BREAKING
January 22, 2025

ထားဝယ်ဒေသက ပြည်သူ့အခြေပြု မြေပြင်ကျောင်းများအတွက် ထောက်ပံ့ရေးလှုပ်ရှားမှု လုပ်မည်

November 20, 2024

ပုံစာ - ယခုနှစ်ဆန်းပိုင်းက ထားဝယ်ခရိုင်အတွင်းရှိ မြေပြင်ကျောင်းတစ်ကျောင်းတွင် ဂိမှာန်ကော်မတီက သင်ထောက်ကူ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးအသိပညာပေး အစီအစဥ်ပြုလုပ်ခဲ့စဥ်။ ဓာတ်ပုံ - ဂိမှာန်။

ထားဝယ်ဒေသအတွင်း ရှိ ပြည်သူ့အခြေပြု မြေပြင် ပညာရေးကျောင်းများအတွက် ထောက်ပံ့ရေးလှုပ်ရှားမှုကို နိုဝင်ဘာလ ၁၇ ရက် မှ ဒီဇင်ဘာလ ၇ ရက် အထိ ပြုလုပ်မည်ဟု ကမ်ပိန်းဦးဆောင်ပြုလုပ်မည့် ဂိမှာန်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကော်မတီ ထံကသိရသည် ။

“ပညာရေးအတွက် ပန်းလက်ဆောင်’ ကမ်ပိန်းကို ကော်မတီအနေနဲ့ ထားဝယ်ဒေသအတွင်းက စစ်အာဏာရှင်စနစ်ကို အံတုရင်း ဖွင့်လှစ်သင်ကြားပေးနေကြတဲ့ စာသင်ကျောင်းတွေအတွက် ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပါတယ် ” ဟု ကမ်ပိန်းတာဝန်ခံ ကိုဝဏ္ဏ ကပြောသည်။

ပန်းလက်ဆောင် ကမ်ပိန်းတွင် ပညာရေးထောက်ပံ့မှုအတွက် ထောက်ပံ့ငွေအဖြစ် ပန်းတစ်ပွင့် တစ်သောင်းကျပ်နှုန်းဖြင့် ပန်းပွင့်ပေါင်း ၇၀၀ (ကျပ်သိန်း ၇၀)ရရှိရန် ရည်ရွယ်ထားသည်ဟု ဂိမှာန်ကော်မတီ ကဆိုသည် ။

ယင်းကမ်ပိန်းကို ဂိမှာန်ကော်မတီ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ဆက်သွယ်၍ ပါဝင်ကူညီနိုင်ကြောင်းက ကိုဝဏ္ဏက ပြောသည် ။

ကမ်ပိန်းမှ ရရှိလာသည့် ရန်ပုံငွေများကို ကျောင်းအရေအတွက်ဖြင့် ခွဲဝေထောက်ပံမည်မဟုတ်ဘဲ ကျောင်းများ၏ လိုအပ်ချက်အပေါ် မူတည်၍ လိုအပ်သလိုကူညီရန် ရည်ရွယ်ထားကြောင်း ကမ်ပိန်းဦးဆောင်သူများထံသိရသည် ။

“ထားဝယ်ခရိုင်အတွင်းက ဖွင့်လှစ်ထားရှိတဲ့ သက်တမ်းတစ်နှစ်ကျော်ပြီဖြစ်တဲ့ စာသင်ကျောင်းတွေကို ကူမယ် လို့ပဲ စဉ်းစားထားချက်မျိုးရှိပါတယ် ။ ဘာလို့လဲဆိုတော့ ပညာသင်ကြားရေးဟာ ရေရှည်ဖြစ်တဲ့အတွက် ရေရှည်ဆောင်ရွက်နေတဲ့ စာသင်ကျောင်းတွေကို ကူညီတာပါ ” ဟု ကိုဝဏ္ဏက ပြောသည် ။

အာဏာသိမ်းပြီးနောက် ပဋိပက္ခပြင်းထန်သည့် ထားဝယ်ခရိုင်အတွင်းရှိ နေရာအချို့တွင် စာသင်ကျောင်းများ မဖွင့်လှစ်နိုင်သဖြင့် ကျောင်းသားသမဂ္ဂများ ၊ တက်ကြွလှုပ်ရှားသူများနှင့် ဘုတ်အဖွဲ့များက မြေပြင်ကျောင်းအချို့ဖွင့်လှစ်ကာ ဒေသတွင်း ပညာရေးအခက်အခဲကို ဖြေရှင်းနေကြရသည်။

ဂိမှာန်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကော်မတီမှာ ဖွဲ့စည်းထားသည့်သက်တမ်း သုံးနှစ်ရှိပြီဖြစ်ပြီး ထားဝယ်ဒေသတွင်းရှိ စစ်ဘေးရှောင်များ၏ ကျန်းမာရေး ၊ ပညာရေးနှင့် စားသောက်နေထိုင်ရေးများကို ထောက်ကူရေးနှင့် ပညာပေးရေးများဆောင်ရွက်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည် ။