BREAKING
December 27, 2024

ဘန်ကောက်အနီး ကားတိမ်းမှောက်ပြီး မြန်မာခုနစ်ဦးသေဆုံး

November 20, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နခွန်ပထုံခရိုင်တွင် ကားတိမ်းမှောက်ပြီး မြန်မာနိုင်ငံသားခုနစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နခွန်ပထုံခရိုင် ဘန်လင်းဒေသ ကော့ရေ့ဘုန်းကြီးကျောင်းရှေ့ လမ်းကွေ့တွင် ယနေ့ နိုဝင်ဘာလ ၂၀ရက် နံနက် မိနစ် ၃၀ ခန့် (နိုဝင်ဘာလ ၁၉ရက် ညသန်းခေါင်ကျော်) က ကားတိမ်းမှောက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ပစ်ကပ်ကားကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ကားမရပ်ဘဲ မောင်းထွက်ပြေးပြီးနောက် လမ်းကွေ့အရောက် တွင် အရှိန်မထိန်းနိုင်ဘဲလမ်းမီးတိုင်ကို ဝင်တိုက်ကာ လမ်းဘေးမြောင်းထဲ ထိုးဆင်းခဲ့ကြောင်း ဆိုသည်။

ကားပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း မြန်မာနိုင်ငံသား ခုနစ်ဦးစလုံး သေဆုံးကြောင်း ရေးသားထားသည်။

ကားမောင်းသူမှာ မြန်မာနိုင်ငံသားဖြစ်ပြီး ၎င်းနံဘေးတွင် နောက်ထပ် မြန်မာတစ်ဦးကိုလည်း သေဆုံးလျက်တွေ့ရကြောင်း ဖော်ပြသည်။

နောက်ထပ် မြန်မာအမျိုးသမီးငါးဦးမှာ မြောင်းထဲတွင် သေဆုံးလျက်တွေ့ရှိရပြီး အနီးတွင် ကျောပိုးအိတ်နှင့် အသုံးအဆောင်ပစ္စည်းများကို တွေ့ရကြောင်း သတင်းများတွင် ဖော်ပြသည်။

အလောင်းများကို ကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဆိုသည်။

သေဆုံးသူများ၏ မိသားစုဝင်များကို အဆက်အသွယ်မရသေးကြောင်း ရဲတပ်ဖွဲ့ဘက် ပြောဆိုထားသည်။

နိုဝင်ဘာလ ၆ ရက်ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ကားတိုက်မှုကြောင့် အထောက်အထားမဲ့ မြန်မာအလုပ်သမား သုံးဦး သေဆုံးခဲ့သေးသည်။

Ref: Khaosod English, Thairath, CH 7, Thai PBS, CH 8