BREAKING
January 22, 2025

ရုရှား အဏုမြူလက်နက်ခြိမ်းခြောက်မှုကြောင့် ဥရောပတွင် စစ်ပြင်

November 20, 2024

ရုရှားဘက်မှ အဏုမြူလက်နက်အသုံးပြုမည့် ကန့်သတ်ချက်ကို လျှော့ချရန် ပူတင်က အင်္ဂါနေ့တွင် ဆုံးဖြတ်လိုက်ပြီးနောက် ဥရောပနိုင်ငံများတွင်လည်း စစ်ပွဲအတွက် ပြင်ဆင်မှုများ တိုးမြှင့်လာသည်။

အမေရိကန်လုပ် ATACMS တာဝေးပစ်ဒုံးကျည်များဖြင့် ရုရှားနိုင်ငံထဲသို့ ယူကရိန်းက ပစ်ခတ်တိုက်ခိုက်လိုက်သည့် နေ့မှာပင် ပူတင်က ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ယူကရိန်း – ရုရှားစစ်ပွဲ ပိုကျယ်ပြန့်လာလျှင် ဂျာမနီအနေဖြင့် နေတိုးတပ်ဖွဲ့ အမြောက်အများ အခြေစိုက်ရာ နိုင်ငံအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျာမန်သတင်းဌာနက ဖော်ပြခဲ့သည်။

နောက်တစ်နေ့မှာပင် ဂျာမနီနိုင်ငံခြားရေးဝန်ကြီးကလည်း ၎င်းတို့အနေဖြင့် ပူတင်၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့နေမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဂျာမနီအနေဖြင့် နေတိုးတပ်ဖွဲ့ဝင် ၈ သိန်းကို လက်ခံထားပြီး စစ်ဆင်ရေးပစ္စည်းများ၊ ရိက္ခာနှင့် ဆေးဝါးများကို ရှေ့တန်းသို့ ပို့ဆောင်ရာတွင် ထောက်ပံ့ရေးဗဟိုချက်အဖြစ် စီစဉ်လက်ခံသွားမည်ဖြစ်ကြောင်း လတ်တလောထွက်ရှိလာသည့် စာမျက်နှာ တစ်ထောင်ပါ ဂျာမနီ၏ အမျိုးသားကာကွယ်ရေးစာတမ်း “Operationsplan Deutschland” ထဲတွင် ဖော်ပြထားသည်။

ဥရောပတိုက်အနှံ့တွင် ရုရှား၏ ဒရုန်းတိုက်ခိုက်မှုများ ၊ သူလျှိုစစ်ဆင်ရေးများ ၊ အဖျက်အမှောင့်တိုက်ခိုက်မှုများ ပေါ်ပေါက်လာလျှင် အရေးကြီးအခြေခံအဆောက်အဦများကို ကာကွယ်ရေးအတွက် ကုမ္ပဏီများနှင့် အရပ်သားများအား ဂျာမနီစစ်တပ်က လမ်းညွှန်ပေးလျက် ရှိသည်။

ဝန်ထမ်းများအတွက် အရေးပေါ်အစီအမံများ ထားရှိရေး၊ စွမ်းအင်လုံလောက်မှုရှိရေးအတွက် ဒီဇယ်လျှပ်စစ်ဓာတ်အားပေးစက်များ စုဆောင်းထားရေးနှင့် လေအားလျှပ်စစ်တာဘိုင်များ တပ်ဆင်အသုံးပြုရေးတို့ကို ဂျာမနီအစိုးရက ကုမ္ပဏီများအား တိုက်တွန်းလျက်ရှိသည်။

ဂျာမနီနှင့် အလားတူပြင်ဆင်မှုများကို ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေ၊ ဆွီဒင်စသည့် ဥရောပမြောက်ပိုင်းနိုင်ငံများတွင်လည်း လုပ်ဆောင်လျက် ရှိသည်။ ခိုလှုံရန် နေရာရှာနည်း ၊ ရိက္ခာသိုလှောင်နည်းနှင့် အခြေခံစစ်ပညာသင်ယူရေးအတွက် ယင်းအစိုးရများက သန်းနှင့်ချီသော ပြည်သူများအား အီးမေးလ်များ ပေးပို့ခဲ့သည်။

ဖင်လန်အစိုးရက ပြည်သူများအား နိုင်ငံကို ကာကွယ်ရမည့် တာဝန်အကြောင်း သတိပေးနှိုးဆော်လျက်ရှိပြီး ယင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အစုံအလင်ဖော်ပြထားသည့် အင်တာနက်စာမျက်နှာတစ်ခုကို မကြာသေးမီက မိတ်ဆက်ခဲ့သည်။

အဏုမြူလက်နက်တိုက်ခိုက်မှုနှင့် ကြုံရလျှင် အကာအကွယ်ယူနည်းနှင့် ဆောင်ရန် ရှောင်ရန်များအတွက် အသေးစိတ်လမ်းညွှန်ချက်များကို ဆွီဒင်အစိုးရက ထုတ်ပြန်ထားသည်။

နော်ဝေနှင့် ဒိန်းမတ်တွင် နိုင်ငံသားများ အသင့်စုဆောင်းထားရမည့် အစားအသောက်များစာရင်းကို ထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံထဲသို့ ပစ်ခတ်တိုက်ခိုက်နိုင်မည့် ATACMS တာဝေးပစ်ဒုံးကျည်များကို ယူကရိန်းသို့ ပေးအပ်ပြီးနောက်တွင် မြေမြုပ်မိုင်းများကိုလည်း အမေရိကန်က ယူကရိန်းသို့ ပေးအပ်ခဲ့သည်။

ရုရှားနိုင်ငံထဲသို့ တိုက်ခိုက်ရန် ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ပေးအပ်ခဲ့သည့် အမေရိကန်၏ ဆုံးဖြတ်ချက်ကြောင့် တတိယကမ္ဘာစစ်စတင်ပြီ ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Dmitry Medvedev က စကားလုံးပြင်းပြင်းထန်ထန်ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။

ဥရောပသည် တတိယကမ္ဘာစစ်အတွက် ပြင်ဆင်နေပြီဟူသည့် ဖော်ပြချက်များ အနောက်နိုင်ငံမီဒီယာအချို့တွင် တွေ့ရှိလာရပြီး ကမ္ဘာတလွှားမှ နေ့စဉ်သတင်းများကို စုစည်းတင်ဆက်ပေးနေသည့် နာမည်ကျော် Newsnow သတင်းဝက်ဘ်ဆိုဒ်တွင်လည်း ‘World War 3’ ဟူသည့် ခေါင်းစဉ်ဖြင့် ကဏ္ဍတစ်ခု ထပ်တိုးဖော်ပြလာသည်ကို တွေ့ရှိရသည်။

Source – Daily Mail, Reuters, The Mirror, NBC News