BREAKING
December 22, 2024

ထားဝယ်-မြိတ်ကားလမ်း ဆင်ထိုးကြီးရွာတွင် တိုက်ပွဲဖြစ်

November 20, 2024

သရက်ချောင်းမြို့နယ်အထွက် ပုလောမြို့နယ်အဝင် ထားဝယ်-မြိတ်ကားလမ်းဘေးက ဆင်ထိုးကြီးရွာတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများနှင့် KNLA တို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဆင်ထိုးကြီးကျေးရွာကို နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီခန့်အထိ ဆင်ထိုးကြီးရွာအပြင်ဘက် ဘောလုံးကွင်းအနီးတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၆) မှ တပ်ခွဲမှူး တစ်ဦးက ပြောသည်။

“(နိုဝင်ဘာ ၁၉) မနေ့ကဖြစ်တဲ့ ထိတွေ့မှုက သူပစ်ကိုယ်ပစ်တော့ မဟုတ်ဘူး။ ကျွန်တော်တို့ဘက်က ဒရုန်းနဲ့ ချတာရှိတယ်၊ လှန့်ပစ်တာရှိတယ်။ ဒီနေ့ကတော့ တိုက်ပွဲကြီးဖြစ်သွားပြီ” ဟု ၎င်းက ပြောဆိုသည်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း ကုန်ကားနှစ်စီးအရှိန်ဖြင့် ဖြတ်သန်းမောင်းနှင်ခဲ့သဖြင့် စစ်ကောင်စီတပ်က ပစ်သည့်ကျည်ဆန်များ ကားကို ထိမှန်ခဲ့သော်လည်း ကားသမားထိခိုက်မှုမရှိကြောင်း အထက်ပါတပ်ခွဲမှူးက ဆိုသည်။

တိုက်ပွဲကြောင့် ဆင်ထိုးကြီးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ယင်းကျေးရွာက စစ်ဘေးရှောင် နေရသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်က ဆင်ထိုးကြီးရွာနှင့် ဘုရင့်တောင်ကြားရှိ စက်သုံးဆီဆိုင်အနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းနင်းမိပြီး ထိခိုက်သေဆုံးဒဏ်ရာရသူ ကိုးဦးခန့်ရှိသည်ဟု သိရကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် နှစ်ဖက်တိုက်ပွဲကြောင့် ထားဝယ်-မြိတ်သွားကားလမ်း ပိတ်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း ပလောက်အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ (၂၈၀) က လက်နက်ကြီးဖြင့် ပစ်ကူပေးနေကြောင်း ၎င်းတို့ထံမှ သိရသည်။