ထားဝယ်အရှေ့တောဒေသက ကော်သူးလေတပ်ဖွဲ့(KTLA)၏ စခန်း ၅ ခုကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး KTLA တပ်ဖွဲ့ဝင်ဆယ်ဦးကျော်နှင့် လက်နက်များ သိမ်းဆည်းရရှိထားကြောင်း KNU/KNLA (ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်) တာဝန်ရှိသူကဆိုသည်။
ဒီဇင်ဘာ ၈ ရက်က KNLA တပ်ရင်း(၁၂) တပ်ခွဲ ၄ က ဒုတပ်ခွဲမှူးစောဂျိုးကို KTLA တပ်ရင်း(၃) ဒုတပ်ရင်းမှူး ဗိုလ်ဒါးကေနှင့်အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် ၁၁ ရက်အကြာ ဒီဇင်ဘာ ၁၉ ရက်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့က မနေ့က သူတို့နေတဲ့စခန်း ၅ ခုကိုဝင်ရှင်းပစ်လိုက်တယ်” ဟု KNLA တပ်ရင်းတစ်ခုက တပ်ရင်းမှူးက ပြောသည်။
နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် KTLA တပ်ဖွဲ့ဝင် ၁၃ ဦးအရှင်ဖမ်းမိပြီး လက်နက် ၁၃ လက်သိမ်းဆည်းရရှိသည်ဟု တပ်ရင်းမှူးက ပြောသည်။
၎င်းတို့ ၁၃ ဦးနှင့် လက်နက် ၁၃ လက်ကို KNU တပ်မဟာဌာနချုပ်ကို ပြန်လည်လွဲအပ်ထားပြီး လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟု KNU/KNLA ထံကသိရသည်။
KNLA နှင့် ယခင်ကတည်းက မဟာမိတ်သဘော ပူးပေါင်းနေသည့် နောက်ထပ် KTLA တပ်သား ၁၃ ဦးကိုမူ လက်နက်နှင့်အတူဖမ်းမိခဲ့သော်လည်း ၎င်းတို့နှင့်ပူးပေါင်းထားသူများဖြစ်သဖြင့် လက်နက်များကို ပြန်လည်ပေးအပ်လိုက်သည်ဟု တပ်ရင်းမှူးက ဆိုသည်။
KTLA တပ်ဘက်က KNU/KNLA တပ်ဖွဲ့များကို ရန်သူသဖွယ်သတ်မှတ်ပြီး မကြာခဏ လုပ်ကြံသတ်ဖြတ်မှု၊ ခြုံခိုပစ်ခတ်တိုက်ခိုက်မှု၊ ဖမ်းဆီးမှုများလုပ်ဆောင်နေသဖြင့် KNU က နယ်မြေရှင်းလင်းရခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
“ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဒီ KTLA အဖွဲ့က တပ်ရင်း ၁၀ ဧရိယာမှာနေတယ်၊ တပ်ရင်း ၁၂ ဧရိယာမှာနေတယ်။ ကျွန်တော်တို့ကလည်း နားလည်မှုနဲ့ဘာမှမလုပ်ဘူး။ ဒါပေမဲ့ သူတို့ကတော့ နေနေရင်းနဲ့ကျွန်တော်တို့ကို အမြဲတမ်းခြုံခိုတိုက်ခိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်က လူတွေရော ခေါင်းဆောင်တွေရော လုပ်ကြံခံရတာ အဆက်မပြတ်လုပ်နေတော့ ကျွန်တော်တို့ဘက်က နယ်မြေရှင်းရမှာပဲ” ဟု ပဒိုစောအယ်နားက ဆိုသည်။
KTLA တပ်က ဘုံရန်သူဖြစ်သည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းမရှိဘဲ KNU/KNLA တပ်များကို မကြာခဏ လုပ်ကြံတိုက်ခိုက်နေသဖြင့် KNU နယ်မြေတွင် ဆက်လက်နေထိုင်ခွင့် မပေးတော့ဘဲ KTLA တပ်များကို ရှင်းလင်းဖယ်ရှားသွားမည်ဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောသည်။
အထက်ပါကိစ္စရပ်များနှင့်ပက်သက်ပြီး KTLA တပ်မဟာမှူး ဗိုလ်မှူးချုပ် ဗိုလ်အယ်ခွီးကို Dawei Watch က ဆက်သွယ်မေးမြန်းဖို့ကြိုးစားသော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။
ဒီဇင်ဘာ ၁၉ ရက်တွင် KNU တပ်မဟာ(၄) KNLA တပ်နှင့် KTLA တပ်တို့ထားဝယ်ခရိုင်တွင်း နှစ်ဖက်တွေ့တိုက်ပွဲဖြစ်ပွားသည်မှာ မှန်ကန်ပြီး ကရင်အမျိုးသားတော်လှန်ရေးအချင်းချင်း ပဋိပက္ခတွင် အခြားသောတော်လှန်ရေး လက်နက်ကိုင် အင်အားစုအဖွဲ့အစည်းများနှင့် မသက်ဆိုင်ကြောင်း KTLA က ယနေ့ (ဒီဇင်ဘာ ၂၀) မနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
ကရင်တော်လှန်ရေးအချင်းချင်းဖြစ်ပွားသော ပြဿနာများကို ၎င်းတို့ဘာသာ ကိုယ်ပိုင်ဆုံးဖြတ် ဖြေရှင်းသွားမှာဖြစ်ပြီး ကြားနေဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ကြရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။