BREAKING
December 22, 2024

ကံပေါက်အဝင်လမ်း အချိန်အကန့်အသတ်ဖြင့် ပြန်ဖွင့်

December 20, 2024

ပုံစာ - ကံပေါက် သစ်တောရုံးဂိတ်(ပုံဟောင်း)။ ဓာတ်ပုံ - Dawei Watch

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ရေကန်တောင်စခန်းတွင် တိုက်ပွဲဖြစ်ပြီးနောက် ဒီဇင်ဘာလ ၁၇ ရက်နေ့ကတည်းက စစ်ကောင်စီမှ ပိတ်ထားသည့် ကံပေါက်တိုက်နယ် အဝင်လမ်းကို ယနေ့ (ဒီဇင်ဘာ ၂၀) နံနက်တွင် အချိန့်အကန့်သတ်ဖြင့် ပြန်ဖွင့်ပေးနေကြောင်း ကားသမားများထံကသိရသည် ။

သစ်တောရုံးလမ်းဆုံ စစ်ကောင်စီဂိတ်တွင် နံနက်အစောပိုင်းက စဖွင့်ပြီး ၉ နာရီဝန်းကျင်တွင် တစ်ကြိမ် ပိတ်ခဲ့ပြီး ၁၁ နာရီတွင် တစ်ကြိမ်ပြန်ဖွင့်ပေးသည်ဟု ကားသမားများကဆိုသည် ။

“အခုလို အကန့်အသတ်နဲ့ ဖွင့်တာက နေ့တိုင်းလုပ်မလား၊ ဒီတစ်ရက်ပဲလား ပြောမတတ်သေးဘူး ။ အခုတော့ပေးဖြတ်တုန်း အမြန်ဝင်လာခဲ့တယ်။ ကားပေါ်ပါတဲ့ ကုန်စိမ်းတွေလည်း ၃ ရက်ကြာနေပြီဆိုတော့ အဆင်မပြေလို့ လွှတ်တာနဲ့ တန်းဝင်လာခဲ့တယ်” ဟု ကုန်တင်ယာဥ်မောင်း တစ်ဦးကပြောသည်။

ကံပေါက်မှ ထားဝယ်နှင့် မော်လမြိုင် သို့ပြေးဆွဲနေသည့် ယာဥ်လိုင်းများလည်း ယနေ့လမ်းဖွင့်သဖြင့် ပြန်ပြေးဆွဲနေကြောင်း ကားသမားများကပြောသည် ။

ဒီဇင်ဘာလ ၁၈ ရက်ညကတည်းက ပြတ်တောက်သွားသည့် အင်တာနက် နှင့် ဖုန်းဆက်သွယ်ရေးလိုင်းများလည်း ဒီဇင်ဘာ ၁၉ ရက် ညပိုင်းတွင် ပြန်ရခဲ့သည်ဟု ဒေသခံများထံမှသိရသည် ။

ရေကန်တောင် တိုက်ပွဲပြီးနောက် စစ်ကောင်စီက ပယရွာနှင့် ဇာဒီအုပ်စုဘက်သို့ အင်အားအများအပြားဖြင့် တောနင်းရှာဖွေနေပြီး ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ ဇာဒီရွာအနီးရောက်ရှိနေပြီဖြစ်ကြောင်း ဇာဒီရွာသားတစ်ဦးကပြောသည် ။

” လက်နက်ကြီး ဆက်တိုက်ပစ်ပြီး ရှေ့ဆက်တိုးလာနေတယ် ။ ပယရွာမှာတော့ စစ်သားတွေအများကြီး ချန်ထားပြီး ဇာဒီဘက်ကို တချို့ ရှေ့ဆက်တိုးလာနေတယ်။ အခုမနက်အထိ လက်နက်ကြီး ပစ်နေတုန်းပဲ ” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီ အင်အားအများအပြား ရောက်ရှိနေသည့် ခွေးမဖောရွာ ၊ ပယရွာနှင့် ဇာဒီရွာ တို့မှ ရွာသားများ တိမ်းရှောင်နေရသည်ဟု ဒေသခံများထံမှသိရသည် ။

ဒီဇင်ဘာလ ၁၇ ရက်က ဖြစ်ခဲ့သည် ရေကန်တောင်တိုက်ပွဲတွင် စစ်ကောင်စီဘက်က အရာရှိတစ်ဦး အပါအဝင် ၆ ဦး သေဆုံးကာ တပ်သားတစ်ဦး အရှင် ဖမ်းမိပြီး လက်နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းမဟာမိတ်အဖွဲ့များက ယနေ့ သတင်းထုတ်ပြန်သည်။