စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရသည့် ထားဝယ်မြို့ပေါ် ဆင်ဆိပ်နှင့် အိမ်ရှေ့ပြင်ရပ်ကွက်ကြားတွင် နေထိုင်သူများ ပြောင်းရွှေ့ထွက်ခွာရန် စစ်ကောင်စီ ဖိအားပေးနေကြောင်း မြို့ခံများကပြောသည်။
နိုဝင်ဘာလ ၁၈ ရက်က ဆင်ဆိပ်နှင့် အိမ်ရှေ့ပြင်ကြားရှိ ထားဝယ်လေဆိပ်ပြေးလမ်းထိပ်က အရက်ချက်စက်ရုံအနီးတွင် သုံးဘီးမော်တော်ယာဉ်နှင့် ကင်းလှည့်လာသည့်စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံခဲ့ရသည်။
ယင်းနောက် တစ်ရက်အကြာ နိုဝင်ဘာ ၁၉ ရက်တွင် စစ်ကောင်စီတပ်နှင့် မြေစာရင်း၊ အိုအိမ်၊ ထွေအုပ် စသည့် ပူးပေါင်း အဖွဲ့က အိမ်တိုင်ရာရောက်လာရောက်ပြီး ပြောင်းရွေ့ရန် လိုက်လံဖိအားပေးပြောဆိုခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။
“အထောက်အထား မရှိတဲ့သူတွေ ဥပမာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဆိုင်ဆောက်ထားတာတွေ၊ ဆိုင်ခန်းဖွင့်လှစ် ရောင်းချ နေတာတွေ ပြောင်းရမယ်ပြောတယ်။ (ဒီနေ့) မနက်ကဆိုရင် တချို့ ပစ္စည်းသယ်နေတာတွေ့ရတယ်။ ကုန်တင်ကားဝင်းရှေ့က အဆောက်အအုံတစ်ခုကတော့ ဖျက်နေတာ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
ပြောင်းရွှေ့ခိုင်းခံရသည့်နေရာတွင် နေအိမ် ၂၀ခန့်နှင့် ဆိုင်ခန်း ၂၀ခန့်ရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။
၂၀၀၄ ခုနှစ်မတိုင်မီက ယင်းနေရာတွင် လူနေထိုင်ခြင်းမရှိဘဲ လယ်ကွင်းနှင့် ဥယျာဉ်ခြံများသာရှိပြီး ၂၀၀၄ ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိ လေယာဉ်ကွင်းတိုးချဲ့ တည်ဆောက်ပြီးသည့် နောက်ပိုင်းမှ လူနေထိုင်ခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
သို့သော်လည်း စစ်ကောင်စီက ပြောင်းရွှေ့ရန် ပြောဆိုမှုများတွင် မြေပိုင်ဆိုင်သည့် အထောက်အထားရှိသည့် ဒေသခံပြည်သူများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်ပြောင်းရွှေ့နေရသည့် မြို့ခံပြည်သူတစ်ဦးက ပြောဆိုသည်။
“သုံးရက်အတွင်း ပြောင်းရွှေ့ဖို့ပြောလို့ ပြောင်းနေရတယ်။ ဒါပေမဲ့ ဒီမှာလုပ်ကိုင်စားသောက်နေတာ ဆယ်နှစ်လောက် ရှိနေပြီ။ အထောက်အထားလည်းရှိတယ်။ ရုတ်တရက်ဆိုတော့ အဆင်မပြေဘူး” ဟု ၎င်းက ပြောသည်။
ယင်းအပြင် စစ်ကောင်စီက ဆင်ဆိပ်နှင့် အိမ်ရှေ့ပြင်ကြားရှိ ဓနိလုပ်ငန်း လုပ်ကိုင်သူများကိုလည်း ယမန်နေ့ကစပြီး ဓနိလုပ်ငန်းကို လုပ်ကိုင်ခွင့်မပြုတော့ကြောင်း မြို့ခံများက ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင်မူ ဓနိလုပ်ငန်းလုပ်ကိုင်သူများကို ဆွေးနွေးရန်ရှိသည်ဟုဆိုကာ ထားဝယ်မြို့နယ် စုပေါင်းရုံးသို့ ခေါ်ယူထားကြောင်း ရပ်ကွက်တွင်နေထိုင်သူများက ပြောသည်။