BREAKING
December 22, 2024

ဘန်လောတွင် စစ်ကောင်စီဒရုန်းဖြင့်ဗုံးချမှုကြောင့် စေတီနှင့် နေအိမ်သုံးဆောင်ပျက်စီး

November 20, 2024

ပုံစာ - တိုင်းပြင်ပရှိ စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ရန် လေ့ကျင့်နေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီလော်ဘီချယ်နယ်

တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် စေတီနှင့် နေအိမ်သုံးဆောင် ပျက်စီးကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁၉ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ဒရုန်း နှစ်ကြိမ်ပျံသန်းကာ ၈၁ မမ အမျိုးအစား ဗုံးလေးလုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ဒေသခံတွေကတော့ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့တော့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူး” ဟု ၎င်းက ပြောသည်။

ဘန်လောရွာအနီးဝန်းကျင်က ဒေသခံတစ်ဦးကလည်း စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ဘန်လောကျေးရွာရှိ စေတီနှင့် နေအိမ်သုံးဆောင်ပျက်စီးကြောင်း ပြောဆိုသည်။

စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုကြောင့် ဒေသတွင်း ဘာသာရေး အဆောက် အအုံများ ထိခိုက်မှုများရှိနေကြောင်း မြိတ်ခရိုင်၊ တပ်ရင်း(၂) ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်ကောင်စီတပ်သည် အင်အား တစ်ရာဝန်းကျင်ဖြင့် နိုဝင်ဘာလ ၁၈ရက် ညနေတွင် ဘန်လောနှင့် သမုတ်ချုံးကျေးရွာ အနီးတစ်ဝိုက်တွင်စစ်ကြောင်းလှုပ်ရှားမှုနေရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

သိန္ဓောရွာ တပ်စခန်းမှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘန်လောကျေးရွာနှင့် တစ်မိုင်ခန့်ဝေးသည့် ကျောက်ပုံတောင်တွင် စခန်းတည်ဆောက်ပြီး ဒရုန်းတိုက်ခိုက်မှုအပါအဝင် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်လျက်ရှိကြောင်း ဒေသခံထံမှ သိရသည်။

သိန္ဓောရွာရှိ တပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြီးခဲ့သည့် စက်တင်ဘာလ လကုန်ပိုင်းတွင် စခန်းစွန့်ခွာခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၄ ရက်ကလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘန်းပြည့်နှင့် ကိုးအင်းဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သေးသည်။