BREAKING
November 23, 2024

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၇)

December 20, 2022

<<<<< သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၆)

အပိုင်း-၅- (တနင်္သာရီရိုးမပေါ်က ခေတ်သစ်ကိုလံဘတ်များ)

အခန်း-၄၇-

(၁) အမျိုးးသားညီလာခံတိုက်ဖျက်ရေးအတွက် ပြင်ဆင်ခြင်း

ကျနော်တို့အုပ်စု ရဟန်းဝတ်တဲ့အချိန်ဟာ ၇-ရက်ထက် မပိုပါဘူး။ ရှေ့တန်းထွက်ရေးကိစ္စ၊ တခြားကိစ္စတွေအတွက် အစည်းအဝေးလုပ်စရာရှိလို့ဆိုပြီး တောင်ပိုင်း စစ်ဒေသတာဝန်ခံ ကိုမျိုးဝင်းနဲ့ ကျနော်အပါဝင် တာဝန်ရှိသူ ၄၊ ၅ ဦး အရင် လူထွက်လိုက်ရပါတယ်။ ကျန်တဲ့ ရဲဘော်တွေကတော့ ၁၀-ရက်ကနေ သီတင်း ၂-ပတ်အထိ ဆက်ဝတ်ကြပါတယ်။

ကျနော်တို့ တောင်ပိုင်းစစ်ဒေသ အစည်းဝေးရဲ့ ဆုံးဖြစ်ချက်ကတော့ ပြည်ခြား-ပုလောဒေသဆီ ခရီးထွက်ပြီး ရှေ့တန်းတပ်တွေကို ပြန်လည်စုဖွဲ့ရေး၊ လူထုစည်းရုံးဟောပြောရေး၊ အထူးသဖြင့် အဲဒီအချိန်ဟာ နဝတ-ကနေ အမျိုးသားညီလာခံ ပြန်လည်ကျင်းပမယ်လို့ ကြေညာထားချိန်ဖြစ်တဲ့အတွက် အဲဒီညီလာခံကို (အဲဒီကာလ စကားလုံးအတိုင်းဆိုရင်) ဘက်ပေါင်းစုံကနေ အဆင့်တိုင်း၊ အဆင့်တိုင်းမှာ ဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဖြစ်ပါတယ်။

အလားတူ စစ်ကြောင်းတွေ တခြားစစ်ဒေသတွေမှာလည်း တပြိုင်တည်း ထွက်ကြတယ်လို့ ထင်ပါတယ်။ ဒီလို စစ်ကြောင်းထွက်ဖို့ ပြင်နေတုန်း ဗဟိုကနေ ကျနော်တို့ဆီ အရေးပေါ် ကြေးနန်းတခု ဝင်လာပါတယ်။

အရင်က ဗဟိုဖက်မှာ အင်္ဂလိပ်စာပြ လုပ်အားပေးကျောင်းဆရာအဖြစ် ၃-လခန့် လုပ်ပေးဖူးတဲ့ နယူးဇီလန်နိုင်ငံသား ဒေးဗစ်  (အဲဒီကာလတွေအထိ မိသားစုအမည်တွေကို အလေးထားရမှန်း ကျနော်တို့ မသိပဲ ပထမ-အမည်တွေ၊ အမည်တိုတွေကိုပဲ မှတ်ထားလေ့ရှိပါတယ်) ဟာ အခု သြစတေးလျ သတင်းဌာနအတွက် ဓာတ်ပုံသတင်းထောက်အဖြစ် ဘန်ကောက်ကို ရောက်နေတယ်။

သူဟာ ABSDF အကြောင်း ရုပ်သံမှတ်တမ်းတခု လုပ်ချင်နေတယ်။၊ ဒါကြောင့် သူ့ကို ကျနော်တို့ စစ်ကြောင်းနဲ့အတူ ရှေ့တန်းခေါ်သွားဖို့ ဖြစ်ပါတယ်။ ဒီအတွက် တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးတာဝန်ခံ ကျနော်ဟာ မင်းသမီးခစန်းကနေ ဘန်ကောက်ကို အမြန်တက်ပြီး အဲဒီပုဂ္ဂိုလ်ကို သွားခေါ်ရပါတယ်။

—————————

နိုင်ငံခြားသတင်းထောက်နှင့်အတူ အဖမ်းခံရတဲ့ ထိုင်း-နယ်ခြားစောင့်ဂိတ်ကို ၂၀၁၃ ခုနှစ်မှာ ပြန်မြင်ရစဉ်။

(၂) နိုင်ငံခြားသတင်းထောက်နှင့်အတူ အဖမ်းခံရခြင်း

အဲဒီကာလတွေဟာ မင်းသမီးကနေ ကန်ချနပူရီ၊ ဘန်ကောက်ကို ကျနော်တို့ ကျောင်းသားတွေ ဒီလိုပဲ လိုင်းကားစီး ခိုးသွားနေကြဖြစ်ပါတယ်။ နယ်စပ်ရှိ ထိုင်းထောက်လှမ်းရေး၊ နယ်ခြားစောင့် ထိုင်းစစ်သားတွေကလည်း မသိဟန် ဆောင်ပေးထားတဲ့သဘော ရှိပါတယ်။

ဒါပေမယ့် ကျနော်တို့ မသိလိုက်တဲ့အချက်က သူတို့ မသိချင်ဟန် ဆောင်ပေးထားတာဟာ ကျနော်တို့ တောထဲက မြန်မာကျောင်းသားတွေကိုသာဖြစ်ပြီး နိုင်ငံခြားသားကိုတော့ ကျနော်တို့လို ခိုးဝင်ခိုး-ထွက် ခွင့်ပြုမှာမဟုတ်ဘူး ဆိုတဲ့အချက်ပါ။

နိုင်ငံခြားသားတွေထဲမှာလည်း ဂျပန်နဲ့ အာရှသားတွေဆိုရင် ကျနော်တို့ ကျောင်းသားတွေလို ဟန်ဆောင်သွားလို့ ရပေမယ့် အခုရောက်လာတဲ့ မောင်ဒေးဗစ်က ဖြူဖြူထွားထွားနဲ့ အရပ် ၆-ပေကျော်ရှိသူဆိုတော့ “အဝေးက မြင်နိုင်သည်” ဆိုတဲ့ ပုံမျိုးဖြစ်နေပါတယ်။

ဒါကို သတိမထားမိတဲ့ ကျနော်ဟာ မောင်ဒေးဗစ်နဲ့အတူ ဖုနန်းလွန်ရွာထဲမှာ လိုင်းကားပေါ်ကဆင်း၊ အဲဒီရွာနဲ့ ကျနော်တို့ စခန်းရှိရာ ထီးခီးနဲ့ အလယ်စတိုဘက်သွားတဲ့ လမ်းဆုံလမ်းခွမှာ ဝါးတားဂိတ် ၂-ခုပိတ်ပြီး စောင့်ဖမ်းနေတဲ့ ထိုင်းနယ်ခြားစောင့်တပ်ကို ရှောင်ပြီး ကျနော်တို့ ခိုးသွားနေကြ တောလမ်းလေးအတိုင်း ဖြတ်လျှောက်လာခဲ့ပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် ဖုနန်းလွန်ရွာလယ်ကနေ ချွန်ဖုံမိုင်းဟောင်းက ကရင်-မွန်အိမ်တန်းတွေရှိရာ နေရာအထိလျှောက်ရတဲ့ ဒီတောလမ်းဟာ ၁၅ မိနစ်လောက်သာ ကြာပေမယ့် ဒီတကြိမ်မှာတော့ ကျနော်တို့ လမ်းမှားနေလို့ သတ်မှတ်ချိန်ထက် ပိုကြာသွားခဲ့ပါတယ်။

မိနစ် ၃၀-လောက်ကြာပြီးတဲ့အချိန် ကရင်အိမ်တန်းဖက်က ကားလမ်းကြမ်းဆီ ကျနော်တို့ ၂ ဦး ချဉ်းကပ်လာချိန်မှာ ထိုင်းဘာသာန ဲ့စကားပြောသံတွေ၊ စစ်ဘွတ်ဖိနပ်သံတွေ ရုတ်တရက် ကြားလိုက်ရပါတယ်။

တခုခုတော့ လွဲနေပြီဆိုတာကို သိလိုက်တာနဲ့ ဒေးဗစ်လက်ကိုဆွဲပြီး သစ်ပင်ကြီးတပင်နောက်မှာ ကျနော်တို့ နေရယူလိုက်ပါတယ်။ အသေချာ ချောင်းကြည့်လိုက်တော့ အနက်ရောင် ယူနီးဖောင်းဝတ်ထားတဲ့ ထိုင်းစစ်သား ၅ ဦး၊ သူတို့လက်ထဲမှာ M 16-နဲ့ M 79 တွဲထားတဲ့ လက်နက်တလက်၊ M 16 ရိုးရိုးက ၄ လက် ပါတဲ့အပြင် ရှေ့ထွက်မိုင်းတွေရော၊ လက်ပစ်ဗုံးတွေရော၊ လှံစွပ်တွေရော၊ ဓားတွေရော၊ ကြိုးတွေရော၊ ဝေါ်ကီတော်ကီ စကားပြောစက်တွေရော စုံလို့ပါပဲ။

ဒီပုံအတိုင်း ဆိုရင်တော့ ကျနော်တို့ တောထဲဝင်သွားတာကို ရွာသားတွေက ထိုင်းစစ်တပ်ဆီ သတင်းပို့လိုက်လို့ တောနင်းလာရှာတာ ဖြစ်ဖို့များပါတယ်။ ဆက်ပုန်းနေရင် ပစ်ခတ်ခံရမယ့် အခြေအနေအထိ ဖြစ်သွားနိုင်တယ်လို့ တွက်ဆပြီး သစ်ပင်နောက်ကနေ ထွက်၊ ထိုင်းလို မတတ်တတတ် အော်ပြီး “ကျနော်တို့ ဒီမှာပါ” လို့ ပြောကာ အဖမ်းခံလိုက်ရပါတယ်။

ဒေးဗစ်ကိုကြည့်တော့ မျက်စိမျက်နှာပျက်လို့၊ ကျနော်လည်း ဘာလုပ်ရမှန်းမသိ။ ထိုင်းတဝက်၊ အင်္ဂလိပ်တဝက်၊ လက်ဟန်ခြေဟန်တဝက်နဲ့ ရှင်းပြပေမယ့် စကားက လိုရင်းမရောက်။ ဒီတော့ ကျနော်တို့ ၂-ဦးကို သေနတ်နဲ့တေ့ပြီး ရှေ့မှာပြောခဲ့တဲ့ ဝါးတားဂိတ်ရှိရာ နယ်ခြားစောင့် တပ်စခန်းဆီ ခေါ်လာခဲ့ပါတယ်။

အဲဒီ ဂိတ်တဲဘေးက သားသားနားနား အဆောင်ထဲကို ကျနော်တို့ ၂-ဦး ရောက်တဲ့အချိန်မှာတော့ အရာရှိလို့ ယူဆရတဲ့ စစ်ဗိုလ်တဦးက ကျနော့်ကို မေးခွန်းတွေ မေးပါတယ်။

အဓိက မေးခွန်းကတော့ တရားဝင်လမ်းကြောင်းကနေ မသွားပဲ ဘာကြောင့်တောထဲကနေ ခိုးသွားတာလဲ၊ ငါတို့ အသိမခံနိုင်တဲ့ လျှို့ဝှက်အစီအစဉ်တွေ မင်းတို့မှာ ရှိနေလား၊ နိုင်ခြားသားနဲ့ မင်းတို့ ဘာတွေလုပ်ဖို့ စီစဉ်ထားလဲဆိုတဲ့ စွပ်စွဲချက်တွေ၊ သံသယတွေ ပါဝင်နေပါတယ်။

———————–

နိုင်ငံခြားသတင်းထောက်နှင့်အတူ ခိုးဝင်ခဲ့ဖူူးတဲ့ ထိုင်း-မြန်မာနယ်စပ် ထီးခီးဂိတ်ကို ၂၀၁၃ ခုနှစ်မှာ တွေ့ရစဉ်။ (အခုတော့ ကန်ချနဘူရီ-ထားဝယ် အဝေးပြေးလမ်းရဲ့ အဓိက ဂိတ်ဖြစ်နေပါပြီ)။

(၃) ထိုင်းအချုပ်ခန်းမှာ တညတာ

ဒီလို ကျနော်တို့ အပြန်အလှန် ပြောနေတုန်း စကားပြန်အဖြစ် ရောက်လာသူကတော့ KNU တပ်မဟာ-၄ ပို့ဆောင်ရေးဌာနက အရာရှိတဦးဖြစ်သူ ကိုဘချော (အခု KNDO အရာရှိ) ဖြစ်ပါတယ်။ တခါ သူနဲ့ ရှေ့ဆင့်နောက်ဆင့် ရောက်လာသူကတော့ တပ်မဟာ-၄ နဲ့ ချုံဖုံမိုင်း ရေကန်ဘေးက နေအိမ်တွေဆီမှာ တလှည့်စီနေပြီး နယ်မြေသတင်းယူနေသူ၊ အဲဒီလို သတင်းယူရင်းနဲ့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေကို ကူညီနေသူလို့ ပြောနိုင်တဲ့ ထိုင်းထောက် လှမ်းရေးအဖွဲ့က ကျနော်နဲ့ ရင်းနှီးတဲ့ ဗိုလ်တဦး ဖြစ်ပါတယ်။

အဲဒီ ထောက်လှမ်းရေးဗိုလ်ဟာ အင်္ဂလိပ်စကား ကောင်းကောင်းပြောတတ်ပြီး ကျနော်တို့ကို စိတ်မပူဖို့၊ မနက်ဖြန်ကျရင် ကန်ချနဘူရီမြို့ပေါ်တက်ပြီး ပြေလည်အောင် သူဖြေရှင်းပေးမယ်လို့ အာမခံ သွားပါတယ်။

ဒါပေမယ့် လောလောဆယ်ကတော့ တာဝန်အရ ကျနော်တို့ကို ထိမ်းသိမ်းထားရမှာ ဖြစ်တဲ့အတွက် ဂိတ်တဲဘေးက အချုပ်ဆောင်လိုနေရာထဲ ကျနော်တို့ ၂-ဦးကို သွင်းလိုက်ပါတယ်။ စောင်တွေ၊ ခေါင်းအုံးတွေ အသေချာရှိနေတဲ့အပြင် အနီးအနား ထိုင်းဆိုင်ကနေ ထမင်းကြော်ပါ မှာပြီးကြွေးထားတဲ့အတွက် ကျနော်စိတ်ထဲ အဖမ်းခံနေရတယ် ဆိုတာကို မေ့သွားပါတယ်။

ဒီလိုနဲ့ ညမအိပ်ခင် အပေါ့သွားမယ်ဆိုပြီး အပြင်ထွက်သွားတော့ သေနတ်ကို အဆင်သင့်ကိုင်ထားတဲ့ ထိုင်းစစ်သားက ထိုင်းဘာသာနဲ့ တခုခု အော်ပြောပါတယ်။ သူဘာပြောမှန်း မသိတဲ့ ကျနော်က ရှေ့နားက ချုံပုတ်ဆီ ဆက်တိုးပြီး မအောင့်နိုင်တော့တဲ့ကိစ္စကို ဖြေရှင်းဖို့ ပြင်လိုက်ပါတယ်။

နောက်ထပ် စစ်သား ၄ ဦးလောက် ရောက်လာပြီး ကျနော်ကိုလာဝိုင်းပါတယ်။ နောက်ပိုင်းမှ ပြန်သိရတာက ကျနော်တို့ ထွက်ပြေးတယ်ဆိုရင် ပစ်မိန့်ပေးထားတဲ့အတွက် ရှုးရှုးပေါက်ဖို့ တောတိုးတဲ့ကျနော်ကို တောထဲထွက်ပြေးတယ်ထင်ပြီး အပစ်ခံရမဲ့ဘေးက သီသီလေး လွတ်ခဲ့တာဖြစ်ပါတယ်။

နောက်တနေ့ မနက်မှာတော့ ထောက်လှမ်းရေးပိုင် ဂျစ်ကားတစီးရောက်လာပြီး နယ်ခြားစောင့်တပ်က စစ်ဗိုလ်ရယ်၊ ထောက်လှမ်းရေးရယ်၊ ကျနော်တို့ ၂-ဦးရယ် ကန်ချနပူရီမြို့ပေါ်ကို ပြန်တက်လာပါတယ်။

ကန်ချနပူရီ-ဆိုင်ယုပ် လမ်းဆုံအနီးရှိ ရဲစခန်းတခုဆီဝင်ပြီး ဖြစ်စဉ်အသေးစိတ်ကို ထောက်လှမ်းရေးမှူးက ပြောပြပါတယ်။ ဒီဖြစ်စဉ်အပေါ် နယ်ခြားစောင့်တပ်က ဖမ်းသင့်တယ်လို့ တင်ပြပြီး ထောက်လှမ်းရေးက လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။ ဆိုလိုတာကတော့ ကျနော်တို့ကိစ္စအပေါ် သူတို့ ၂ ဦး အမြင်မတူတဲ့အတွက် သူတို့ထက် ပိုတာဝန်ကြီးတဲ့ ရဲမှူးကြီးတဦးဆီမှာ လာပြီး အဆုံးအဖြတ်ခံယူတဲ့ သဘောပါ။

နာရီဝက်လောက် အပြန်အလှန် ဆွေးနွေးပွဲ အပြီးမှာတော့ ကျနော်တို့ကို လွှတ်ပေးဖို့၊ ဒါပေမယ့် နောက်ဆိုရင် ဒီလိုခိုးသွားတာကို ရှောင်ပြီး သူတို့ဆီမှာ တရားဝင် ခွင့်ပြုချက်တောင်းပြီးမှသွားဖို့ ရဲမှူးကြီးက ကျနော်တို့ကို သြဝါဒပေးပြီး ပြန်လွှတ်လိုက်ပါတယ်။

 ………………………………………

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၈) >>>>>

ထက်အောင်ကျော်