ့ တိုက်ခိုက်ခဲ့တာကို ကျွန်မတို့ရဲ့ လေ့လာစောင့်ကြည့်ချက်တွေအရ ရခိုင်ဒေသ၊ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသနဲ့ အခု တနင်္သာရီဒေသကို တွေ့ရတယ်” လို့ သူကဆိုပါတယ်။

ဒေသအလိုက်၊ လူမျိုးအလိုက် ပစ်မှတ်ထားပြီး စစ်ကောင်စီဟာ သတင်းအမှားဖြန့်တဲ့ တယ်လီဂရမ်ချန်နယ်တွေ ထူထောင်လေ့ရှိတယ်လို့လည်း သူကဆက်ပြောပါတယ်။

အဲဒီချန်နယ်တွေရဲ့ ရည်ရွယ်ချက်က ဒေသတွင်းက သတင်းတွေဖော်ပြနေတဲ့ လွတ်လပ်တဲ့ သတင်းချန်နယ်တွေ အသွင်ယူပြီး လှုပ်ရှားကြသလို ဒေသတွင်း စစ်ရေး ၊ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးလည်း ဒေသတွင်းတော်လှန်ရေးသမားတွေက လူထုရဲ့အကျိုးစီးပွားကို ဖျက်ဆီးနေတာလို့ ပုံဖော်ပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဒါတွေကို ကာကွယ်ပေးနေရတယ်ဆိုတဲ့ ဇာတ်ကြောင်းတွေဖန်တီးပြီး ပြည်သူတွေဆီ သတင်းအမှားပြန်ဖြန့်တာလို့ သူကရှင်းပြပါတယ်။

“အဓိက ရည်ရွယ်ချက်က ကျွန်မတို့ရဲ့အမြင်ကို ပြောရရင် သူတို့ရဲ့ စကုပ်ကို ချုပ်လိုက်တဲ့သဘော” လို့ Beautifire of Diversity အဖွဲ့ရဲ့ ဆိုရှယ်မီဒီယာလေ့လာစောင့်ကြည့်သူက ဆိုပါတယ်။

အမဲလိုက်မုဆိုးကြီးသတင်းအမှန်ချန်နယ်ဟာလည်း ထားဝယ်ခရိုင်က ဒေသခံတွေကို အဓိကပစ်မှတ်ထား သတင်းအမှားဖြန့်ဝေဖို့ လုပ်ဆောင်လာတဲ့ချန်နယ်တစ်ခုလို့ ကောက်ချက်ဆွဲရမှာပါ။

တယ်လီဂရမ်မှ Facebook သို့

အဲဒီအမဲလိုက်မုဆိုးကြီးသတင်းအမှန် တယ်လီဂရမ်ချန်နယ်က ဖော်ပြချက်အချို့ကိုတော့ ပုလဲဇာနည်ဆိုတဲ့ အမည်နဲ့ အကောင့်ကနေ Facebook ဆိုရှယ်မီဒီယာပေါ်ကို ပြန်ဖြန့်တာတွေလည်းတွေ့ရပါတယ်။ နမူနာတစ်ခုကို အောက်ဖော်ပြပါ လင့်မှာ ကြည့်နိုင်ပါတယ်။ https://www.facebook.com/share/p/1HrmdBSdHm/

ပုလဲဇာနည်အကောင့်ကနေ တင်ထားတဲ့ သတင်းအမှားတွေကို စစ်ကောင်စီတပ်ပိုင် မြဝတီသတင်းစာရဲ့ သတင်းထောက် တစ်ဦးဖြစ်တဲ့ Min Myat Facebook အကောင့်ကနေ ထပ်ဆင့်ဖြန့်ဝေထားတာတွေလည်း တွေ့ရှိရပါတယ်။

Min Myat Facebook အကောင့်ကို Screenshot မရအောင် လုံခြုံရေးမြှင့်ထားတာကြောင့် ဓာတ်ပုံရိုက်ပြီး ဖော်ပြပေး လိုက်ပါတယ်။ ဒီမှာကြည့်ပါ။

Min Myat Facebook အကောင့်ပိုင်ရှင်ဖြစ်တဲ့ မြဝတီသတင်းထောက်ဟာ ထားဝယ်ခရိုင် ကလိန်အောင်မြို့အခြေစိုက် ခမရ ၄၁၀ တပ်ရင်းထဲ မိသားစုအလိုက်နေသူဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သူဟာ စစ်ကောင်စီသတင်းပေးဒလန်တစ်ဦးလို့ဆိုပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တစ်ခုက ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ပစ်ခတ်တာ ခံခဲ့ရပြီး အသက်ရှင်လွတ်မြောက်သွားခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး ကလိန်အောင်မြို့မှာ အဲဒီမြဝတီသတင်းထောက်ကို မတွေ့ရတော့ဘူးလို့ ဒေသခံတွေကပြောပါတယ်။ ဒါပေမဲ့ သူ့ရဲ့ Min Myat Facebook အကောင့်မှာတော့ ၂၀၂၄ ခုနှစ်အထိ ပို့စ်တွေတင်နေပါသေးတယ်။ အဒီပို့စ်တွေထဲမှာ စစ်ကောင်စီရဲ့သတင်းအမှားတွေကို ဖော်ပြတဲ့အကြောင်းအရာတွေလည်းပါဝင်ပါတယ်။

Min Myat Facebook အကောင့်နဲ့ friend ဖြစ်နေသူတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်အကောင့်တွေ၊ တော်လှန်ရေး နယ်ပယ်ကသူတွေရဲ့ အကောင့်တွေ အများအပြားရှိနေတာကိုလည်း တွေ့ရပါတယ်။

စက်ကွင်းလွတ်အောင် ဘယ်လိုရှောင်မလဲ

တကယ်တော့ အမဲလိုက်မုဆိုးကြီးသတင်းအမှန်ချယ်နယ်မှာဖော်ပြနေတဲ့ ဓာတ်ပုံတွေဟာ Facebook ဆိုရှယ်မီဒီယာ ပေါ်ကနေတစ်ဆင့်ကူးယူပြီး ဖော်ပြထားတာတွေဖြစ်တာကို တွေ့ရှိရပါတယ်။

ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ Facebook Page တွေ၊ တော်လှန်ရေးထဲက ဓာတ်ပုံအမှန်တင်ပြီး သုံးစွဲနေကြတဲ့ Facebook အကောင့်တွေကို ပုံမှန်စောင့်ကြည့်ပြီး အဲဒီကရတဲ့ဓာတ်ပုံတွေနဲ့ သတင်းအမှားတွေ ပေါင်းစပ်ပြီး ဖော်ပြနေတာသာ ဖြစ်ပါတယ်။

အဲဒီချယ်နယ်မှာဖော်ပြနေတဲ့ စစ်ရေးသတင်းနဲ့ဆိုင်တဲ့ အချက်အလက်တော်တော်များများဟာ သာမန်ဒေသခံတွေအကြား ပျံနှံ့နေပြီးသား အကြောင်းအရာတွေပဲဖြစ်နေတတ်တာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

ဆိုလိုတာက တော်လှန်ရေးဘက်တော်သားတွေ တစ်ဦးချင်းစီတိုင်းက အမဲလိုက်မုဆိုးကြီးချန်နယ်ကို အချက်အလက်တွေ ပေးမှန်းမသိ ပေးပို့နေကြတယ်ဆိုတာကို သတိချပ်သင့်ပါတယ်။

ဆိုတော့ အမဲလိုက်မုဆိုးကြီးချန်နယ်ရဲ့ စက်ကွင်းကနေ လွတ်အောင် ဘယ်လိုရှောင်ရှားကြမလဲ။

Beautifire of Diversity အဖွဲ့ရဲ့ ဆိုရှယ်မီဒီယာလေ့လာစောင့်ကြည့်သူကကတော့ ဆိုရှယ်မီဒီယာအသုံးပြုရာမှာ သတိထားဖို့ အကြံပြုထားပါတယ်။

ကိုယ်ရေးအချက်အလက်အမှန်၊ ပုံအမှန်တွေဖော်ပြထားတဲ့ အကောင့်တွေသုံးပြီး သတင်းမီဒီယာတွေရဲ့ သတင်း ဖော်ပြချက် တွေ အောက်မှာ၊ တော်လှန်ရေးအင်အားစုဘက်က ထင်ပေါ်ကျော်ကြားသူတွေရဲ့ ပေ့ချ်တွေ၊ အကောင့်တွေ အောက်မှာ မှတ်ချက်ပေးတာမျိုး၊ ကိုယ့်အကောင့်မှာ ပြန်တင်တာမျိုးကို မလုပ်ဖို့ အထူးလိုအပ်ပါတယ်လို့ သူက ဆိုပါတယ်။

တနင်္သာရီတိုင်းကို ဘာလို့ ပစ်မှတ်ထားလာတာလဲ

အမဲလိုက်မုဆိုးကြီးချန်နယ်အပါအဝင် လော်ဘီချန်နယ်တွေဟာ စစ်ပွဲနဲ့ ပဋိပက္ခပြင်းထန်တဲ့ဒေသတွေကို အဓိက ပစ်မှတ်ထားပြီး ဖြန့်ချိကြတာလို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။

တနင်္သာရီတိုင်းဟာလည်း စစ်ပွဲတွေပြင်းထန်တဲ့ဒေသမှာပါဝင်သလို အရေးကြီးတဲ့နယ်စပ်ထွက်ပေါက်ကို ပိုင်ဆိုင်ထားတဲ့ ပထဝီအနေအထားအရ အရေးပါတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူလိုမျိုး သက်တမ်းရှည်ကြာပြီး လူမျိုးစု လက်နက်ကိုင်အဖွဲ့ တွေရဲ့ စိုးမိုးမှုရှိတဲ့ ဒေသလည်းဖြစ်ပါတယ်။

ဒီလို အရေးပါတဲ့ ဒေသတစ်ခုဖြစ်တာကြောင့် လက်မလွှတ်ရဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာလို့ လေ့လာသူတွေက ထောက်ပြပါတယ်။

ဒါ့ကြောင့်လည်း ဒေသတစ်ခုကို ပစ်မှတ်ထားပြီး သတင်းအမှားတွေနဲ့ ဝါဒဖြန့်ဖို့ အမဲလိုက်မုဆိုးကြီးလို ချန်နယ်လိုမျိုးတွေ ပေါ်လာတာလို့လည်း Beautifire of Diversity အဖွဲ့က ဆိုပါတယ်။

အချုပ်ဆိုရမယ်ဆိုရင် စစ်ကောင်စီလော်ဘီချန်နယ်တွေပေါ်လာရခြင်းရဲ့ အန္တိမရည်မှန်းချက်ကတော့ နွေဦးတော်လှန်ရေး ကျဆုံးဖို့ပါပဲ။

အဲဒီလိုကျဆုံးသွားဖို့ကိုလည်း ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုသလို ပြည်သူတွေကို သတ်ကွင်းထဲပို့ပြီး စတေးဖို့ကိုလည်း သူတို့တတွေ ဝန်လေးနေမှာ မဟုတ်တဲ့အကြောင်း သုံးသပ်ရပါတယ်။