“ညည လပြည့်ည
ဖိုးရွှေလက ဝင်းပပ
လရောင်အောက်မှာ ပျော်ရွှင်လို့
တို့တွေ ကစားကြစို့”
လမ်းဘေးမှာရပ်ထားတဲ့ သုံးဘီးကားတစ်စီးပေါ်က ကလေးတွေရဲ့ သောသောညံညံ စာကျက်သံတွေ။
စစ်ရှောင်ရင်း စာကျက်နေကြရရှာတဲ့ ဒီနိုင်ငံက ကလေးလေးတွေရဲ့ဘဝကို ဘယ်ဘုရားရှင်ကများ ကယ်တင်လေမလဲ။
ဟိုးခပ်ဝေးဝေးမှာတော့ ကောင်းကင်ဆီ ထိုးဖောက်တက်နေတဲ့ ရောင်စုံအလင်းတန်းကြီးတစ်ခု။
မပီကလာပီကလာနဲ့ သုံးနှစ်သားကလေးက အဲဒီအလင်းတန်းကြီးကို လက်ညှိုးထိုးပြီး စာကျက်နေရင်းကနေ လှမ်းမေးရှာတယ်။
“အဲဒါဘာလဲ မေမေ”
ထားဝယ်မြို့ပေါ်က ဘာသာရေးပွဲတော်တစ်ခုကျင်းပနေတဲ့နေရာက ထွက်ပေါ်လာနေတဲ့ အဲဒီအလင်းတန်းအကြောင်း သူ့အမေဟာ စိတ်ရှည်လက်ရှည် ရှင်းပြမနေတော့ပါ။
ကလေးတွေ စိတ်မကောင်းဖြစ်ကုန်မှာစိုးလို့တဲ့။
ဟုတ်တော့လည်းဟုတ်ပါတယ်။
ဒီနေရာကလူတွေ အသက်လုပြေးနေရတဲ့အချိန် မြို့ပေါ်မှာ ပျော်ပွဲရွှင်ပွဲတွေအကြောင်း ရှင်းပြရင်လည်း သုံးနှစ်စွန်းစွန်းကလေးက နားလည်မှာ မဟုတ်တဲ့အပြင် သူ့အတွက်ပိုပြီးတောင် ရှုပ်ထွေးသွားနိုင်သေးတယ်မဟုတ်လား။
မန်ဂျန်ရှားအရွက်တွေကြားက လှမ်းမြင်နေရတဲ့ ဖိုးလမင်းဖက်ကို လက်ညှိုးညွှန်ရင်း သူ့အမေဟာ ကလေးတွေကိုချော့သိပ်နေရှာတယ်။
“ဖိုးဖိုးလထဲ ဘာတွေရှိ” လို့ သူ့အမေက တိုင်ပေးလိုက်ရင် ကလေးတွေက “ယုန်ကလေးတွေရှိ” လို့ သံပြိုင်လိုက်ဆိုရင်း အခုနက အလင်းတန်းတွေအကြောင်း မေ့သွားကြပုံပါပဲ။
တအောင့်ကြာတော့ သုံးဘီးပေါ်က ကလေးတွေ လရောင်အားကိုးနဲ့ လမ်းမပေါ်ပြေးဆော့ဖို့ ပျော်ရွှင်စွာ ပြေးဆင်းလာကြတယ်။
“ကောင်းကင်ပေါ်မှာ ဒရုန်းတွေဝဲနေတယ်။ အပြင်ထွက်မဆော့ကြနဲ့”
ကြမ်းရှရှအမိန့်ပေးသံတစ်ခု ရုတ်တရက်ဟိန်းထွက်လာပြီးနောက်မှာ ကလေးတွေရဲ့ပျော်ရွှင်စရာ အခိုက်အတန့်ဟာလည်း မစရသေးခင် အဆုံးသတ်သွားခဲ့ရရှာတယ်။
အခုတလော စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာမှာ ဒရုန်းတွေကို ပေါပေါလောလောသုံးလာတော့ စစ်ရှောင်တွေမှာ ပြေးရင်းလွှားရင်း ခေါင်းတမော့မော့။
ရောင်စုံမီးလေး တစ်ဖျတ်ဖျတ်နဲ့ ရုတ်တရက်ဆို ကြယ်ကလေးတွေ ရွေ့လျားနေသလိုလို၊ လေယာဉ်ပျံလိုလို
နဲ့ အဲဒီဒရုန်းတွေမှာ လူသတ်လက်နက်တွေ သယ်လာလိမ့်မယ်လို့ ကလေးတွေဘယ်သိပါ့မလဲ။
ရန်သူ့ဒရုန်းလား၊ မိတ်ဆွေဒရုန်းလား ဝေခွဲမရသေးခင်မှာ လမ်းဘေးက မန်ဂျန်ရှားအပင်တွေအောက် ဝင်ပုန်းပြီး ကိုယ်ရောင်ဖျောက်ထားတာက ဘေးအကင်းဆုံး ရွေးချယ်မှုပါပဲ။
တိုက်ပွဲထဲက ကျည်ဆန်နဲ့ ဗုံးဆန်တွေကနေ လွတ်မယ်ထင်လို့ ထွက်ပြေးလာကာမှ မိုးပေါ်မှာဒရုန်း မြေပြင်ကနင်းမိုင်းတွေကြား ပတ်ပတ်လည်ဟာ သေခြင်းရဲ့ရနံ့တွေနဲ့ သင်းထုံနေတော့တာ အဆန်းတော့ မဟုတ်ပါဘူးလေ။
သွေးအိုင်ထဲ လဲကျသေဆုံးသွားတဲ့ သူတွေထဲ မိတ်ဆွေတွေ၊ ပြာပုံဘဝပြောင်းသွားတဲ့၊ ဖျက်ဆီးခံလိုက်ရတဲ့ နေစရာအိမ်တွေ စတဲ့စတဲ့ အနိဋ္ဌာရုံတွေက မျက်စိရှေ့တင်။
ရည်ရွယ်ချက်ရှိရှိ ရက်စက်ယုတ်မာပြနေတဲ့ စစ်ကောင်စီတပ်ရန်ကလွတ်ဖို့ ပထမဦးစားပေးလုံခြုံရေးအစီအမံက သုတ်ခြေတင်ပြေးဖို့၊ ဒုတိယအစီအမံက ဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင်ပြေးဖို့၊ တတိယအစီအမံက နောက်ကျတဲ့ခြေထောက် သစ္စာဖောက်တဲ့။
ပဋိပက္ခတွေကြား လူလားမြောက်လာတဲ့ ကလေးတွေဟာ လူသတ်လက်နက်တွေနဲ့ ယဉ်းပါးမှန်းမသိ ယဉ်းပါးလာနေကြပြီ။ သွေးကွက်တွေကြား ပြေးလွှားဆော့ဖို့ မဝံ့မရဲ မဖြစ်ကြတော့ဘူး။
ညဟာနက်လာလေလေ မီးဖိုကမီးနည်းသွားလေလေ။ ဆောင်းဦးရဲ့ အအေးဒဏ်က အကဲပိုလာလေလေ။
ကျောင်းသင်ခန်းစာထဲကလို လရောင်အောက်မှာ ပျော်ရွှင်စွာမကစားရပေမယ့် စစ်ပွဲတွေအကြောင်း လက်တွေ့ကွင်းဆင်းသင်ယူနေရတဲ့ ကလေးတွေလည်း ပင်ပန်းရှာရောပေါ့။
မိုးလုံလေလုံဆုံးဖြစ်မယ့် သုံးဘီးကားပေါ်မှာ ခြုံစောင်ကိုပုခက်ဆွဲ ခပ်နွမ်းနွမ်းအနွေးထည်ကိုယ်စီနဲ့ ဟိုးဝေးဝေးက တစ်ချက်တစ်ချက် ထွက်ပေါ်လာနေတဲ့ တစ်ဒိုင်းဒိုင်း သေနတ်သံတွေကို သောတဆင်ရင်း သူတို့လေးတွေ အိပ်ယာဝင်သွားကြရှာပြီ။
အဖေနဲ့အမေလုပ်သူကတော့ ကျောက်စရစ်ခဲပေါ် ဖျာခင်း၊ ကွန်ကရစ်လမ်းပေါ်ခေါင်းတင်၊ လုံချည်တစ်ထည်စီခြုံပြီး ခပ်ကွေးကွေးလေး။ ခြင်ဆေးခွေအနံ့က လှိုက်ခနဲ။
လမ်းဘေးမှာအစီအရီပေါက်နေတဲ့ မန်ဂျန်ရှားအပင် တစ်ပင်စီတိုင်းရဲ့အောက်မှာ စစ်ရှောင်မိသားစုဝင် သုံးလေးငါးဆယ်လောက်ဟာ ဒီလိုပဲကျောခင်းအိပ်စက်နေကြရှာတယ်။
ကွန်ကရစ်လမ်းပေါ်မှာတော့ မန်ဂျာရှားသစ်ကိုင်းတွေကို ချိုးချထားပြီး အမှတ်အသား လုပ်ထားကြတာတွေ့ရတယ်။
ဆိုလိုတာက ဒီနေရာမှာလူတွေ ညအိပ်နေကြတယ်ဆိုတာကို လမ်းပေါ်ဖြတ်သွားတဲ့ ကား၊ ဆိုက်ကယ်၊ သုံးဘီး၊ ထော်လာဂျီတွေ သတိထားမိပြီး ရှောင်ကွင်းသွားနိုင်အောင်ပါ။ မဟုတ်ရင် ကွန်ကရစ်လမ်းကို ခေါင်းတင်အိပ်နေတဲ့သူတွေ အကုန်တက်ကြိတ်သွားမှာပေါ့။
အတွေးကိုယ်စီနဲ့ အိပ်မပျော်နိုင်သူတစ်စုကတော့ ရေထဲက အခုလေးတင်ဖမ်းလာတဲ့ လက်ညှိုးအရွယ် ငါးရံ့လတ်လတ်ဆတ်ဆတ်တွေကို မီးဖုတ်စားသူကစား၊ ဖုန်းပွတ်သူကပွတ်၊ ဘက်ထရီအားကုန်နေတဲ့သူတွေက ပါဝါဘဏ်အားကိုးနဲ့ အားသွင်းတဲ့သူကသွင်း၊ လယ်ကွင်းတွေထဲ ငါးရှာသူကရှာ၊ ဆေးလိပ်ဖွာသူက ဖွာနေကြပေမယ့် အားလုံးကတော့ အရှေ့တူရှုဆီက အရုဏ်တတ်လာမယ့်အချိန်ကို စောင့်မျှော်နေကြတဲ့ သူတွေချည်းပါပဲ။
စိတ်ထဲကလည်း မိုးမြန်မြန်လင်းပါစေတော့ ဆုတောင်းရင်းပေါ့။
သူများတွေလို အိပ်ယာခင်းတွေ၊ စောင်တွေမပါလာတဲ့သူတို့အတွက်က ကျောက်စရစ်ကစူး၊ ခြင်တဝီဝီအော်နေတဲ့ ဒီလမ်းဘေး ဘယ်လိုမှကြိတ်မှိတ်အိပ်လို့ရမှာ မဟုတ်မယ့် အတူတူ မိုးမြန်မြန်လင်းသွားတာက ပိုကောင်းသေးတယ်မဟုတ်လား။
အဲဒီထဲကတစ်ယောက်ကတော့ နင်ပဲငဆ ဖအေတွေ၊ မအေတွေတိုင်ပြီး စစ်ကောင်စီတပ်ကို ထဆဲနေလေရဲ့။
စစ်ကောင်စီတပ်ကလည်း မပြန်နိုင်သေးဘဲ ရက်ဆက်စစ်ကြောင်းထိုးလိုက်၊ ပြန်ဆုတ်သွားလိုက်၊ နောက်နေ့ပြန်ထိုးလိုက်နဲ့ တစ်ရက်ကနေ နှစ်ရက်၊ သုံးရက်၊ တစ်ပတ်ရှိလာပြီ။
လူတွေလည်း ပင်ပန်းလှပြီ။ နေ့တိုင်းလမ်းဘေးမှာ ဖြစ်သလိုအိပ်၊ ကြုံသလိုစား၊ လုပ်လက်စအလုပ်တွေ ပစ်ချပြေးကြရတော့ ဖတ်ဖတ်မောလှပါပြီ။
မန်ဂျန်ရှားတောက ညအိပ်စစ်ရှောင်တွေဆီ ကိုယ်တွေရောက်လာတဲ့အချိန်က ည ၈ နာရီလောက်ရှိမယ်ထင်ပါတယ်။
တစ်နေကုန် ဘီလူးဆိုင်းနဲ့ အသားကုန်ကြမ်းရမ်းပြထားတဲ့ စစ်ကောင်စီတပ်က ညဖက်လှုပ်ရှားလာမယ်မထင်လို့ အိမ်မှာဝင်အိပ်နေခဲ့တာ မှားလေခြင်း။
သူရဲသူဘက် ဝင်ပူးနေသလား အောက်မေ့ရတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက အချိန်မရွေး ကိုယ့်အိမ်ရှေ့ ရောက်လာနိုင်တာကို တွေးတွေးပြီး ဘယ်လိုမှ ဆက်အိပ်မရတော့လို့ ညချင်းထွက်ပြေးဖို့ပြင်ဆင်လိုက်ရတယ်။
ရွာအနောက်လမ်းတိုင်း ဒုန်းစိုင်းစီးလာတဲ့ဆိုင်ကယ်ကို မီးဖွင့်ပြီးလည်းမမောင်းရဲ။ သွားနေကျ ကျွမ်းကျင်ပြီးသားလမ်းဆိုပေမယ့် အမှောင်ထဲမှာ စမ်းတဝါးဝါးရယ်ပါ။
မန်ဂျန်ရှားတောရောက်တော့ အမှောင်ထဲက လူတချို့ထွက်လာပြီး သစ်ခက်တွေနဲ့ ဝှေ့ယမ်းပြီး လမ်းပြပေးကြတယ်။ ဒီလိုမှ လမ်းမပြပေးရင်လည်း ကွန်ကရစ်လမ်းခေါင်းတင်အိပ်နေသူတွေကို တက်နင်းမိတော့မှာ။
ဆိုင်ကယ်မီးအကုန်ပိတ်ထားတော့ ခပ်ဖျော့ဖျော့လရောင်ကြောင့် ကလေး၊ လူကြီး၊ အဘိုးအဘွား အရွယ်စုံ မန်ဂျန်ရှားအပင်အောက်မှာ နေရာကိုယ်စီယူထားကြတာ တမျှော်တခေါ်။ အားလုံး သုံးဆယ်နဲ့ ငါးဆယ်ကြားရှိမယ်လို့ မှန်းဆမိတယ်။
ကိုယ်တွေနေဖို့အပင်တောင် မနည်းလိုက်ရှာယူလိုက်ရတယ်။ ကိုယ်တွေအုပ်စုမှာက ဆိုင်ကယ်နှစ်စီး၊ သုံးဘီးတစ်စီး၊ သုံးနှစ်အရွယ် ကလေးသုံးယောက်၊ လင်မယားတစ်တွဲနဲ့ ယောက်ျားနှစ်ယောက် စုစုပေါင်း ၇ ယောက်ပါတယ်။
ကိုယ်တွေမှာက ဝရုန်းသုန်းကားနဲ့ ရုတ်တရက်ထွက်ပြေးလာတာဆိုတော့ ဘာအခင်းမှလည်းမပါ။ ခြုံစရာစောင်လည်းမရှိ။
လွတ်တဲ့သစ်ပင်အောက် ဆိုင်ကယ်ထိုးဆိုက်ပြီး လုံချည်တစ်ထည်ကို ခေါင်းမြီးခြုံရင်း ထိုင်လိုက် ထလိုက်၊ လမ်းလျှောက်လိုက်နဲ့ ငိုက်ကနဲတစ်ချက်ကလွဲရင် တစ်ညလုံးတစ်မှေးမှမရလိုက်။
နောက်မှသိရတာက ရွာထဲကအိမ်တွေ၊ ဘုန်းကြီးကျောင်း၊ ဇရပ်တွေပါ စစ်ရှောင်တွေနဲ့ ပြည့်ကြပ်နေကြပြီမို့ ဒီလူတွေအကုန်လုံး မန်ဂျန်ရှားအပင်တွေအောက် ရောက်လာကြတယ်ဆိုတာပါ။
“ဟိုးမှာ မီးခိုးတွေ၊ မီးခိုးတွေ အိမ်မီးရှို့နေကြပြီထင်တယ်”
ငိုက်ရာကနေ ရုတ်တရက်လန့်နိုးလာတော့ မနက် ၄ နာရီပဲရှိပါသေးတယ်။
ခပ်ဝေးဝေးရွာဖက်ဆီက မီးခိုးလုံးကြီးတလိပ်လိပ်တက်လာနေတာ အတိုင်းသားမြင်နေရကြရတယ်။
ဒိုင်း ဒိုင်း ဒိုင်း
မီးခိုးလုံးတွေကြား သေနတ်အသံတွေ ရောထွေးထွက်ပေါ်လာကြတော့ တစ်ယောက်တစ်မျိုး ထင်ကြေးပေးသံတွေနဲ့ အရုဏ်ဦးဟာ ရုန်းရင်းဆန်ခတ်နဲ့ အကျည်းတန်လို့။
သုံးဘီးကားပေါ်က ကလေးတွေလည်း လန့်နိုးလာပြီး လမ်းပေါ်မှာလူတွေ လှုပ်လှုပ်ရွရွဖြစ်နေကြတာကို ငူငူကြီး ကြည့်နေကြတယ်။
ခဏကြာတော့ ပစ္စည်းပစ္စယတွေ ကောက်သိမ်းပြီး သုံးဘီးလေးထွက်ဖို့ပြင်နေတာ သတိထားမိတယ်။
အခုနက သေနတ်သံတွေ၊ နေအိမ်မီးရှို့နေတဲ့ပုံထောက်ရင် နောက်ရက်တွေမှာ ဒီမန်ဂျန်ရှားတန်းလေးလည်း မလုံခြုံတော့ဘူးဆိုတာ သုံးဘီးမိသားစုဝင်တွေ စဉ်းစားမိပုံပါပဲ။
တကယ်တော့ လုံခြုံတဲ့ရပ်ဝန်းကို စစ်ပွဲတွေကြား ရှာမတွေ့နိုင်ဘူးဆိုတဲ့အကြောင်း တွေးနေရင်းကပဲ သုံးဘီးက ဟိုးခပ်ဝေးဝေးကို ရောက်သွားခဲ့ပြီ။
သုံးဘီးပေါ်က ကြောက်ရွံ့နေကြတဲ့ ကလေးတွေရဲ့မျက်ဝန်းတွေကို ရင်မှာအတိုင်းသားစွဲကျန်ရစ်ခဲ့တယ်။
ကလေးတို့ရေ…..
ကလေးတို့ သီဆိုကျက်မှတ်နေတဲ့ လပြည့်ည ကဗျာထဲကလို ပျော်ရွှင်စရာ လပြည့်ညလေးဟာ ကလေးတို့ရှင်သန်နေတဲ့ ကမ္ဘာမှာတော့ ဆိတ်သုဉ်းခဲ့တာ ကြာလှပေါ့။
ကလေးတို့ရဲ့ တကယ့် လပြည့်ည စစ်စစ်ကြီးကတော့ သင်ခန်းစာထဲက လပြည့်ညနဲ့မတူ ပြောင်းပြန်အချိုးကျတဲ့ လပြည့်ညတစ်ညလို့ မြင်ရောင်မိတယ်။
တကယ့်တကယ် ကလေးတို့သီဆိုနေရမှာက
ညည လပြည့်ည
သွေးရောင်လွှမ်းတဲ့ လပြည့်ည
တိုက်ပွဲတွေကြားမှာ ငိုယိုလို့
တို့တတွေ ပြေးလွှားကြစို့။
နောန်ပြည့်ဝ