မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး-သံဖြူဇရပ်လမ်းပိုင်း၊ မော့ကနင်ကျေးရွာအနီး၊ ကွမ်ကျိုက်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်များက ဒီဇင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်သည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် လေဦးသေဆုံးပြီး၊ ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ ကွမ်ကျိုက်ကျေးရွာအခြေစိုက် စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ KNLA တပ်ရင်း(၂၇)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (NMSP – AD) နှင့် YPDF တို့ ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စခန်းတွင် စစ်ကောင်စီ ခလရ-၁၀၆ နှင့် ခမရ-၅၈၇ တပ်ရင်းတို့မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့များက ဝင်ရောက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် လေးဦး သေဆုံးပြီး၊ ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ နှစ်ဦးသည် ဒဏ်ရာပြင်းထန်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းအပြင် စစ်ကောင်စီတပ်ထံမှ MA2 တစ်လက်နှင့် ကျည်များ၊ မိုင်းများနှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့သည်။
ကွမ်ကျိုက်ရွာ စစ်ကောင်စီ စခန်းသိမ်းတိုက်ပွဲအတွင်း တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှု ရှိခဲ့သည်။
“ကွမ်ကျိုက်တိုက်ပွဲမှာ မိမိတို့ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် နှစ်ဦး အသက်ပေးခဲ့လှူခဲ့ရပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ရေးနှင့် သံဖြူဇရပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က အင်းအားတိုးချဲ့လာနေသည့်အတွက် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဩဂုတ်လခန့်ကစပြီး ထိတွေ့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။