BREAKING
January 11, 2025

ဖြူထိုင်းပါတီကို ဖျက်သိမ်းရန် အဆိုပြုချက် ထိုင်းရွေးကော် စုံစမ်းစစ်ဆေးမည်

October 20, 2024

ထိုင်းနိုင်ငံ၏ အာဏာရဖြူထိုင်းပါတီကို ဖျက်သိမ်းဖို့ တရားဝင်အဆိုပြုချက်ကို စုံစမ်းစစ်ဆေးရန် ထိုင်းရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် သဘောတူလိုက်သည်။

ဖြူထိုင်းပါတီအပေါ် လက်ရှိပါတီဝင်မဟုတ်သူ သက်ဆင်၏ လွှမ်းမိုးချုပ်ကိုင်နေမှုကြောင့် ယခုလို ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း သိရသည်။

ဖြူထိုင်းပါတီသည် ပါတီရေးရာ ကိစ္စရပ်အချို့တွင် ပါတီဝင်မဟုတ်သူတစ်ဦးအား စီမံညွှန်ကြားခွင့်ပြုနေ၍ ပါတီကို ဖျက်သိမ်းပေးရန် ယခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့တွင် အမည်မဖော်လိုသူ ပုဂ္ဂိလ်တစ်ဦးက ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ချက်ဖွင့်ခဲ့သည်။

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတော့မည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်အထွေထွေအတွင်းရေးမှူး Sawaeng Boonmee အသိပေးလိုက်သည်။

စုံစမ်းစစ်ဆေးမှုကို ရက် ၃၀ အတွင်း အပြီးသတ်ဆောင်ရွက်ရန် စီစဉ်ထားပြီး အချိန်မီမပြီးစီးနိုင်ပါက နောက်ထပ် ရက် ၃၀ ထပ်တိုးဆောင်ရွက်နိုင်ကြောင်း သိရသည်။ သက်ဆင်၏ ပါတီအပေါ် လမ်းညွှန်နေမှုကို ပါတီအတွက် အရေးပါသည့်အရာအဖြစ် ဖြူထိုင်းပါတီ၏ အဓိက ပါတီဝင်များက သဘောထားကြသည်။

သက်ဆင်၏ ဦးဆောင်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်း မီဒီယာအင်တာဗျူးအများအပြားတွင် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ဖြူထိုင်းပါတီ၏ ယခုနှစ် ပါတီနှစ်စဉ်ညီလာခံတွင် ပါတီဝင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို သက်ဆင်က ရှင်လင်းညွှန်ကြားနေသည့် ဗီဒီယိုဖိုင်ကို ပြသခဲ့သည်။

ယင်းဖြစ်ရပ်ကြောင့် ဖြူထိုင်းပါတီသည် အခြေခံဥပဒေနှင့် ဆန့်ကျင်ကာ ပါတီဝင်မဟုတ်သူတစ်ဦး၏ လွှမ်းမိုးမှုကို ခွင့်ပြုထားသည်မှာ ရှင်းလင်းကြောင်း အစွပ်စွဲခံခဲ့ရသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အဆိုပါ အမှုကို အခြေခံဥပဒေခုံရုံးသို့ တင်သွင်းပြီး ဖြူထိုင်းပါတီကို ဖျက်သိမ်းရန် တောင်းဆိုခံထားရသည်။

Ref: Thai PBS World