BREAKING
January 22, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

December 20, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ

ပြင်သစ်မှာ အမျိုးသားက ဇနီးသည်ကို ဆေးခတ်ပြီး မိတ်ဆွေများနဲ့အတူ ဆယ်စုနှစ်ကြာအောင် အဓမ္မကျင့်

ပြင်သစ်မှာ အမျိုးသားဖြစ်သူက ဇနီးသည်အမျိုးသမီးကို ဆေးခတ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါး ကြာအောင် ကိုယ်တိုင် အဓမ္မကျင့်ခဲ့တဲ့အပြင် တခြားသူတွေကိုပါ ဖိတ်ခေါ်ပြီး အဓမ္မကျင့်စေခဲ့ပါတယ်။

ခံရတဲ့သူကတော့ ဂျီဆဲလ်ပီလီကော့ (Gisèle Pelicot) လို့ခေါ်တဲ့ အမျိုးသမီးဖြစ်ပြီး ဆေးခတ်ခံရပြီး သူမအသိမရှိနေတဲ့အချိန်မှာ အမျိုးသားဖြစ်သူက သူမကို အဓမ္မကျင့်ဖို့အတွက် အွန်လိုင်းပေါ်ကနေ အခြားသူတွေကို ဖိတ်ခေါ်ခဲ့တာပါ။

အမျိုးသားကတော့ ဒိုမနစ်ပီလီကော့ (Dominique Pelicot) လို့ခေါ်ပြီး သူမကို အဓမ္မကျင့်ရာမှာ အခြားအမျိုးသား ၅၀ အထိ ပါဝင်ခဲ့တာကို တရားရုံးမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သူမကို အဓမ္မကျင့်သူတွေထဲ လူကြီး၊ လူငယ် အစုံပါဝင်ခဲ့ပြီး သတင်းထောက်၊ မီးသတ်သမား၊ ရဲတပ်ဖွဲ့တွေကအစ ပါဝင်နေတာပါ။

တရားရင်ဆိုင်ပြီး ၁၆ ပတ်အကြာမှာတော့ တရားရုံးက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ အဓမ္မကျင့်တဲ့ အမျိုးသားနဲ့ အခြားအမျိုးသား ၅၀ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်။

ဒိုမနစ်ကတော့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ ကျခံရမှာ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ ၃ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခံရတာပါ။ 
သူတို့ကို အဓမ္မကျင့်မှု၊ အဓမ္မကျင့်ရင် ကြိုးစားမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်။

ဒီလိုစော်ကားခံရမှုကို တရားရုံးမှာ ဖွင့်ချခဲ့တဲ့ ဂျီဆဲလ်ပီလီကော့ (Gisèle Pelicot) လို့ခေါ်တဲ့ အမျိုးသမီးကတော့ လူသိရှင်ကြားထုတ်ပြောပြီး တရားရင်ဆိုင်ခဲ့ရတာကို လုံးဝနောင်တ မရဘူးလို့ ဆိုပါတယ်။

အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဂျီဆဲလ်ဟာ သူ့အမည်ကို ဝှက်မထားဘဲ တရားရုံးမှာ ခင်ပွန်းဟောင်းနဲ့ သူ့ကို စော်ကားရာမှာ ပါဝင်ခဲ့သူတွေကို ရင်ဆိုင်ခဲ့လို့ သူ့ရဲ့ သတ္တိကို ချီးကျူးနေကြပါတယ်။

လက်ရှိမှာတော့ ဂျီဆဲလ်ဖြစ်ရပ်အတွက် ပြင်သစ်နဲ့ နိုင်ငံတကာက ထိတ်လန့်ခဲ့သလို သူမကို အမျိုးသမီး ပြယုဒ်တစ်ခုအဖြစ် အထင်ကြီး လေးစားနေကြပါတယ်။

Ref: BBC

………………………………..

တောင်ကိုရီးယားသမ္မတကို ဖယ်ရှားဖို့ လွှတ်တော် မဲခွဲဆုံးဖြတ်  

တောင်ကိုးရီးယား သမ္မတ ယွန်းဆုန်ယုန်ကို စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခဲ့တဲ့အတွက် ရာထူးက ဖယ်ရှားဖို့ ဒီဇင်ဘာ ၁၄ ရက်နေ့က လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

လွှတ်တော်ထဲ မဲရလဒ် ၂၀၄ မဲ၊ ကန့်ကွက်မဲ ၈၅ မဲနဲ့ သမ္မတကို ဖယ်ရှားရေးအဆို အောင်မြင်ခဲ့တာပါ။

သူ့ကို ရာထူးကဆိုင်းငံ့ထားပြီး ဝန်ကြီးချုပ် ဟန်ဒက်ဆူးက ယာယီသမ္မတတာဝန် ယူထားချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ရက်ပေါင်း ၁၈၀ အတွင်း စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လူထုကို ဖြေရှင်းနိုင်ဖို့ သမ္မတကို ရာထူးက ဖယ်ရှားနိုင်ရေး အမြန်ဆုံး စဉ်းစားဆုံးဖြတ်ဖို့ အတိုက်အခံခေါင်းဆောင်တွေဘက်က တိုက်တွန်းထားပါတယ်။

လက်ရှိမှာတော့ သမ္မတနဲ့ အနီးကပ် တာဝန်ယူသူတွေကိုလည်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်တဲ့ကိစ္စအတွက် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Ref: CNN

………………………………..

ယူကရိန်းက ရုရှားဗိုလ်ချုပ်ကို မော်စကိုမှာ လုပ်ကြံ

ရုရှားနိုင်ငံ မြို့တော် မော်စကိုက လမ်းမပေါ်မှာ ရုရှား ဗိုလ်ချုပ်ကြီး တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ ယူကရိန်းက ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

မော်စကိုမြို့တော်က ဗိုလ်ချုပ်ကြီးရဲ့ နေအိမ် အပြင်ဘက်မှာ စကူတာမှာ ဗုံးတပ်ဆင်ပြီး အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ခိုက်မှုကြောင့် ရုရှား ဗိုလ်ချုပ်ကြီးနဲ့ လက်ထောက်တို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

သေဆုံးတဲ့သူက ရုရှား စစ်တပ်ရဲ့ နျူးကလီးယား၊ ဇီဝနဲ့ ဓာတု ကာကွယ်ရေးဆိုင်ရာ တပ်ဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Igor Kirillov ဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ်တိုက်နေတာ သုံးနှစ်နီးပါး ကြာလာပြီဖြစ်ပါတယ်။

Ref: BBC

………………………………..

FIFA တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ဗီနီစီးယက် ရရှိ

FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားဆုကို ရီးယဲလ်မက်ဒရစ် နဲ့ ဘရာဇီးတိုက်စစ်မှူး ဗီနီစီးယက် (Vinicius Jr.) က ရရှိသွားခဲ့ပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဗီနီစီးယက် ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရီးယဲလ်အသင်းနဲ့ ဥရောပချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေရခဲ့တဲ့နေရာမှာ အဓိက ကစားသမားဖြစ်ခဲ့တာပါ။

ဗီနီစီးယက်ဟာ စုစုပေါင်း ၄၈ မှတ် နဲ့ အမှတ်အများဆုံးရပြီး မန်စီးတီး နဲ့ စပိန်ကွင်းလယ်လူ ရိုဒရီက ၄၃ မှတ်နဲ့ ဒုတိယ၊ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ဘယ်လင်ဟမ်က ၃၇ မှတ် နဲ့ တတိယ ရသွားခဲ့ပါတယ်။

ဒါကြောင့် သူက ၂၀၀၇ ခုနှစ်က ဘရာဇီးကွင်းလယ်ကစားသမား ကာကာ နောက်ပိုင်း ဘရာဇီးကစားသမားတွေထဲက ဖီဖာရဲ့တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ပစိဖိတ်ကျွန်းနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်၊ အနည်းဆုံး ၂၃ ဦးသေဆုံး

တောင်ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ Vanuatu မှာ ပြင်းအား ၇ ဒဿမ ၃ အဆင့်ရှိတဲ့ငလျင်တစ်ခု ဒီဇင်ဘာ ၁၇ ရက်နေ့က လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့်သေဆုံးသူ အနည်းဆုံး ၂၃ ဦး အထိ ရှိခဲ့တာပါ။

ဒဏ်ရာရရှိသူပေါင်း ၂၀၀ ကျော်ကိုလည်း ဆေးကုသပေးနေရဆဲလို့ ဆိုပါတယ်။

နိုင်ငံက ကျွန်းပေါင်း ၈၀ ကျော်လောက်ပါဝင်ပြီး လူဦးရေ ၃ သိန်း ၃ သောင်းလောက်သာရှိတဲ့ နိုင်ငံငယ်လေးရဲ့ မြို့တော်အနီးမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် မြို့တော်အနီးမှာ သောက်သုံးရေ၊ လျှပ်စစ်မီးနဲ့ တယ်လီဖုန်းလိုင်းတွေလည်းပြတ်တောက်နေပါတယ်။

Ref: The Guardian

………………………………..

ဆီးရီယားပြည်သူ့စစ်ခေါင်း‌ဆောင်ဟောင်းကို ဂျာမနီမှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်

ဆီးရီးယားအာဏာရှင် အာဆတ် လက်ထပ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းကို ဂျာမနီ တရားရုံးက ထောင်ဒဏ် ၁၀ နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့က ချမှတ်လိုက်ပါတယ်။

အသက် ၄၇ နှစ် အရွယ် Ahmad H. ဟာ ၂၀၁၆ ခုနှစ်က ဂျာမနီကို ရောက်လာခဲ့တာပါ။ 

အာဆတ် ပြုတ်ကျသွားခဲ့ပေမဲ့ သူ့လက်ထက်က ဆီးရီးယားမှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဂျာမနီမှာ အာမက်က တရား ရင်ဆိုင်ရတာ ဖြစ်ပါတယ်။

ညှင်းပန်းနှိပ်စက်မှု၊ ကျွန်ပြုမှု နဲ့ လွတ်လပ်ခွင့်များ ပိတ်ပင်မှု အပါအဝင် ရာဇဝတ်မှုတွေကို အာမက်က ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။

ပြည်သူ့စစ်တွေက လူတွေကို ဖမ်းပြီး မိသားစုတွေကို ငွေညှစ်၊ အဓမ္မ လုပ်အားပေးခိုင်း ဒါမှမဟုတ် ညှင်းပန်း နှိပ်စက်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: The New Arab

………………………………..

ယူကရိန်းတိုက်ခိုက်မှုကြောင့် ရုရှားရေနံချက်စက်ရုံ မီးလောင်

ယူကရိန်းဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ ရုရှားနိုင်ငံ ရော့စတိုဒေသက ရေနံချက်စက်ရုံ ဒီဇင်ဘာ ၁၉ ရက်နေ့က မီးလောင်သွားခဲ့ပါတယ်။

‌ယူကရိန်းဘက်က တိုက်ခိုက်မှုကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဒါ့အပြင် လူနေအိမ်အတော်များများလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆိုပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ရော့စတိုဒေသမှာ ယူကရိန်းရဲ့ ဒရုန်း ၃၆ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားဘက်ကလည်း ဒရုန်းပေါင်း ၈၀ ကျော်နဲ့ ယူကရိန်းကို ပြန်တိုက်ခိုက်လို့ လူနေအိမ်တွေ ဆေးရုံနဲ့ ကျောင်းတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

Ref: VOA

………………………………..

အမေရိကန်ပြည်သူတွေ လူ့သက်တမ်း ၁ နှစ် ပိုရှည်လာ

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ ပြည်သူတွေရဲ့ သက်တမ်းဟာ တစ်နှစ် ပိုပြီးရှည်လာတယ်လို့ အမေရိကန်နိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ အမေရိကန်မှာ သေဆုံးမှုနှုန်းအများဆုံးဖြစ်တဲ့ ကိုဗစ် ၁၉၊ နှလုံးရောဂါနဲ့ ဆေးအလွန်အကျွံ သုံးစွဲမှုတွေနဲ့ပတ်သက်ပြီး သေဆုံးနှုန်း ကျဆင်းလာနေတာပါ။

အမေရိကန်တွေရဲ့ သက်တမ်းဟာ ခန့်မှန်းခြေအားဖြင့် တစ်နှစ်နီးပါးလောက် ပိုအသက်ရှည်လာတယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် ကိုဗစ် ၁၉ ကပ်ရောဂါက လွန်မြောက်ပြီး ပြန်ရုန်းထလာနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။

Ref: CNN

………………………………..

တောင်အာဖရိက TikTok ဆယ်လီတစ်ဦး ရှားပါးရောဂါကြောင့် အသက် ၁၉ နှစ်မှာ ကွယ်လွန်

လူမှုကွန်ယက်အသုံးပြုသူတွေကို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ ဗီဒီယိုတွေနဲ့ နာမည်ကြီးတဲ့ TikTok ကြယ်ပွင့် ဘီယန်ဒရီ ဘိုရ်ဆန် (Beandri Booysen) ဟာ အသက် ၁၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဘီယန်ဒရီဟာ Progeria လို့ခေါ်တဲ့ ကလေးတွေကို အရွယ်မတိုင်ခင် အသက်ကြီးရင့်စေတဲ့ ရှားပါးမျိုးရိုးဗီဇရောဂါကို ခံစားနေရသူပါ။

သူ့ရဲ့မိခင်ဖြစ်သူက သူမသေဆုံးကြောင်း ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

ဘီယန်ဒရီက သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ရယ်မောခြင်းတွေကြောင့် နာမည်ကြီးသူတစ်ယောက်ပါ။

တောင်အာဖရိကမှာ Progeria ရောဂါနဲ့ နေထိုင်ဖို့ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူလည်းဖြစ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့မှာ ဘီယန်ဒရီ နှလုံးခွဲစိတ်မှုခံယူရမယ်လို့ သူ့မိခင်ကြေညာပြီးတဲ့နောက်မှာ အခုလို ကွယ်လွန်သွားပြီဆိုတဲ့ သတင်းထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

Ref: NDTV

………………………………..