မြိတ်- ကော့သောင်းလမ်းပိုင်းတစ်နေရာဖြစ်သည့် တနင်္သာရီမြို့နယ် ထုံခါ- မောတောင်လမ်းကို ဖြတ်သန်းသွားလာသူများ အထူးသတိထားသွားလာကြရန် တောင်ပိုင်းညီနောင်များတပ်က သတိပေးထုတ်ပြန်ထားသည်။
ယင်းလမ်းပိုင်းတွင် တောင်ပိုင်းညီနောင်များတပ်နှင့် စစ်ကောင်စီတပ်တို့ ထိပ်တိုက်ရင်ဆိုင်နေကြသဖြင့် သတိထားသွားလာကြရန် ဒီဇင်ဘာလ ၁၈ ရက်က သတိပေးထားခြင်းဖြစ်သည်။
“စစ်ရေးအခြေအနေတော့ ကျွန်တော်တို့လည်းမသိဘူး။ ခရီးသည်ကားတွေတော့ ဖြတ်သွား၊ ဖြတ်လာလုပ်နေကြတာရှိတယ်။ ဒီနေ့(ဒီဇင်ဘာ၂၀) လည်းဖြတ်နေကြတာရှိတယ်” ဟု မောတောင်မြို့ခံ ကားသမားတစ်ဦးကဆိုသည်။
တောင်ပိုင်းညီနောင်များတပ်ကမူ ထုံခါ- မောတောင်လမ်းပိုင်းအပါအဝင် တနင်္သာရီမြို့နယ် စစ်ကောင်စီ နည်းဗျူးဟာအနီးရှိ ရေဖြူရွာ၊ တားပလပ်ရွာတို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အသေးစိတ်အခြေအနေအား သိရှိရန် တောင်ပိုင်းညီနောင်များတပ် ပြန်ကြားရေးအရာရှိကို ဆက်သွယ်နေမေးမြန်းနေဆဲပင်ဖြစ်သည်။