BREAKING
December 22, 2024

လောင်းလုံး ကျေးရွာခုနစ်ရွာကို စစ်ရဟတ်ယာဉ်ဝဲသဖြင့် ဒေသခံများစိုးရိမ်

November 20, 2024

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် လောင်းလုံးမြို့နယ်မြောက်ပိုင်းက ကျေးရွာခုနစ်ရွာတွင် ရဟတ်ယာဉ်ပျံဝဲသဖြင့် လေကြောင်းရန် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၀ရက် မွန်းလွဲ ၂နာရီဝန်းကျင်တွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းနှစ်ကြောင်းထိုးနေပြီး စစ်ရဟတ်ယာဉ်တစ်စင်းလည်း စခန်းကြီး၊‌ ခမောင်းတောင်၊ ထိန်တွင်း၊ တောင်မင်းပြောင်၊ မြို့‌ ဟောင်း၊ ဆင်ပုနစ်၊ ဒေါင်းရှောင် စသော ကျေးရွာများတွင် ပျံဝဲခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ဗုံးကြဲတာတော့ မဟုတ်ဘူး။ ဝေဟင်ကနေ ဝဲနေတာ။ ရွာတွေမှာတော့ လူမရှိတော့ဘူး။ တိမ်းရှောင်ကုန်ကြပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၈ ရက်က ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက် ထားဝယ်မြစ်အနီး ကင်းလှည့်လာသည့် စစ်ကောင်စီတပ်သားများ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအချို့သေဆုံးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံခဲ့ရသည်။

ထို့နောက် တော်လှန်ရေးတပ်ပူးပေါင်းတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသည်ဆိုကာ ထားဝယ်မြစ်ကမ်းနံဘေး လောင်းလုံးမြို့နယ် ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၉ ရက်ကစပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာကြောင်း ဒေသခံများက ဆိုသည်။

“မနေ့က ထိန်တွင်းကိုဝင်ပြီးတော့ ညနေ ကားလေးစီးနဲ့ လက်နက်ခဲယမ်းတွေပါ ဖြည့်တင်းပြီး အင်အားများများနဲ့ စစ်ကြောင်းထိုးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာအုပ်စုဘက် စစ်ကြောင်း တစ်ကြောင်းနှင့် တောင်မင်းပြောင်ကျေးရွာဘက် စစ်ကြောင်းတစ်ကြောင်းဖြင့် ဝင်ရောက်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့ကြောင့် လောင်းလုံးမြို့နယ်မြောက်ပိုင်းကျေးရွာများဖြစ်သည့် စခန်းကြီး‌ကျေးရွာအုပ်စု၊ ခမောင်းတောင်၊ တောင်မင်းပြောင်၊ မြို့ဟောင်း၊ ဆင်ပုနစ်၊ ဒေါင်းရှောင်၊ ထိန်တွင်း စသည့်ကျေးရွာများက ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်ဒေသခံများက ဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းတစ်ကြောင်းသည် ယနေ့ ညနေပိုင်းတွင် တောင်မင်းပြောင်ရွာတွင် ယာယီစခန်းချနေထိုင် နေ ကြောင်း ဒေသခံများထံမှ သိရသည်။

စခန်းကြီးရွာဘက်သို့သွားသည့် စစ်ကြောင်းသည် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရသေးကြောင်း ဒေသခံများက ပြောသည်။

ယနေ့ ညနေအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေးကြောင်း ၎င်းတို့က ပြောဆိုသည်။