BREAKING
January 22, 2025

ပြင်သစ်မှာ အမျိုးသားက ဇနီးသည်ကို ဆေးခတ်ပြီး အပေါင်းအဖော်တွေနဲ့အတူ နှစ်ပေါင်းများစွာ အဓမ္မကျင့်

December 20, 2024

ပြင်သစ်မှာ အမျိုးသားဖြစ်သူက ဇနီးသည်အမျိုးသမီးကို ဆေးခတ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါး ကြာအောင် ကိုယ်တိုင် အဓမ္မကျင့်ခဲ့တဲ့အပြင် တခြားသူတွေကိုပါ ဖိတ်ခေါ်ပြီး အဓမ္မကျင့်စေခဲ့ပါတယ်။

ခံရတဲ့သူကတော့ ဂျီဆဲလ်ပီလီကော့ (Gisèle Pelicot) လို့ခေါ်တဲ့ အမျိုးသမီးဖြစ်ပြီး ဆေးခတ်ခံရပြီး သူမအသိမရှိနေတဲ့အချိန်မှာ အမျိုးသားဖြစ်သူက သူမကို အဓမ္မကျင့်ဖို့အတွက် အွန်လိုင်းပေါ်ကနေ အခြားသူတွေကို ဖိတ်ခေါ်ခဲ့တာပါ။

အမျိုးသားကတော့ ဒိုမနစ်ပီလီကော့ (Dominique Pelicot) လို့ခေါ်ပြီး သူမကို အဓမ္မကျင့်ရာမှာ အခြားအမျိုးသား ၅၀ အထိ ပါဝင်ခဲ့တာကို တရားရုံးမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သူမကို အဓမ္မကျင့်သူတွေထဲ လူကြီး၊ လူငယ် အစုံပါဝင်ခဲ့ပြီး သတင်းထောက်၊ မီးသတ်သမား၊ ရဲတပ်ဖွဲ့တွေကအစ ပါဝင်နေတာပါ။

တရားရင်ဆိုင်ပြီး ၁၆ ပတ်အကြာမှာတော့ တရားရုံးက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ အဓမ္မကျင့်တဲ့ အမျိုးသားနဲ့ အခြားအမျိုးသား ၅၀ ဦးကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်လိုက်ပါတယ်။

ဒိုမနစ်ကတော့ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် အနှစ် ၂၀ ကျခံရမှာ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ ၃ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခံရတာပါ။

သူတို့ကို အဓမ္မကျင့်မှု၊ အဓမ္မကျင့်ရန် ကြိုးစားမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်တာ ဖြစ်ပါတယ်။

ဒီလိုစော်ကားခံရမှုကို တရားရုံးမှာ ဖွင့်ချခဲ့တဲ့ ဂျီဆဲလ်ပီလီကော့ (Gisèle Pelicot) လို့ခေါ်တဲ့ အမျိုးသမီးကတော့ လူသိရှင်ကြားထုတ်ပြောပြီး တရားရင်ဆိုင်ခဲ့ရတာကို လုံးဝနောင်တ မရဘူးလို့ ဆိုပါတယ်။

အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဂျီဆဲလ်ဟာ သူ့အမည်ကို ဝှက်မထားဘဲ တရားရုံးမှာ ခင်ပွန်းဟောင်းနဲ့ သူ့ကို စော်ကားရာမှာ ပါဝင်ခဲ့သူတွေကို ရင်ဆိုင်ခဲ့လို့ သူ့ရဲ့ သတ္တိကို ချီးကျူးနေကြပါတယ်။

လက်ရှိမှာတော့ ဂျီဆဲလ်ဖြစ်ရပ်အတွက် ပြင်သစ်နဲ့ နိုင်ငံတကာက ထိတ်လန့်ခဲ့သလို သူမကို အမျိုးသမီး ပြယုဒ်တစ်ခုအဖြစ် အထင်ကြီး လေးစားနေကြပါတယ်။

Ref : BBC