“မွဲတေ ဆင်းရဲကြလို့၊ မဖွံ့ဖြိုးလို့ လက်နက်ကိုင်တိုက်ခိုက်နေကြတယ်။ စီးပွားရေးအခွင့်အလမ်းနဲ့ ဒေသဖွံ့ဖြိုးရေးလမ်းစတွေသာ ရလာခဲ့ရင်၊ ချမ်းသာလာကြရင် လက်နက်တွေမကိုင်တော့ဘဲ အပစ်ရပ်ပြီး ဖွံ့ဖြိုးရေး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေလုပ်ကြမှာပါပဲ”
ငြိမ်းချမ်းရေးတည်ဆောက်မှုကို ဒီလိုအမြင်မျိုးနဲ့ ချဉ်းကပ်ကြသူတွေရှိကြပါတယ်။ အပစ်ရပ်ကြပြီး စီးပွားရေးလုပ်၊ ဖွံ့ဖြိုးအောင်လုပ်ကြ ဆိုတဲ့ အခြေအနေကို ယေဘုယျအားဖြင့် အပစ်ရပ်စီးပွားရေး လို့လည်း သိကြပါတယ်။
ဒီလိုပုံစံမျိုးကိုပဲ ငြိမ်းချမ်းရေး တည်ဆောက်မှု လို့ ခေါင်းစဉ်တပ်ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒီလိုမျိုးအကျိုးစီးပွားမက်လုံးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုကို ချဉ်းကပ်တာက တကယ်ရော အလုပ်ဖြစ်သလား လို့ မေးခွန်းထုတ်ကြသူတွေရှိပါတယ်။ အကြောင်းကတော့ ဒီချဉ်းကပ်မှုမျိုးနဲ့ လုပ်ဆောင်ခဲ့တဲ့ အပစ်ရပ် စီးပွားရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရေးဖြစ်စဉ်တွေဟာ မလိုလားအပ်တဲ့ အကျိုးဆက်အချို့ ထွက်လာခဲ့ဖူးလို့ပဲ ဖြစ်ပါတယ်။
စီးပွားရေး ကြီးပွားရေးပဲ ပြောမှာလား
နဝတ/နအဖ လက်ထက်မှာ မြန်မာနိုင်ငံမြောက်ပိုင်းမှာ အပစ်ရပ်ခဲ့ပြီး စစ်တပ်နဲ့ အပစ်ရပ်တဲ့အဖွဲ့တွေ အကြား စီးပွားရေးပူးပေါင်းခဲ့ကြတာရှိပါတယ်။ ထင်ရှားတဲ့ သာဓက ကတော့ KIO/KIA နဲ့ အပစ်ရပ်ခဲ့တာပါပဲ။
နှစ်အတော်အကြာ အပစ်ရပ်ခဲ့ပြီး စီးပွားရေးအခွင့်အလမ်းတွေအကြား နှစ်ဖက် ပူးပေါင်းခဲ့ပေမဲ့ အပစ်အခတ်ပြန်ဖြစ်လာခဲ့တာပါပဲ။
ဒီနေရာမှာ ဘာလို့ ဆယ်စုနှစ် နှစ်ခုနီးစာနီးနီး အပစ်ရပ်ခဲ့ကြပြီးမှ စစ်ပြန်ဖြစ်ကြသလဲလို့ အမေးရှိလာပါတယ်။ နီးစပ်တဲ့ အဖြေတခုကတော့ နိုင်ငံရေး အရ ဆွေးနွေးမှုတွေမှာ ကောင်းမွန်တဲ့ ရလဒ်တွေထွက်မလာခဲ့လိုပဲဖြစ်ပါတယ်။
တော်လှန်ရေးအဖွဲ့အများစုရဲ့ ရည်မှန်းချက်တွေဟာ နိုင်ငံရေးအရ အခြေခံကျကျ အပြောင်းအလဲတွေကို ပိုပြီး အာသီသဖြစ်တာမျိုးပါ။ လွတ်လပ်၊ တန်းတူညီမျှ၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီး၊ ဖက်ဒရယ် စတာတွေဟာ စကားလုံးသပ်သပ်သာမဟုတ်ပါဘူး။
လက်တွေ့ ကျကျ ဖော်ဆောင်လိုတဲ့ နိုင်ငံရေးရည်မှန်းချက်တွေပါ။ အပစ်ရပ်လိုက်ပြီး စီးပွားရေး၊ ဒေသဖွံ့ဖြိုရေး ဇောက်ချလုပ်မယ်၊ ကြီးပွားရေး စီးပွားရေး စကားပဲပြောပြီး ငြိမ်းချမ်းရေးဖော်မယ်ဆိုတာမျိုးဟာ နိုင်ငံရေးအရ တန်းတူညီမျှမှုမရှိတဲ့ အနေအထားမှာတော့ ရေတိုမှာ တည်ငြိမ်နိုင်ပေမဲ့ ရေရှည်မှာ ပြဿနာ အသစ်တွေကို တသီကြီး ပေါ်လာစေနိုင်တဲ့ အခြေအနေပါ။
အကြောင်းကတော့ လက်နက်ကိုင် တိုက်ပွဲတွေဖြစ်နေရတာဟာ ဆင်းရဲလို့၊ မဖွံ့ဖြိုးလို့ဆိုတဲ့ အကြောင်းကြောင့် အဓိက မဟုတ်ဘဲ နိုင်ငံရေးရည်မှန်းချက်တွေ မပေါက်မြောက်တာ၊ နှစ်ဖက်ကြားမှာ နိုင်ငံရေးအမြင် ဖီလာ ဖြစ်နေကြကြောင့်ပါပဲ။
အပစ်ရပ်စီးပွားရေးနဲ့အမြတ်ထွက်ခဲ့တဲ့ စစ်တပ်
မြန်မာစစ်တပ်ဟာ မြောက်ပိုင်းအဖွဲ့အချို့နဲ့ အပစ်ရပ်ပြီး စီးပွားရေးကိစ္စတွေလုပ်ဆောင်ခဲ့ရာမှာ ငွေကြေးအကျိုးအမြတ်ထက်မကသော အခြားသော အကျိုးအမြတ်များစွာ ရခဲ့ပါတယ်။
ထင်ရှားတဲ့ နိုင်ငံရေး ရလဒ်အချို့ကတော့ စစ်တပ်ဟာ အစိုးရ နဲ့ နိုင်ငံတော်ဆိုတဲ့ နေရာကို အာဏာသိမ်းပြီး မတော်မတရား လုယူ၊ တော်လှန်ပြည်သူကို နှိပ်စက်ကလူပြုနေခဲ့ပေမဲ့ စီးပွားရေးအကျိုးအမြတ် ဦးစားပေးတဲ့ နိုင်ငံအချို့ရဲ့ (တရားဝင်အစိုးရသဖွယ်)အသိအမှတ်ပြုမှုတွေရခဲ့သလို ရင်းနှီးမြှုပ်နှံမှုအချို့လည်း ရခဲ့ပါတယ်။
သူ့ရဲ့ စစ်ရေးအင်အားကို တိုးချဲ့နိုင်ခဲ့ပြီး မြောက်ပိုင်းမှာ အပစ်ရပ် တောင်ပိုင်းမှာတော့ အမြစ်ဖြတ် စစ်ဆင်ရေးကြီးတွေနဲ့ ကေအဲန်ယူလို အဖွဲ့ကြီးတွေကို တိုက်ခိုက်ခဲ့တာပါ။
အဲသလို နယ်မြေစိုးမိုးမှု ရယူပြီး တိုက်ခိုက်ခဲ့တာတွေဟာ စစ်ခေါင်းဆောင်တွေကို အကျိုးစီးပွားအတော်လေးဖြစ်စေခဲ့လို တော်လှန်ရေး အဖွဲ့အချို့အတွက်လည်း စစ်ရေး၊ နိုင်ငံရေး၊ ရေရှည်ရပ်တည်ရေး ခြိမ်းခြောက်မှုကြီးတွေ ကြုံခဲ့စေတာပါ။
အပစ်ရပ်စီးပွားရေးနဲ့ အပစ်ရပ်အဖွဲ့များ
အပစ်ရပ်စီးပွားရေးကာလမှာ အမျိုးမျိုးသော လုပ်ငန်းတွေကြောင့် ဒေသတည်ငြိမ်လာပြီး ကြွယ်ဝ လာခဲ့တဲ့ အဖွဲ့အချို့ရှိသလို နိုင်ငံရေးအရ ညှိလို့မရတာမို့ ပဋိပက္ခပြန်ဖြစ်ကြတာတွေလည်းရှိပါတယ်။
ဥပမာ – ဝတို့ မိုင်းလားတို့ ဖက်ကြည့်ရင် သူတို့ မှာ နိုင်ငံရေးအရကော၊ ဓနအင်အား၊ စစ်အင်အား အရပါ အတိုင်းအတာတခုထိ တောင့်တင်းအောင် အပစ်ရပ်စီးပွားရေးမျိုးနဲ့ ထူထောင်နိုင်ခဲ့တာမျိုး တွေ့ကြရမှာပါ။
သူတို့ကို ကျောထောက်နိုင်ခံ ပေးထားတဲ့ အိမ်နီးချင်းလည်းရှိသလို ဒေသကို အုပ်ချုပ်ပုံ၊ နိုင်ငံရေးအတွေးအမြင်ကလည်း ထိုအိမ်နီးချင်းနိုင်ငံနဲ့ ဆင်ပါလိမ့်မယ်။
တချို့အဖွဲ့တွေကြတော့ တမျိုးဖြစ်ပါတယ်။ နယ်မြေငြိမ်လာတယ်၊ နှစ်ဖက်ညှိပြီး စီးပွားရေး ပေါင်းလုပ်ခဲ့တာတွေ ရှိပေမဲ့ အဖွဲ့တွင်းနဲ့ လူထုထဲမှာ ပဋိပက္ခရှိလာစေတာမျိုးကြုံရပါတယ်။
အပစ်ရပ်စီးပွားရေးမှာ လူထုဟာ ကုမ္ပဏီအချို့ရဲ့ လုပ်ငန်းတွေကြောင့် ဒုက္ခမျိုးစုံ ကြုံရပါတယ်။ အထူးသဖြင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုနဲ့ ဆက်စပ်ပါတယ်။ နိုင်ငံရေး အရ မျှော်မှန်းချက်တွေနဲ့ လူထုက ထောက်ခံအားပေးခဲ့ရတဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ခေါင်းဆောင် အချို့ဟာ စစ်ခေါင်းဆောင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ ဖက်လှဲတကင်း ဖြစ်လာပြီး သူတို့ အကျိုးစီးပွားပဲ အာရုံစိုက်လာတယ်၊ ဒေသပြဿနာတွေကို စိတ်မဝင်စား၊ အကျိုးအမြတ် ကိုလည်း ဒေသကို မဝေခွဲ တာမျိုး ဖြစ်လာခဲ့ပါတော့တယ်။
နိုင်ငံရေးရည်မှန်းချက်နဲ့ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေဟာ အထက်လူကြီးရဲ့ စီးပွားရေးလုပ်ငန်းတွေကို အကာကွယ်ပေးရတဲ့ လုံခြုံရေးသာသာလိုမျိုးခံစားလာရတာ၊ နီးရာဓားကြောက်လာရတာ၊ လူထုဟာ ဒုက္ခတွင်းထဲက မထွက်နိုင်တဲ့အပြင် ဒုက္ခအသစ်တွေပါ ကြုံလာရတွေက တော်လှန်းရေးအဖွဲ့တွေအထဲ အတွင်းမီးကို မွှေးလိုက်သလိုပါပဲ။
ဒီလိုမျိုးတွေကြောင့် အကျိုးစီးပွားအပေါ်ပြုပြီး အဖွဲ့တွေကွဲတာ၊ ခွဲထွက်တာ၊ အဖွဲ့တွင်း အာဏာပြိုင်တာတွေ ပြင်းထန်လာခဲ့တဲ့အပြင် လူထုရဲ့ ကိုးစားမှု၊ အထင်ကြီး လေးစားမှု နဲ့ ထောက်ခံမှုလည်း ကျပါတော့တယ်။ ဒီလိုတွေကြောင့် အပစ်ရပ်စီးပွားရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုကို ချဉ်းကပ်တာဟာ အချို့အဖွဲ့တွေအတွက် ဆိုးကျိုးများစေတာပါ။
အထူးသဖြင့် အဖွဲ့အစည်းနဲ့ အားပေးထောက်မ ပေးထားတဲ့ လူထုနဲ့အကြားက လူမှုသဟဇာတဖြစ်မှု ယိုယွင်း ပျက်စီးသွားတတ်တာမျိုးပါပဲ။
တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) ထိုးပြီးနောက်မှာလည်း နိုင်ငံရေးအရ အကြေအလည် မဆွေးနွေး ရသေးခင်မှာ စီးပွားရေးနဲ့ အကျိုးစီးပွားကိစ္စကို ရှေ့တန်းတင်ခဲ့တဲ့အတွက် အချို့သော တော်လှန်ရေးအဖွဲ့များရဲ့ ထိန်းချုပ်နယ်မြေမှာ ပြဿနာတွေ ပေါ်လာခဲ့ပါတယ်။
အချို့အဖွဲ့ကြီးတွေမှာ အချင်းချင်းကြား သဘောထားကွဲလွဲမှုတွေ၊ လူထုထောက်ခံမှု ကျတာတွေ၊ လူထုက ပြန်ပြီး ဆန့်ကျင် ကန့်ကွက်နေရတဲ့ အဖြစ်မျိုးတွေ ရှိလာခဲ့ပါတယ်။
ဒီလိုမျိုးအခြေအနေတွေကို နိုင်ငံရေးကိစ္စဖြည်းဖြည်း ပြောကြတာပေါ့၊ လောလောဆယ် ဖွံ့ဖြိုးရေး ကြီးပွားရေး စီးပွားရေးက နောက်ကောက်ကျနေလို့ အလျင်လုပ်ရမယ်လို့ ဆိုပြီး သဘာဝပတ်ဝန်းကျင်နဲ့ အောက်ခြေလူထုရဲ့ လူမှုစီးပွား ထိခိုက်မှုကို မကြည့်ဘဲ ကျင့်ဝတ်မဲ့ လုပ်ကြတဲ့ လုပ်ငန်းတွေရှိရာမှာ အများအားဖြင့် တွေ့ရလေ့ရှိပါတယ်။
လူထုဖက်ကကြည့်ရင် စစ်ပွဲတွေမရှိတော့ပေမဲ့ သူတို့မက်ခဲ့တဲ့ နိုင်ငံရေးမျိုးလည်း မရောက်တဲ့အပြင် သူတို့ရဲ့ ဖြစ်တည်မှု ဘဝတွေကိုပါ ခြိမ်းခြောက်လုယူခံရတဲ့ အနေအထားမျိုး ကြုံနေခဲ့ရတာပဲ ဖြစ်ပါတယ်။
အဆိုးဆုံး အခြေအနေကတော့ လူထုက ထောက်ခံ ပံ့ပိုးခဲ့တဲ့ အဖွဲ့အစည်းခေါင်းကြီးပိုင်းတွေဟာ လုပ်ငန်းရှင်တပိုင်း ဖြစ်လာပြီး လူထုမျက်နှာကို မငဲ့တော့ဘဲ ထိန်းချုပ်ဒေသထဲက သဘာဝ သယံဇာတနဲ့ အဖွဲ့အစည်းမှာ ရှိနှင့်နေတဲ့ လူ့စွမ်းအားတွေကို သုံးပြီး သူ့ကိုယ်ကျိုးသာကြည့်တော့တာပါ။
ဒီလိုအခြေအနေမှာ ခေါင်းကြီးပိုင်းတွေဟာ လက်နက်ကိုင်တပ်တွေကို သူ့ကိုယ်ကျိုးငှာသုံးလို့ရတဲ့ ခါးပိုက်ဆောင်တပ်သဖွယ် အင်အားချဲ့ပြီး ရသမျှ ကိုယ်ကျိုးစီးပွားနဲ့ အာဏာတည်ဆောက်သွားနိုင်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေဟာလည်း အပစ်ရပ်စီးပွားရေးအပါအဝင် နည်းမျိုးစုံသုံးပြီး စစ်တပ်ကို သူတို့ အကျိုးစီးပွားအတွက် အလိုကျသုံးနိုင်တဲ့ ခါးပိုက်ဆောင်တပ်ဖြစ်အောင် ပုံသွင်း အားဖြည့်ပြီး အာဏာ တည်ဆောက်လာခဲ့တာလို့ ဝေဖန်မှုတွေရှိပါတယ်။
ဒါကြောင့်မို့လို့ အကျိုးစီးပွားမက်လုံးပေးတဲ့နည်းနဲ့ ငြိမ်းချမ်းရေးကို ချဉ်းကပ်တာမှာ သတိပြုစရာတွေ အများကြီးရှိနေတယ်လို့ ဆိုပါတယ်။
အကျိုးစီးပွားမက်လုံးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ရင် ငြိမ်းချမ်းလာမယ် လို့ဆိုရာမှာ ခေါင်းကြီးပိုင်းတွေနဲ့ အာဏာရှိသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေပဲ ကြွယ်ဝသွားပြီး ဒေသမှာ နေသူတွေ ကတော့ ဆိုးကျိုးတွေခံစားရတဲ့ ဒေသခံ တွေအဖြစ် ကျန်ခဲ့တာမျိုးဆိုရင်တော့ လူထုမှာ စစ်မဖြစ်တာကလွဲလို့ ကိုယ်စိတ်နှပါးမငြိမ်းချမ်းနိုင်ပါဘူး။
အကျိုးစီးပွားမက်လုံးသက်သက်နဲ့ ငြိမ်းချမ်းရေးကို ချဉ်းကပ်မှုဟာ အာဏာရှင် လက်သစ်ကလေးတွေကိုတောင် ပေါ်လာစေနိုင်တာမို့ တကယ့်ငြိမ်းချမ်းရေး တည်ဆောက်နိုင်တာမျိုး မဟုတ်ဘဲ ပဋိပက္ခဖန်တီးပြီး အမြတ်ထုတ်တတ်တဲ့ အနေအထားဖြစ်သွားနိုင်ပါတယ်။
တကယ့်ငြိမ်းချမ်းရေး အလှမ်းဝေးပြီး အပစ်အခတ်ရပ်စဲရုံ အနေအထားနဲ့ လူထုဘဝမတည်ငြိမ် အခြေမကျသေးတဲ့အခါမျိုးကို အခွင့်ကောင်းယူလို့ သယံဇာတ အကျိုးအမြတ်ကို ခေါင်းကြီးပိုင်းတွေက နှိုက်ယူသွားနိုင်တဲ့ အဖြစ်မျိုးလည်း ဖြစ်နိုင်ပါကြောင်း။
ကိုးကား
- David Brenner (2015) Ashes of co-optation: from armed group fragmentation to the rebuilding of popular insurgency in Myanmar, Conflict, Security & Development, 15:4, 337-358, DOI: 10.1080/14678802.2015.1071974
- David Brenner (2017): Inside the Karen Insurgency: Explaining Conflict and Conciliation in Myanmar’s Changing Borderlands, Asian Security, DOI: 10.1080/14799855.2017.1293657
- Gerard McCarthy & Nicholas Farrelly (2020) Peri-conflict peace: brokerage, development and illiberal ceasefires in Myanmar’s borderlands, Conflict, Security & Development, 20:1, 141-163, DOI: 10.1080/14678802.2019.1705072
ငုယဉ်ခိုင်