BREAKING
December 27, 2024

ဘန်ကောက်တွင် အီးစီးကရက်ထုတ်အလုပ်ရုံက မြန်မာအမျိုးသမီး ၂၀ကျော် ဖမ်းဆီးခံရ

November 20, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော်နယ်မြေရှိ အီးစီးကရက် (E-cigarette) ထုတ်လုပ်နေသော အလုပ်ရုံတွင် လုပ်ကိုင်နေသော မြန်မာအမျိုးသမီး ၂၂ ဦး နိုဝင်ဘာလ ၁၈ ရက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အီးစီးကရက်များ တရားမဝင် ထုတ်လုပ်နေကြောင်း သတင်းရသဖြင့် ထိုင်းအာဏာပိုင်များက ဝရမ်းဖြင့် ဝင်ရောက်စစ်ဆေးစဉ် အလုပ်ရှင် တရုတ်သူဌေးနှင့်အတူ မြန်မာနိုင်ငံသားများကိုပါ ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အလုပ်ရုံ၏အရှေ့တွင် အလှပြင်ဆိုင်ကဲ့သို့ မိတ်ကပ်စသော အလှကုန်ပစ္စည်းများကို ပြသထားသော်လည်း ဆိုင်အနောက်တွင် ထိုင်းဥပဒေအရ တားမြစ်ထားသော အီးစီးကရက်များကို ထုတ်လုပ်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရေးသားထားသည်။

စစ်ဆေးစဉ် တရုတ်နိုင်ငံသား အလုပ်ရှင်တစ်ဦးနှင့် မြန်မာအမျိုးသမီး ၂၂ ဦးတို့ အလုပ် လုပ်ကိုင်နေသည်ကို တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

အလုပ်ရုံထဲတွင် အီးစီးကရက် ၃၅၀၀ ကျော်၊ ဆေးရည် ၆၃ ဂါလန်၊ စက်ပစ္စည်း ရှစ်လုံးနှင့် အခြားပစ္စည်း ကိရိယာပေါင်း ၃၃,၀၀၀ ကျော်ကိုလည်း တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

တရားမဝင် လုပ်ကိုင်မှု၊ ဥပဒေက တားမြစ်ထားသော ကုန်ပစ္စည်း ထုတ်လုပ်မှု၊ တရားမဝင် အလုပ်သမား ခန့်ထားမှု စသော အမှုများဖြင့် အလုပ်ရှင်ကို အမှုဖွင့်ထားကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမား ၂၂ ဦးအနက် ထက်ဝက်သည် စာရွက်စာတမ်းများရှိသော်လည်း အလုပ်ရှင်မတူမှု၊ ခွင့်ပြုချက်မရှိသော အလုပ်များ လုပ်ကိုင်နေမှုများဖြင့် အမှုဖွင့်အရေးယူခံထားရပြီး ကျန်ထက်ဝက်မှာ တရားမဝင် ဝင်ရောက်လာမှု၊ ခွင့်ပြုချက် မရှိသော အလုပ်များ လုပ်ကိုင်နေမှုများဖြင့် အရေးယူထားကြောင်း ရေးသားထားသည်။

အီးစီးကရက်သည် သာမန်ဆေး‌လိပ်များနှင့် မတူဘဲ ဘေးထွက်ဆိုးကျိုး ပိုဖြစ်စေသဖြင့် ထိုင်းနိုင်ငံအတွင်း အီးစီးကရက် ထုတ်လုပ်မှု၊ ရောင်းချမှုနှင့် သုံးစွဲမှု အားလုံးကို တားမြစ်ထားသည်။

Ref: CH 7, naewna, FM 91