ဒီနေ့ တနင်္သာရီဂျာနယ်မှာ ပါလာတဲ့ ဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ်။ စိတ်ထဲ နစ်သွားတာပဲ။
ဆောင်းပါးခေါင်းစဉ်က “ကျွန်တော် တို့အားနဲ့ မနိုင်တော့ဘူး” တဲ့။
ဆောင်းပါးက သတင်းဆောင်းပါး ဖြစ်တာကြောင့် ခေါင်းစဉ်ကိုဖတ် ကတည်းက ဒါဟာ သတင်းဖြေကြားသူ တစ်ယောက်ရဲ့ စကားဖြစ်မယ်ဆိုတာ အလွယ်သိနိုင်ပါတယ်။ ဒီတော့ သတင်း ဖြေကြားသူဟာ ဘာကိုဆိုလိုသလဲ။ ကျွန်တော်တို့ အားနဲ့ မနိုင်တော့ဘူး ဆိုတာ ဘာကိုပြောချင်သလဲ။
သတင်းဖြေကြားသူ ပြောချင်တာကတော့ သူ ကိုယ်တိုင်တာဝန်ခံထိန်း သိမ်းနေတဲ့ တနင်္သာရီ သဘာဝကြိုးဝိုင်း ထိန်းသိမ်းရေးလုပ်ငန်းမှာ သူတို့မှာ လက်ရှိ ရှိနေတဲ့ လူအား၊ ငွေအင်အားနဲ့ ဒီထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်ဖို့ မစွမ်းသာတော့ဘူးဆိုလိုတာပါ။ ဒီတော့ စဉ်းစားမိတာက ဘတ်ဂျက် (ငွေကြေး) မလုံလောက်တာလား။ ဝန်ထမ်းအင်အား မလုံလောက်တာလား တွေးမိကြမှာပါ။
မဟုတ်ပါဘူး။ သူတို့ မလုံလောက်တာက အင်အားပါ။ ငွေကြေး၊ ဝန်ထမ်း အင်အား မလုံလောက်တာမဟုတ်ပါဘူးလို့ ကျွန်တော် ပြောရခြင်းဟာ တနင်္သာရီ သဘာဝကြိုးဝိုင်းထိန်းသိမ်းကာကွယ်ရေးအတွက် တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်းဆိုတဲ့ လုပ်ငန်းခေါင်းစဉ်နဲ့ ထိန်းသိမ်းကာကွယ်ရေးတွေကို ကြိုးစား ဆောင်ရွက်နေတာ ၂၀ဝ၅ ခုနှစ်ကတည်း ကဖြစ်ပါတယ်။
ဒီစီမံကိန်း အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့ကိုလည်း စီမံကိန်းနဲ့ဆက်စပ်ကုမ္ပဏီတွေက ၂၀ဝ၅ ကနေ ၂၀၂၁ အထိ ၁၆ နှစ်တာ ကာလအတွင်း အမေရိကန် ဒေါ်လာ ၆ သန်းကျော်ထောက်ပံ့ပေးထားခဲ့တာဖြစ်တယ်။ ဆိုတော့ ဒီငွေကြေးနဲ့ လည်ပတ်နေတဲ့ ထိန်းသိမ်းရေးစီမံကိန်းမှာ သူတို့(ထိန်းသိမ်းသူတို့) အားနဲ့ မတတ် တာဘာများဖြစ်မလဲ။
အရမ်းဝမ်းနည်းဖို့ ကောင်းတဲ့ အချက်က မြန်မာနိုင်ငံမှာရှိတဲ့ သဘာဝ ထိန်းသိမ်းရေးနယ်မြေ အများစုဟာ ရွှေတူးဖော်ရေး(ဓာတ်သတ္တုတူးဖော်ရေး) လုပ်ငန်းများနဲ့ အများဆုံးရင်ဆိုင်ကြ ရတယ်။
ဒီလို သဘာဝနယ်မြေအတွင်း ဓာတ်သတ္တုတူးဖော်တယ်ဆိုတာဟာ အပျိုစင်မိန်းမသားတစ်ဦးကို သားအိမ်ခေါင်းကလှန်ကလော်ထုတ်လိုက်တာနဲ့ တူညီပါတယ်။ ကျွန်တော် ဒီလိုနှိုင်းရတာ အကြောင်းရှိပါတယ်။ သဘာဝနယ်မြေ များတွင်း သစ်ထုတ်ခြင်း၊ အမဲလိုက်ခြင်း စတဲ့ တရားမဝင်လုပ်ငန်း အချို့ဟာ သဘာဝနယ်မြေရဲ့ မြေသားကို ထိခိုက်မှု ကြီးကြီးမားမား မရှိနိုင်ဟု သတ်မှတ်ပြီး သက်ပြင်းချနိုင်ပေမဲ့ ဓာတ်သတ္တု တူးဖော်ခြင်းကတော့ သဘာဝနယ်မြေရဲ့ မြေသား အဆီအနှစ်တွေပါမကျန် မြေလှန်ဖျက်ဆီးတဲ့ သဘောသဘာဝ ဖြစ်တယ်။
တူးဖော်လိုက်တဲ့ မြေတွေဟာလည်း အတော်ကိုပြင်းတဲ့ အဆိပ်အမျိုးအစား (ပြဒါး၊ ဆိုင်ရာနိုက်) တွေနဲ့ ရောနှောကာ ချောင်း၊ မြောင်းကနေတစ်ဆင့် မြစ်၊ ထိုမှတဆင့် ပင်လယ်ထဲသို့ စီးဆင်းစေ တာကြောင့် သဘာဝနယ်မြေတစ်ခုလုံး အပြင် သဘာဝနယ်မြေနဲ့ ဆက်နွှယ်မှု ရှိနေတဲ့ မျိုးစုံသော ဂေဟစနစ် အကုန် လုံးကိုပါ အဆိပ်သင့်စေတဲ့ လုပ်ငန်းမျိုး ဖြစ်တယ်။ အပျိုစင် အမျိုးသမီးတစ် ယောက်ဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ကိုယ်ဝန်ရပြီး ပျက်ကျသွားရင် တောင် ကလေး ရနိုင်ပါသေးတယ်။ ဒါပေမဲ့ သားအိမ်ခေါင်းကနေ လှန်က လော်ထုတ်လိုက်လျှင်တော့ …
ဒီနေရာမှာ တနင်္သာရီ သဘာဝ ကြိုးဝိုင်းရဲ့ အချက်အလက်အချို့ကို တင်ပြပါရစေ။ တနင်္သာရီသဘာဝကြိုး ဝိုင်းဟာ ၄၂၀ဝ၇၇ ဧက ရှိတာကြောင့် တနင်္သာရီကြိုးဝိုင်းကို နိုင်ငံတစ်နိုင်ငံ အဖြစ် မြင်ကြည့်မယ်ဆိုရင် ၁၅၉ ခုမြောက် အကြီးဆုံးနိုင်ငံစာရင်းဝင်ပါ တယ်။ ဒါဟာ အရှေ့တောင် အာရှနိုင်ငံ များဖြစ်ကြတဲ့ စင်ကာပူ၊ ဘရူနိုင်း၊ အရှေ့တီမောစတဲ့ နိုင်ငံတွေထက် ပို ကျယ်ပြန့်တဲ့ အကျယ်အဝန်းဖြစ်ပါတယ်။ ဟောင်ကောင်၊ ကာတာ၊ ဂျာမေကာနိုင်ငံတို့ထက် ကြီးမားတဲ့ ဧရိယာဖြစ်တယ်။
ထိုမျှ တန်ဖိုးရှိလှတဲ့ သဘာဝ နယ်မြေတစ်ခုကို အမေရိကန် ဒေါ်လာ ၆ သန်းကျော် အကုန်ကျခံထိန်းသိမ်း ရေးဆောင်ရွက်နေတဲ့ တာဝန်ခံတစ်ဦးရဲ့ မချင့်မရဲ စကားသံဟာ “ကျွန်တော်တို့ အားနဲ့ မနိုင်တော့ဘူး” တဲ့။
ဒါဟာ သိပ်ကြောက်ဖို့ကောင်းတဲ့ တုံ့ပြန်မှုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တစ်တွေ သိဖို့ကောင်းတယ်။ ဘာလို့လဲဆိုရင် သဘာဝနယ်မြေ(သဘာဝ ကြိုးဝိုင်း) ထိန်းသိမ်းရေးသမား တစ်ယောက်ဆိုတာ သာမန်စိတ်ဓာတ်ပြင်း ပြမှုမျိုးနဲ့ မဖြစ်နိုင်ပါဘူး။ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်၊ ချို့တဲ့တဲ့ အစာရေစာနဲ့ ဖျက်ဆီးသူတို့ရဲ့ အဖျက်ရန်ကြား တောခုတ်ဓားတိုလေးတစ်လက်ကို ခါးကြားညှပ်ပြီး နေပူမရှောင်၊ မိုးရွာမနား မွေးမေပေးတဲ့ ခြေထောက်တစ်စုံကိုသာ အားကိုးပြီး လုပ်ဆောင်ကြရသူတွေဖြစ်တယ်။
ထိုသူတွေရဲ့ စိတ်ထဲမှာ ပန်းတိုင် တစ်ခုပဲရှိတယ်။ ဒါက သဘာဝကြိုးဝိုင်းကြီး ရေရှည်တည်တံ့နေဖို့၊ ငါ တတ်စွမ်းနေသ၍ ဒီကြိုးဝိုင်းကြီးမှာ ဇီဝမျိုးစုံမျိုးကွဲစုံလင်နေဖို့၊ ဒီဇီဝမျိုးစုံမျိုးကွဲတွေ အကြောင်း သုတေသနလုပ်ရင်း၊ စာတမ်း ပြုစုရင်း သက်ဆုံးတိုင် နေထိုင်သွားဖို့၊ ဒါတွေပဲရှိတယ်။ ဒါပေမဲ့ ထိုသူတွေလည်း လူပါပဲ။ ပင်ပန်းထားသလောက် အရာမထင်တဲ့ အခါမျိုးမှာ၊ ကိုယ့်ဉာဏ် စွမ်း၊ အာဏာစွမ်းနဲ့ မတတ်နိုင်တော့တဲ့ အခါမျိုးမှာ …
“ကျွန်တော်တို့ အားနဲ့ မနိုင်တော့ဘူး” ဘယ်လောက် ကြေကြေကွဲကွဲ ပြောထုတ်ခဲ့သလဲဆိုတာ ဒီစကားလုံး ကိုးလုံးက သက်သေထူနေခဲ့တယ်။ မြန်မာနိုင်ငံ သဘာဝကြိုးဝိုင်း တည်ဆဲဥပဒေအရဆိုရင် တနင်္သာရီ သဘာဝကြိုးဝိုင်းဆိုတာ တာဝန်ရှိသူမှအပ ဝင်ရောက်ခွင့် မရှိတဲ့ နေရာတစ်ခု ဖြစ်တယ်။ ဒီလို တင်းကျပ်ထားတဲ့နေရာမျိုးမှာ တံခါးမရှိ၊ ဓားမရှိ စက်ယန္တရား တွေ အသုံးပြုပြီး ပရမ်းပတာ သတ္တုတူး ဖော်နေနိုင်တာဟာ ထိုသူတွေဟာ ဘယ်လို အာဏာစက်မျိုး ပိုင်ဆိုင်ထားခြင်း ကြောင့်လဲ။ ကျွန်တော်တို့အတွက် တွေး တောစရာပင်ဖြစ်တယ်။
“ထိန်းသိမ်းသူတို့ရဲ့ ဓားတိုဟာ ဗျောက်အိုးကို မယှဉ်နိုင်ခြင်းပေလော။ စာဥပဒေဟာ နှုတ်ဥပဒေအောက်မှာ အငွေ့ပျံသွားခြင်းလော။ အပျိုစင်အမျိုးသမီးဟာ မုဒိမ်းအကျင့်ခံနေရတာများ လော”
အချုပ်အားဖြင့်ဆိုရင် တနင်္သာရီ သဘာဝကြိုးဝိုင်းဆိုတာ ကျွန်တော်တို့ တနင်္သာရီတိုင်းနေ ပြည်သူတွေအတွက် အမွေအနှစ်ဖြစ်သလို၊ ကျွန်တော်တို့ အတွက် အမျိုးသားပြယုဂ်ဆိုလည်းဟုတ်တယ်။ ကျွန်တော်တို့နဲ့ တစ်မြေတည်း နေ၊ တစ်ရေတည်းသောက်တဲ့ ညီအကို၊ မောင်နှမ အရင်းအချာဆိုလည်း မမှားပေဘူး။
ဒီလိုမျိုး ကျွန်တော်တို့ရဲ့ အမျိုးသား ပြယုဂ်တစ်ခုကို စေတနာအရင်းခံ လာထိန်းသိမ်းပေးနေကြသူများအတွက် ကျွန်တော်တို့ တိုင်းနေပြည်သူတွေက ဘယ်လိုဘယ်မျိုး ကူညီပေးနိုင်ကြမလဲ။ ကျွန်တော်တို့တစ်တွေ ခေါင်းချင်းဆိုင် အဖြေရှာသင့်ပြီ။ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ဝန်းရံသင့်ပြီ။ တတ်အားသမျှ ပူးပေါင်းပါဝင်သင့်ပြီ။ တနင်္သာရီသားတို့ရဲ့ စိတ်ဓာတ်ပြဖို့ အချိန်တန်ပြီ။
နော်ကောင်း