BREAKING
January 22, 2025

မာနယ်ပလောဌာနချုပ်ကို ပြန်သိမ်းနိုင်ခြင်းက ဘာကြောင့်အရေးကြီးသလဲ

December 20, 2024

(၁) မာနယ်ပလောဌာနချုပ် စခန်းဟောင်းနေရာကို ပြန်သိမ်းပြီ…

တစ်ချိန်က KNU- ကရင့်အမျိုးသားအစည်းအရုံး ဌာနချုပ်စခန်း၊ DAB, NUUB တပ်ပေါင်းစုတွေရဲ့ ဌာနချုပ်စခန်း၊ NCG အမျိုးသားညွန့်ပေါင်းအစိုးရ၊ ABSDF- ကျောင်းသားတပ်မတော်ရဲ့ ဌာနချုပ်စခန်းတွေဖြစ်ခဲ့ဖူးတဲ့ မာနယ်ပလောစခန်းဟောင်းနေရာကို ဒီဇင်ဘာလ ၁၆ ရက်မှာ KNU တပ်ပေါင်းစုက ပြန်သိမ်းလိုက်ပြီဆိုတဲ့သတင်းဟာ စာရေးသူကို အတော်ခွန်အားဖြစ်စေပါတယ်။

တကယ်ဆို ဒီလိုသတင်းကြီးမထွက်ခင် လွန်ခဲ့တဲ့သီတင်းပတ်တွေကတည်းက အခုနောက်ဆုံးသိမ်းလိုက်တဲ့ အမှတ် ၃၁၁ အမြောက်တပ်ရင်း၊ ပွိုင့် ၉၁၃ စခန်းကုန်းမတိုင်ခင် စခန်းငယ်တွေဖြစ်တဲ့ ဂယ်‌ဂေါ်ကျိုး ၊ ထီးသေဃိ၊ ထီးထောထ… စတဲ့ စခန်းတွေကို KNU က ဆက်တိုက်သိမ်းနေတာကို သတိထားမိပါတယ်။

ဒါပေမဲ့ KNLA တပ်မဟာ ၇ နဲ့ KNDO တို့ က ခြေသံလုံလုံနဲ့ အချိန် ၃ လခန့်ယူပြီး ဝိုင်းဝန်းပိတ်ဆို့၊ အမှည့်ခြွေဗျုဟာနဲ့ တိုက်နေတာဆိုတော့ အဲသတင်းတွေကို KNU ဖက်က သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။ ကရင်သတင်းရင်းမြစ်တွေမှာသာ ဖတ်ခဲ့ရတာမျိုးပါ။

အခု ဒီဇင်ဘာ ၁၆ ရက်နေ့မှာတော့ မာနယ်ပလောဌာနချုပ်စခန်းဟောင်းဂွင် တစ်ခုလုံးကို KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ တပ်ပေါင်းစုက သိမ်းလိုက်ပြီ၊ စစ်ကောင်စီဖက်က တပ်ရင်းမှူးအပါအဝင် ၆ ဦးကို အရှင်ဖမ်းမိ၊ ၁၂၀ မမ အပါအဝင် လက်နက်မျိုးစုံ ၃၀ ခန့် ရရှိ … စတဲ့သတင်းအသေးစိပ်ကို ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်လာတာ တွေ့ရပါတယ်။

မာနယ်ပလောဂွင်တစ်ခုလုံးကို KNLA တပ်မဟာ ၇ က သိမ်းလိုက်ပြီဖြစ်တဲ့အတွက် သောင်ရင်းမြစ်တစ်လျှောက် လွတ်လပ်စွာသွားနိုင်ပြီ၊ သံလွင်မြစ်ကြောင်းတစ်လျှောက်လုံးကိုလည်း KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တပ်ပေါင်းစုက သိမ်းထားပြီဖြစ်တဲ့အတွက် သံလွင်-သောင်ရင်း မြစ်တစ်လျှောက် အများပြည်သူတွေ လွတ်လပ်စွာသွားလာနိုင်ပြီလို့ KNU တာဝန်ရှိသူတွေက ပြောပါတယ်။

“ဒါဟာ တပ်မဟာ ၇ က ခြေသလုံလုံနဲ့ လနဲ့ချီကြိုးပမ်းမှုရဲ့ ရလဒ်ပါ။ ဒါဟာ ကျွန်တော်တို့အတွက် ခရစ်စမတ်လက်ဆောင်ပါ။ ဘယ်လောက်ပဲအခက်အခဲတွေရှိပါစေ- ပစ္စည်းမှန်ရင် မူလပိုင်ရှင်လက်ထဲ တစ်နေ့ ပြန်ရောက်ရမှာပါပဲ။ ဒါဟာ ရှေ့တစ်ဆင့်တိုးတက်လာတဲ့ အောင်မြင်မှုဖြစ်တယ်၊ စစ်ရေးအပြင် နိုင်ငံရေးအရပါ ထူးခြားတဲ့အောင်မြင်မှုဖြစ်တယ်” လို့ KNU ပြောခွင့်ရ ပဒိုစောတာနီက ပြောပါတယ်။

(၂) တစ်ခါက မာနယ်ပလော…

မာနယ်ပလောဌာနချုပ်စခန်းဆီ စာရေးသူ ပထမ အခေါက် ရောက်ဖူးတာ ၁၉၈၉ သင်္ကြန်မတိုင်ခင် ကာလလို့ ထင်ပါတယ်။ ABSDF ကရင်နယ်မြေကော်မတီ တာဝန်ရှိသူတစ်ဦးအနေနဲ့ ရောက်သွားတာပါ။

၈ လေးလုံးအရေးတော်ပုံဖြိုခွဲခံရပြီးနောက် နယ်စပ်ဒေသဆီရောက်လာတဲ့ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ABSDF အားအကောင်းဆုံးအချိန်၊ ကျောင်းသားတွေအပါအဝင် ပြည်တွင်းကရောက်လာတဲ့ အဖွဲ့တွေ၊ နယ်စပ်ဒေသရှိ NDF (အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ခုက ကိုယ်စားလှယ်တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ DAB (ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့-မြန်မာနိုင်ငံ) တပ်ပေါင်းစု အားအကောင်းဆုံးအချိန်ပေါ့။

DAB စစ်ကြောင်းတွေ စတင်ဖွဲ့စည်းချိန်မို့ စာရေးသူတို့ (မြိတ်-ထားဝယ်ဒေသ) မင်းသမီးစခန်းက ကျောင်းသား ၂၀ ခန့်ဟာလည်း အဲဒီစစ်ကြောင်းမှာပါဖို့အတွက် မာနယ်ပလောကို ရောက်နေချိန်လည်းဖြစ်ပါတယ်။

စာရေးသူတည်းတဲ့နေရာက KNU အထွေထွေအတွင်းရေးမှူး ပဒိုဘသင်စိန်ရဲ့ ရုံးခန်းမှာ။ သောင်းရင်းမြစ်လှေဆိပ်ကနေ တက်လာရတဲ့ မညီမညာလှေကားခါးထစ်တွေရဲ့ အဆုံးမှာ သူ့ ရုံးခန်းပါပဲ။

ရုံးခန်းရဲ့ မျက်နှာချင်းဆိုင်မှာ နိုင်ငံတကာဧည့်သည်တွေ တည်းခိုတဲ့ တည်းခိုဆောင်ရှိပါတယ်။ ရေမီးအစုံနဲ့ အနောက်တိုင်းစားစရာတွေ အကုန်ရနိုင်သလို လူဖြူဧည့်သည်တွေ အမြဲတန်းလိုလိုရှိနေပါတယ်။

အဲဒီအဆောင်ရဲ့နောက်ကျောမှာတာ့ မာနယ်ပလော အစည်းဝေးခန်းမဆောင်နဲ့ မာနယ်ပလော ဘောလုံးကွင်း သို့မဟုတ် ရှိသမျှပွဲအားလုံး အဲမှာ အကုန်ကျင်းပတာဖြစ်တဲ့တွက် မာနယ်ပလောရင်ပြင်လို့လည်း ခေါ်ကြပါတယ်။

အဲဒီဘေးမှာ KNLA စစ်ရုံးချုပ်နဲ့ ဘေးနားမှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြရဲ့ အိမ်ဖြူတော်ကြီး၊ အဲဒါနဲ့ မျက်နှာချင်းဆိုင်မှာတော့ အခု ကျွန်တော်တည်းနေတဲ့ အတွင်းရေးမှူး ပဒိုဘသင်စိန်၊ တွဲဖက် အတွင်းရေးမှူး ပဒိုစံလင်း၊ ဒုဥက္ကဋ္ဌ ပဒိုသန်းအောင်၊ မဟာမိတ်ဆက်ဆံရေးက ဗိုလ်ချုပ်မောင်မောင်တို့ရဲ့ ရုံးခန်းတွေ…

အဲ့ဒီအချိန်က ၁၉၈၉ ဆိုတော့ DAB ပဲရှိသေးပြီး ၁၉၉၀ ရွေးကောက်ပွဲပြီးမှာမှ ရောက်လာတဲ့ NCG, NUCB တို့ မရှိသေးပါ။ ၁၉၉၀ အလွန်မှာတော့ DPNS လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရုံးတွေ၊ NUG- အမျိုးသားညွန်ပေါင်းအစိုးရရုံးတွေ၊ ဒေါ်အောင်ဆန်းစုကြည်လမ်းတွေ မာနပလောရင်ပြင်ရဲ့ အပေါ်ဖက်၊ ကချင်ကုန်း (KIA- အပါဝင် NDF တပ်အသီးသီး မာနယ်ပလောမှာ ရုံးခန်းရှိပါတယ်) နဲ့ ထီးသေခီးရွာဖက် အထွက်လမ်းမှာ ရှိလာကြပါတယ်။

ဆိုလိုတာက မာနယ်ပလောဆိုတာဟာ တောကြီးမျက်မည်းထဲက လူသူမရောက်တဲ့ တောတွင်းစခန်း မဟုတ်ဘူး။ ရေအားလျှပ်စစ်ကနေ ၂၄ နာရီ လျှပ်စစ်မီးရအောင် လုပ်ထားပေးနိုင်တယ်။ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေးအဖွဲ့ပေါင်းစုံရဲ့ ဌာနချုပ်နေရာဖြစ်တယ်။ စစ်အုပ်စုပြုတ်ကျရေးအတွက် ခေါင်းဆောင်အသီးသီး ခေါင်းချင်းဆိုင် ဆွေးနွေးတိုင်ပင်ခဲ့တဲ့နေရာဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးအရ အလွန်အရေးပါတဲ့နေရာကို ၁၉၉၂ အစောပိုင်းမှာ စစ်တပ်က ထိုးစစ်ဆင်ပါတယ်။ စာရေးသူတို့ မြိတ်-ထားဝယ်ဒေသ မင်းသမီးစခန်းက ABSDF တပ်ဖွဲ့ဝင်တွေအပါအဝင် DAB အဖွဲ့ဝင်တွေက စစ်ကူတပ်တွေ အသီးသီး မာနယ်ပုလောဆီ ပို့ကြပါတယ်။

ဒီလို တပ်ပေါင်းစုအားနဲ့ ခုခံတဲ့အတွက် ၁၉၉၂ ထိုးစစ်မှာ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးမှူး ဗိုလ်ချုပ်မောင်လှဟာ KNLA စစ်ဆင်ရေးမှူး ဗိုလ်ချုပ်မြဆီမှာ အရှုံးပေးလိုက်ရပါတယ်။ အဲဒီ နောက်ပိုင်း မာနယ်ပလောဟာ ပိုနာမည်ကြီး ထင်ရှားလာခဲ့ပေါ့။

ဒါပေမဲ့ ၁၉၉၄ နှောင်းပိုင်းမှာတော့ မာနယ်ပလေစခန်းရဲ့အောက်ဖက် သောင်ရင်းနဲ့ သံလွင်မြစ်ဆုံရာ သူးမွဲထမှာ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ဘာသာအကြား ပြသာနာ စဖြစ်ရာကနေ DKBA (ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော်) ပေါ်လာပြီး ကရင်လက်နက်ကိုင်တွေကြား ပြဿနာတက်ရာကနေ မာနယ်ပလောဌာနချုပ် ကျဆုံးရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

(၃) ဖထီးတွေ အထနှေးသလား…

၁၉၉၅ ဇန်နဝါရီမှာ ကျသွားတဲ့ မာနယ်ပလောဌာနချုပ်ဟောင်းစခန်းကို အခု နှစ်ပေါင်း ၃၀ ကြာပြီးချိန်မှာမှ KNU နဲ့ တပ်ပေါင်းစုက ပြန်သိမ်းနိုင်ခဲ့ပါတယ်။ ဘာကြောင့် ဒီလောက်အချိန်ကြာခဲ့တာလဲ…

အရင် စစ်တပ်အင်အားကောင်းချိန်ကိုတော့ ထားလိုက်ပါတော့။ ၂၀၂၁ ဖေဖေါ်ဝါရီနောက်ပိုင်း လူငယ်မျိုးဆက်သစ်တွေ နယ်စပ်ဒေသဆီရောက်လာပြီး PDF ဖွဲ့ပြီးချိန်မှာ၊ အထူးသဖြင့် ၁၀၂၇ စစ်ဆင်ရေးပေါ်လာပြီး မြောက်ပိုင်းကအဖွဲ့တွေနဲ့ ရခိုင်ဖက်မှာ မြို့တွေတစ်မြို့ပြီးတစ်မြို့ သိမ်းနေချိန်မှာ…

မာနယ်ပလော အပေါ်ဖက်နားရှိ တပ်မဟာ ၅ အစပ်က KNPP, KNDF တွေက မြို့တွေ၊ နယ်မြေတွေ သိမ်းနေချိန်မှာ KNU က မာနယ်ပလောသိမ်းဖို့အရေး ဘာကြောင့် အခုမှ ထ လုပ်နိုင်တာလဲ…

ဝေဖန်သူတွေအတော်များများက ဒီလိုမေးခွန်းထုတ်ကြပါတယ်။ အထူးသဖြင့် မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးပေါ်လာပြီး လားရှိုးအပါဝင် ရှမ်းမြောက်ဒေသတစ်ခုလုံးကို သိမ်းလိုက်ချိန်မှာ၊ AA ကလည်း ရခိုင်ပြည်တစ်ခုလုံးနီးပါးကို သိမ်းနေချိန်မှာ နိုင်ငံရေးအစဉ်အလာကြီးတဲ့ KNU က ဘာကြောင့် ဒီလောက် အထနှေးနေတာလဲ…

မာနယ်ပလောအခြေနေကိုပဲ ပြန်ကောက်ပြောရမယ်ဆိုရင် မာနယ်ပလော ကျဆုံးခြင်းရဲ့အစ ကရင်လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းကြား သွေးကွဲမှုကနေဖြစ်သွားတဲ့ ဇာတ်လမ်းဟာ အခုထိ ဇာတ်ပေါင်းခန်း မရောက်သေးတဲ့ ပြဿနာလို့ ထင်ပါတယ်။

အခု စစ်ဆင်ရေးအရှိန်ကောင်းနေတဲ့ ရခိုင်နဲ့ မြန်မာပြည်မြောက်ပိုင်းက တိုင်းရင်းသား တော်လှန်ရေးတပ်တွေထဲမှာ ကရင်လောက် အဖွဲ့ခွဲများတဲ့အဖွဲ့ မရှိပါဘူး။ စကွဲစဉ်က ဘာသာရေးလိုလို၊ နိုင်ငံရေးလိုလိုပြောကြပေမယ့် အခု နှစ် ၃၀ အကြာမှာတော့ အဲဒီခွဲထွက် အဖွဲ့တွေ KNU နဲ့ ပြန်မပေါင်းနိုင်တဲ့အဓိကအချက်ဟာ အကျိုးစီးပွား ပြဿနာကြောင့်လို့ ပြောရမလို ဖြစ်လာနေပါတယ်။

မာနယ်ပလောကိုသိမ်းလိုက်ပြီ၊ သောင်းရင်းမြစ်တစ်လျှောက် လွတ်လပ်စွာသွားနိုင်ပြီလို့ KNU တာဝန်ရှိသူတွေကပြောနေပေမယ့် တပ်မဟာ ၇ နဲ့ တပ်မဟာ ၆ အစပ်က သောင်ရင်းမြစ်ဘေးမှာ ဗိုလ်ချစ်သူရဲ့ BGF – ရွှေကုက္ကို လောင်းကစားမြို့ကြီးခံနေတာ အားလုံးသိနေတဲ့ လျှို့ဝှက်ချက်ကြီးပါ။

အဲဒီအပေါ်လေးနားမှာ မနှစ်သင်္ကြန်ဝန်းကျင်က တိုက်ပွဲတွေအကြီးအကျယ်ဖြစ်ခဲ့တဲ့ မြဝတီမြို့ကော အခု ဘာဖြစ်သွားသလဲ…

ဒီလိုဒီလို နောက်ခံအချက်အလက်တွေရှိနေတဲ့အတွက် ဖတီးတွေ အထနှေးနေတာဖြစ်တယ်။ မြောက်ပိုင်းအဖွဲ့တွေနဲ့ ဟန်ချက်ညီ မလိုက်နိုင်တာဖြစ်မယ်လို့ ယူဆရပါတယ်။

(၄) မာနာပလောရဲ့ အလွန်…

ဒီလို အခက်ခဲတွေကြားထဲကနေ အခု မာနယ်ပလောဌာနချုပ်ကို ပြန်သိမ်းလိုက်ပြီဆိုတော့ KNU ဟာ အရင်ခေတ်ကလို တပ်ပေါင်းစုကို ပြန်ဦးဆောင်လာနိုင်တော့မှာလား…

ဝေဖန်သူတွေရဲ့အဆိုအရကတော့ စစ်ရေးအရဆိုရင် မာနယ်ပလောစခန်းကို သိမ်းတာအပြင် အဲဒီရှေ့က စိုးမိုးကုန်းတွေဖြစ်တဲ့ ခွေးအိပ်တောင်နဲ့ မယ်ညောခီးတောင်တွေကိုပါ အရင်သိမ်းဖို့ လိုနေပါသေးတယ်။

နိုင်ငံရေးအရဆိုရင်ကော… မာနယ်ပလောမှာ အရင်လို တပ်ပေါင်းစုဌာနချုပ်တွ ပြန်ပြီး ရုံးထိုင်ကြမလား…

ပြောဖို့စောသေးပေမယ့် NUG သမ္မတက နိုင်ငံခြားရောက်နေတဲ့ သူရဲ့ ဝန်ကြီးတွေအားလုံး လွတ်မြောက်ဒေသဆီ ပြန်လာကြဖို့ ဆင့်ခေါ်တာနဲ့ မာနယ်ပလော ဒေသ လွတ်မြောက်လာမှုဟာ တိုက်ဆိုင်နေပါတယ်။

ရှေ့မှာပြောခဲ့တဲ့ လူငယ်ခြေတက် မြောက်ပိုင်းညီနောင် ၃ ဖွဲ့၊ အခုဆိုရင် ဝါရင့်သဘာရင့် KIA အပါဝင် တော်လှန်ရေးအဖွဲ့ အတော်များများဟာ မိမိဒေသလွတ်မြောက်ရေး ပထမ၊ ကျန်တာ ဒုတိယလို့သဘောထားပြီး မြို့သိမ်း၊ နယ်သိမ်း ဦးစားပေးလုပ်နေတာ အားလုံးအမြင်ပါ။

ဒါပေမဲ့ လွတ်မြောက်ဒေသကျယ်ပြန့်လှတဲ့ သူတို့ဒေသမှာ NUG ဝန်ကြီးတွေ ရုံးထိုင်နေတယ်ဆိုတာမျိုး ဘယ်အဖွဲ့ကမှ ထုတ်ပြောတာ မကြားမိသေးပါ။

တရားဝင်ထုတ်ပြန်ချက်တွေမရှိသေးပေမယ့် ဆိုရှယ်မီဒီယာမှာ တွေ့နေရတဲ့ ဓာတ်ပုံတွေအရ NUG ဝန်ကြီးအများစုနဲ့ ပြည်တွင်းကနေ ထွက်ပြေးလာရသူအများစုဟာ KNU နယ်မြေနဲ့ KNPP (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) နယ်မြေမှာ ရှိနေတယ်လို့ ယူဆရပါတယ်။

ဆိုတော့ KNU က မာနယ်ပလောကို သိမ်းပြီးချိန်မှာ NUG အပါဝင် အဖွဲ့ပေါင်းစုံရဲ့ ရုံးခန်းတွေ မာနယ်ပလောမှာ ပြန်ရုံးစိုက်ခွင့်ပေးမှာလား… မာနယ်ပလောဟာ အရင်ခေတ်ကလို ဘူမိနက်သန်အဖြစ် တစ်ဖန်ပြန်လည် ရှင်သန်လာမှာလား…

ခေတ်တွေကပြောင်းသွားပြီမို့ အရင်လို တစ်နေရာတည်းမှာ စုထိုင်နေဖို့မလိုတော့ဘူး။ အင်တာနက်ရှိရင် နေရာတိုင်းကနေ ဆွေးနွေးပွဲတက်လို့ရတယ်လို့ ပြောကြလေမလား… ဒါပေမဲ့ အွန်လိုင်းအစည်းအဝေးနဲ့ လူတွေ့အစည်းအဝေး ဘယ်တူပါ့မလဲ… အွန်လိုင်းနဲ့ အလုပ်ဖြစ်နေရင် NUG သမ္မတက သူ့ဝန်ကြီးတွေကို ပြန်လာကြဖို့ ဘယ်ဆင့်ခေါ်ပါ့မလဲ…

နောက်အရေးကြီးတဲ့အချက်က KNU နယ်မြေ (KNPP နယ်မြေလည်း အလားတူပါပဲ) ဟာ ရှေ့မှာပြောခဲ့တဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့နယ်မြေ၊ KIA နယ်မြေတွေလို နေပြည်တော်နဲ့ မိုင်ပေါင်းများစွာအဝေးမှာ ရှိနေတာမျိုး မဟုတ်ပါ။

စစ်တပ်ရဲ့ဌာနချုပ် နေပြည်တော်၊ လူထုရဲ့ဌာနချုပ် ရန်ကုန်နဲ့ တစ်ရက်တာခရီးမှာပဲ ရှိနေပါတယ်။ စစ်ခေါင်းဆောင်တွေရဲ့ အာဏာဗဟိုချက်ကို အချိန်မရွေး ဒုက္ခပေးနိုင်တဲ့ အကွာအဝေးမှာ ရှိနေတာဖြစ်ပါတယ်။

ဒုတိယအချက်က KNU ဟာ သူ့ဒေသလွတ်မြောက်ရေးထက် တစ်နိုင်ငံလုံး လွတ်မြောက်ရေးဖက်ကို ပိုအလေးပေးတယ်လို့ ယူဆရပါတယ်။ ၁၉၈၈ နောက်ပိုင်းကနေ အခုအချိန်အထိ ပြည်တွင်းကနေ ထွက်လာသမျှ အဖွဲ့အားလုံးကို လက်ခံထားပြီး တပ်ပေါင်းစုနဲ့ အောင်ပွဲခံရေးဆိုတဲ့မူကို ဆက် ဆုပ်ကိုင်ထားဆဲဖြစ်ပါတယ်။

ဆိုတော့ KNU သာ အခုနှုန်းအတိုင်း တဖြည်းဖြည်းနဲ့ ရှေ့ကိုဆက်တက်လာနိုင်မယ်ဆိုရင် မာနယ်ပလော ဌာနချုပ်စခန်းဟောင်း သိမ်းပိုက်နိုင်မှုကနေ တော်လှန်ရေး ရှေ့တစ်ဆင့် တက်လာတဲ့အထိ တစ်ဆင့်ခြင်း ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်နိုင်ပါတယ်။

ဒါပေမဲ့ “အချိန်နဲ့ဒီရေသည် လူကိုမစောင့်” … “သံပူချိန်မှာ နာနာထုထား”… ဆိုသလို… စစ်ကောင်စီတပ် ပြိုကျနေချိမှာ အရှိန်ကိုမြှင့်ပြီး ထိုးစစ်ဆင်နိုင်ဖို့တော့ လိုမယ်ထင်ပါတယ်။

ဒီတစ်ကြိမ်စစ်ပွဲဟာ အရင် မာနယ်ပလောခေတ်ကလို ဆွေးနွေးရေးအတွက် ဖိအားပေးရေး စစ်ပွဲမဟုတ်ဘဲ တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် စစ်ကောင်စီဖြုတ်ချရေး စစ်ပွဲဖြစ်တာမို့ သတ်မှတ်ချိန်အတွင်း သတ်မှတ်ပန်းတိုင်အထိရောက်အောင် အချိန်ကိုက် ချီတက်နိုင်ဖို့တော့ လိုမယ် ထင်ပါတယ်။

ထက်အောင်ကျော်