စစ်အာဏာရှင်အောက် ကျရောက်ခဲ့သည်မှာ ရက်ပေါင်း ၁၃၅၈ ရက်တိတိ ရှိလာပြီဖြစ်ပြီး မှောင်မိုက်လှသည့် သီတင်းကျွတ်လပြည့်နေ့ကို ဖြတ်သန်းရသည်မှာလည်း ၄ ကြိမ်တိတိရှိလာပြီဖြစ်သည်။
သီတင်းကျွတ်ကာလမှာ ပွင့်လင်းရာသီအစဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ပျော်ရွှင်စွာဖြတ်သန်းလေ့ရှိကြသည်။
တောင်ပိုင်းသားများ၏ သီတင်းကျွတ်ပွဲတော် ဖြတ်သန်းမှုမှာ အခြားဒေသများနှင့်မတူ တစ်မူထူးခြားလှသည်။
ထားဝယ်ဒေသ၏ သီတင်းကျွတ်ကာလဖြတ်သန်းမှုမှာ ပို၍ကွဲပြားသည်ဟုဆိုနိုင်ပြီး “ထားဝယ်သားတွေ မအိပ်တဲ့ည” အဖြစ် တင်စားကြသည်အထိ စည်ကားလွန်းလှသည်။
လူကြီးလူငယ်မရွေး သွားရောက်ဆင်နွှဲလေ့ရှိသည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်၊ လမ်းတိုင်းနီးပါး အိမ်တိုင်းနီးပါး အလှဆင်ထွန်းညှိထားကြသည့် သီတင်းကျွတ်မီးထွန်းပွဲ၊ ဘုရား၊ ဘုန်းကြီးကျောင်းများတွင် ကြိတ်ကြိတ်တိုးနေလေ့ရှိသည့် ဆွမ်းတော်ကြီးတင်ပွဲများ၊ ပွဲလမ်းသဘင်များ စသဖြင့် ရေးပြ၍ပင် မကုန်နိုင်အောင် ရှိလှသည်။
သို့သော် အာဏာသိမ်းပြီးချိန်မှစ၍ ယင်းပျော်ရွှင်စရာ၊ ချစ်စရာ ဓလေ့များပျောက်ဆုံးသွားပြီဖြစ်သည်။
စစ်ကောင်စီက ရွာမီးရှို့၊ လေယာဉ်ဖြင့်ဗုံးကြဲ၊ လက်နက်ကြီးဖြင့်ပစ်၊ အကြောင်းပြချက်မဲ့ သေနတ်ဖြင့် ပစ်သတ်မှုများနှင့်အတူ ရပ်ထဲရွာထဲတိုက်ပွဲများကြောင့် လူအများက ယမ်းပေါက်ကွဲသံကြားရင် ကြောက်နေကြပြီဖြစ်သည်။
ယခင်က သီတင်းကျွတ်တွင် ပျော်ပျော်ရွှင်ရွှင် ဖောက်ခဲ့ကြသည့် ဗျောက်အိုးဖောက်သံ၊ ရှူးဒိုင်းသံများမှာ ကြောက်ရွံ့ထိတ်လန့်မှုများနှင့်အတူ ဖောက်မည့်သူမရှိတော့။
စစ်ကောင်စီတပ်က ရှို့ခဲ့သည့်မီးကြောင့် သီတင်းကျွတ်မီးထွန်းစရာ နေအိမ်များ ပျောက်ကွယ်သွားပြီး ပြာပုံအတိဖြစ်သွားသည့် ရွာများက ဟိုတစ်စု၊ဒီတစ်စု။
ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် အာဏာရှင်အောက်က သီတင်းကျွတ်ကာလကို တောင်ပိုင်းသားတို့ မည်သို့ဖြတ်သန်းနေသည်ကို မေးမြန်း တင်ဆက်လိုက်ပါသည်။
“ဗျောက်အိုးသံမပြောနဲ့ တံခါးခပ်ကြမ်းကြမ်းပိတ်မိလို့ “ဘိန်း” ခနဲ ထွက်လာတဲ့အသံကို လန့်ဖျပ်နေကြရတာလေ”
လောင်းလုံးမြို့တောင်ဘက်ရှိ ကျေးရွာတစ်ရွာက ဒေသခံတစ်ဦး
DW ။ ဒီနှစ်သီတင်းကျွတ်ရက်တွေ ဘယ်လိုဖြတ်သန်းလဲ။
ဖြေ ။ ဒီနှစ်က ထွေထွေထူးထူးမရှိဘူး။ ဘုန်းကြီးကျောင်းမှာ ဆွမ်းတော်ကြီးတင်တယ်။ အိမ်မှာမီးထွန်းတယ် အဲလောက်ပါပဲ။
DW ။ အရင်ကအနေအထားနဲ့ ဘယ်လိုတွေကွာသွားလဲ။
ဖြေ ။ အရင်ကဆိုရင် ရွာမှာ ဝင်္ကဘာတွေ၊တာဝတိံသာတွေ ဖိုးသူတော်ရုပ်တွေ ကပွဲတွေ အစုံပါပဲအရမ်းစည်တယ်။
အခုကဘာလဲ သွားလာသူမရှိ တိတ်ဆိတ်နေတာ။အရင်က လဆန်း ၁၃ ရက် အကြိုအဖိတ်နေ့ဆိုရင် ဆီဆွမ်းလောင်းတယ်။ ၁၄ ရက်ဆို သီတင်းကျွတ်ပွဲတွေစပြီး အရမ်းစည်တာ။ ရွာကလုပ်တဲ့ ကပွဲလည်းရှိတာကိုး။ အဲဒီပွဲမှာ လူငယ်တွေရော သူ့အဖွဲ့ သူအစုနဲ့သူ ပန်းရောင်းပြီး အသင်းအဖွဲ့အတွက်ရန်ပုံငွေရှာကြတယ်။ဆီမီး တစ်ထောင် ထွန်းတယ်။ ကျေးရွာလမ်းမတစ်လျှောက် ဒီနှစ်ကတော့ ဆီမီးတစ်ထောင်မပြောနဲ့ အိမ်တွေမှာတောင် မီးသိပ်မထွန်းကြဘူး။ဖယောင်းတိုင်ကလည်းဈေးတက်တော့ ဝါကျွတ်နေ့မှပဲ မီးထွန်းတာ ခပ်များများတွေ့ရတယ်။
DW ။ ဘယ်လိုခံစားရလဲ လူငယ်တစ်ယောက်အနေနဲ့။
ဖြေ ။ သီတင်းကျွတ်အရသာ မပြောပါနဲ့ အငွေ့အသက်ကို မရတော့ပါဘူး။သီတင်းကျွတ်ကာလဆိုရင် အရင်က ကျွန်မတိုဒေသမှာ မုန့်ဆီကြော်ဆိုရင် စားလို့မကုန် လှူလည်းမခမ်းပဲလေ။ အိမ်တိုင်းလိုလိုကြော်ကြတာ။ သီတင်းကျွတ် ကြော်တဲ့မုန့်ဆီကြော် စားမကုန်ဘူး။ နေလှန်းပြီး စပါးပေါ်လို့ ရိတ်သိမ်းချိန်ကျတဲ့အထိတောင် ကျွေးလို့ရတယ်။အခုဆို မြင်တောင်မမြင်ရဘူး။ ပဌာန်းပွဲမှာဆို စတုဒီသာတွေ ကျွေးကြမွေးကြပေါ့။ကလေးလူကြီး ဘယ်မုန့်စားစား စားမကုန်ဘူး။အခုက ပဌာန်းပွဲလေးတောင် အသံတိတ်လုပ်နေရတဲ့ အခြေအနေဖြစ်နေတယ်။
DW ။ ဒီနှစ်သီတင်းကျွတ်မှာ ဘယ်လိုကြားရမြင်ရတာတွေရှိလဲ ။
ဖြေ ။ မသွားကြနဲ့လို့ သတိပေးတဲ့အသံတွေပေါ့။ ပဌာန်းပွဲတောင် အသံတိတ်ရွတ်နေရတဲ့အခြေအနေ။ ဒရုန်းဗုံးပဲလာကြဲမလား လက်နက်ကြီးပဲလာကျမလား စိုးရိမ်နေရတယ်လေ။မီးပုံလွှတ်တာလည်း သိပ်မမြင်ရတော့ဘူး။ ဒီနှစ် (မီးပုံးပျံ) ၂လုံးမြင်ရတယ်။ အစ်မတို့နယ်ဘက်မှာ။ ဗျောက်အိုးဖောက်သံဆိုတာ ဝေး။ အရင်က သီတင်းကျွတ်ကာလမှာဆို ဗျောက်အိုးအသံဆို ညံလို့ ဆွမ်းတော်ကြီးချ(စွန့်)တော့မယ့်အချိန်ဆိုရင် ဗျောက်အိုးတွေ နားကွဲမတတ်ဖောက်ပြီးမှ ချတယ်။ အခုကလုံးဝမကြားရတော့ဘူး။အခုက ဗျောက်အိုးသံမပြောနဲ့ တံခါးခပ်ကြမ်းကြမ်းပိတ်မိလို့ “ဘိန်း” ခနဲ့ ထွက်လာတဲ့အသံကို လန့်ဖျပ်နေကြရတာလေ။
DW ။ သီတင်းကျွတ်မှာ ကြားနေကျအသံတွေ မြင်ကွင်းတွေမမြင်တွေ့ရတော့တဲ့အပေါ်မှာရော ဘယ်လိုခံစားရလဲ။
ဖြေ ။ အရင်ခေတ်ကနဲ့ ဘာမှမဆိုင်တော့ဘူး။ဝမ်းနည်းစရာပေါ့။ မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာအရဆိုရင် သီတင်းကျွတ်မှာ ဝယ်ကြခြမ်းကြနဲ့ လှူကြတမ်းကြနဲ့ စည်စည်ကားကား သွားကြလာကြတာ။ အတော်ပျော်စရာ ကောင်းခဲ့တယ်လေ။ အခုက စည်စည်ကားကားသာသာယာယာဆိုရင် ဘယ်လို ပြောပြရမလဲတောင် မသိတော့ဘူး။အခုက အချိန်တိုင်း ကြောက်ကြောက်လန့်လန့်နေရတာ။ သီတင်းကျွတ်တာတောင် ဘယ်လိုနေမှန်းမသိတော့ဘူး။ တစ်ချို့ဆို ဝါကျွတ်နေမှန်းမသိ၊ဒီနှစ်တောင် ကလေးလေးတစ်ယောက်လမ်းကနေ “ဝါကျွတ်ပြီ ဝါကျွတ်ပြီ”လို့ အော်သွားလို့ ဝါကျွတ်မီးတွေ ခြံထဲလိုက်ထွန်းဖို့သတိရတော့တယ်။အခု သုံးလေးနှစ်အရွယ် ကလေးတွေ သတင်းကျွတ်တာကိုတောင် ဘာမှန်းသိမှာမဟုတ်တော့ဘူး။ အရင်က ကလေးတွေက သီတင်းကျွတ်မတိုင်ခင် ကိုယ်ထက်ကြီးတဲ့လူတွေကို ချဉ်းကပ်ပြီး လက်လုပ်ဗျောက်(မီးပန်း)တွေ လုပ်ခိုင်းသူကလုပ်ခိုင်းနဲ့အဲဒီအသံတွေ တစ်နေ့လုံးတစ်ညလုံးကြားရတယ်လေ အရင်က။ အခု ၄ နှစ်သားလေး တစ်ယောက်က ကိုယ့်ရိုးရာဓလေ့ကို ဘယ်လိုမှမသိနိုင်တော့ဘူး သင်္ကြန်တို့ ဘုရားလှည့်ပွဲတို့လိုမျိုး ရိုးရာပွဲ တွေကို ပေါ့၊အဲဒါအင်မတန်ဝမ်းနည်းဖို့ကောင်းတယ်။အခုသူတို့သိပြီးယဉ်ပါးနေတာက ဘယ်လိုပြေးရမလဲ။ ဘယ်လိုရှောင်ရမလဲ၊စစ်ဘေးရှောင်နေတဲ့အချိန် ဘယ်လိုချွေတာစားရမလဲဆိုကိုပဲ ပိုသိနေကြတော့မှာ၊။
DW ။ ငယ်ငယ်က သီတင်းကျွတ်နဲ့ပတ်သက်ပြီး မှတ်မှတ်ရရ ရှိရင် တစ်ခု နှစ်ခုလောက်ပြောပြပါလား။
ဖြေ ။ မှတ်မှတ်ရရပြောရမယ်ဆိုရင် အစ်မတို့အပျိုဘဝတုန်းကပေါ့။ တော်သလင်းလပြည့်ကျော်ဆိုရင် ရွာက လူပျို အပျို အကုန်ပေါင်းပြီး အကတိုက်ကြတယ်။ သီတင်းကျွတ်ကပွဲအတွက် ဖျော်ဖြေဖို့။ အဲဒီအချိန်တုန်းက လွတ်လွတ်လပ်လပ် လူငယ်သဘာဝပျော်ခဲ့ကြရတာတော့ မမေ့နိုင်ဘူး။ ပျော်တာမှ အဲဒီတုန်းက တော်သလင်းလပြည့်ကျော်ကတည်းကနေ သီတင်းကျွတ်ပြီးတဲ့ထိပေါ့။ အခုကလေးတွေ ဒါတွေ မသိတော့ဘူး ကိုယ်ရွာ ကိုယ်ရပ်ရဲ့ဓလေ့ကို ဘာမှန်းတောင်မသိခဲ့ရှာတော့တာ အစ်မကတော့ စိတ်မကောင်းပဲဖြစ်မိတယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“၆ နာရီဆို တံခါးပိတ်ပြီး အိမ်ထဲ အိမ်ပြင်မထွက်တော့ဘူး ။ သီတင်းကျွတ်လို့ ကျွတ်နေမှန်းကိုမသိဘူး”
အသက်လတ်ပိုင်းအမျိုးသားတစ်ဦး၊ ရေဖြူမြို့ခံ
DW ။ ရေဖြူမြို့မှာ အခုနှစ် သီတင်းကျွတ် ဘာတွေပြင်ဆင်ထားတာရှိလဲ ။
ဖြေ ။ သီတင်းကျွတ်ကတော့ ဘာမှထွေထွေထူးထူး မရှိဘူးခင်ဗျ ။
DW ။ အရင်ကလို ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ အလှလမ်းမီးတွေ ဆင်(တပ်)ဖြစ်သေးလား ။
ဖြေ ။ ကိုဗစ်ကတည်းက မဆင်ဖြစ်တော့တာ ။ အာဏာသိမ်းပြီးနောက်ပိုင်းလည်း မဆင်ဖြစ်တော့ဘူး အခုထိပဲ ။
DW ။ သပိတ်မျှောပွဲရော လုပ်ဖြစ်သေးလား ။
ဖြေ ။ အခုမလုပ်ဖြစ်တော့ဘူး ။ ကိုဗစ်ကာလတုန်းက လုပ်သေးတယ် ။ နည်းနည်းပါးပါး မျှောမယ့်သူတွေ ကမ်းနားမှာ လာမျှောတယ် ။ နိုင်ငံရေးဖြစ်ပြီးကတည်းက လုံးဝမလုပ်ဖြစ်တော့ဘူး ။
DW ။ အခုနှစ် သီတင်းကျွတ် သုံးရက် ဘယ်တွေသွားစရာရှိလဲ ။
ဖြေ ။ သွားစရာလာစရာဘာမှမရှိဘူး ။ မနက်ပိုင်း ဘုန်းကြီးကျောင်း ဥပုသ်စောင့်ဖို့သွားစရာပဲရှိတယ် ။
DW ။ အခုနဲ့ အရင်က သီတင်းကျွတ်ကာလ ဘာကွာသွားလဲ ။
ဖြေ ။ အရင်ကဆို သပိတ်မျှောပွဲ၊ မီးထွန်းပွဲ ၊ ကပွဲတွေလည်းရှိတယ် ။ ကူးတို့ဆိပ်မှာ ရွာက ကလေးတွေ ကကြတဲ့ ကပွဲလည်းရှိတယ် ။ အခုကတော့ ကိုဗစ်ကတည်းက အဲဒါတွေမတွေ့ရတာ ငါးနှစ်လောက်ရှိပြီ ။
DW ။ မြို့ထဲမှာရော အိမ်တွေ မီးအလှဆင်သေးရဲ့လား ။ အစ်ကိုတို့အိမ်ရော မီးအလှဆင်ထားလား ။
ဖြေ ။ အခုနှစ် လျှပ်စစ်မီးဆင်တဲ့အိမ်အတော်ပါး(နည်း)တယ် ။ ကိုယ့်အိမ်မှာကိုယ်လည်း ဆီမီးတိုင်လေးပဲ ထွန်းဖြစ်တယ် ။ ဆီမီးတိုင်ထွန်းကြတာပဲ များတယ် ။ အဲဒါတောင်အတော်နည်းတယ် ။ ရပ်ကွက်အလိုက် လုပ်ကြတာတွေ မရှိကြတော့ဘူး ။
DW ။ ကလေးတွေကရော သွားသွားလာလာရှိရဲ့လား ။ မီးပုံးပျံတွေရောလွှတ်ကြရဲ့လား ။
ဖြေ ။ မီးပုံးပျံက လွှတ်နေတာတောင် မတွေ့ရဘူး ။ ယမ်းမီးပန်းလည်း မဖောက်ရတော့ ကလေးတွေလည်း သွားသွားလာလာမရှိဘူး ။ ခြောက်ကပ်နေတာပဲ ။ ကျွန်တော်တို့ဆို ည ၆ နာရီဆို တံခါးပိတ်ပြီး အိမ်ထဲအိမ်ပြင်မထွက်တော့ဘူး ။ သီတင်းကျွတ်လို့ ကျွတ်နေမှန်းကိုမသိဘူး ။
DW ။ အခု သီတင်းကျွတ် မတိုင်ခင် ရက်ပိုင်းအလိုက ရေဖြူမြို့ပေါ်မှာလည်း ပစ်ခတ်မှု ဖြစ်ကြပြီး လက်နက်ကျည်ကျလို့ အိမ်မီးလောင်တဲ့အထိဖြစ်ခဲ့တယ် ။ အဲဒီလိုအခင်းအကျင်းတွေ ဖြစ်နေတဲ့ သီတင်းကျွတ်ဖြတ်သန်းမှု ခံစားချက်ကရော ဘယ်လိုရှိနေလဲ ။
ဖြေ ။ အခုလို ဆူဆူပူပူဖြစ်နေချိန်မှာ တစ်ဘက်မှာလည်း မိသားစုတွေ ပင်ပန်းနေကြချိန် သာသာယာယာလုပ်နေလို့မရဘူး။ အဲလိုခံစားချက်ပဲရှိတယ် ။
DW ။ တကယ်လို့ ပျော်ခွင့်ရမယ်ဆိုရင် ပျော်ချင်တဲ့ဆန္ဒရှိလား ။
ဖြေ ။ ပျော်ချင်လားဆိုတော့ အေးအေးချမ်းချမ်း ဖြစ်မှ ပျော်တော့မယ် ။ အခုလောလောဆယ် ပျော်ချင်တဲ့ ဆန္ဒမရှိသေးဘူး။
DW ။ အရင်ကာလ သီတင်းကျွတ်ကိုရော သတိရလား ။
ဖြေ ။ လွမ်းတာကတော့ လွမ်းတယ် ။ ဒါပေမဲ့ သူများပျော်တိုင်းလည်း ကိုယ်မပျော်ဘူးလေ ။ တစ်ချို့တစ်လေ တော့ ပျော်ချင်တာရှိမယ် ။ ကျွန်တော်တို့တွေကတော့ မပျော်နိုင်သေးဘူး ။ သူတို့ဟာသူတို့ သပိတ်မျှောပွဲမကလို့ ဘာပွဲပဲလုပ်လုပ် ကိုယ့်ရဲ့ ပင်ကိုစိတ်ကကို မပျော်သလိုပဲ ခံစားနေရတယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“အရင်တုန်းကအကြောင်းတွေကိုလွမ်းပြီး ဝမ်းနည်းဝမ်းခဲဖြစ်လာတယ်”
CDM ဝန်ထမ်း အမျိုးသမီးတစ်ဦး၊ ရငဲရွာ၊ သရက်ချောင်းမြို့နယ်၊
DW ။ အခုသီတင်းကျွတ်ကာလမှာ ဖြတ်သန်းရတဲ့ပုံစံနဲ့ အရင်တုန်းက သီတင်းကျွတ်ကာလဖြတ်သန်းရတဲ့ပုံစံ ဘယ်လိုကွာခြားသွားလဲဆိုတာ ပြောပြလို့ရမလား။
ဖြေ ။ အခုရွာမှာ နေနေရတယ်ဆိုတော့ အရင်တုန်းကလို မစည်ကားတောင် ကိုယ့်ရွာမှာကိုယ် သီတင်းကျွတ်ကို ဖြတ်သန်းရတယ်ဆိုတော့ စိတ်ထဲမှာ နည်းနည်းတော့ ပျော်သလိုတော့ ခံစားရတယ်ပေါ့နော်။ ကိုယ့်ရွာမှာ ပြန်ဝင်နေနေရတယ်ဆိုတော့ အဲ့လိုတော့ခံစားရတယ်။ ဒါပေမဲ့ ကြောက်စိတ်က တစ်ဝက်နဲ့ နေနေရတာပေါ့။
DW ။ ဘုန်းကြီးကျောင်းမှာရော အရင်ကလိုပဲစည်လား၊ ဥပုသ်သည်တွေရှိလား။
ဖြေ ။ ဥပုသ်သည်တွေမရှိဘူး။ ခါတိုင်းလို မစည်ဘူး။ ဘုန်းကြီးက သီလပေးပြီး တရားတိုလောက်ပဲ ဟောတယ်။ လူကြီးတွေလောက်ပဲ ဥပုသ်သီလယူနေကြတယ်။ အရင်ကဆို အခုလို သီတင်းကျွတ်ရာသီဆို ဘုန်းကြီးကျောင်းမှာလည်း လူကြီးရော သားငယ်(လူငယ်)ရော စည်တယ်။
DW ။ မိသားစုတွေရော စုံသေးလား။ ကိုယ်နဲ့ သိကျွမ်းတဲ့ သူငယ်ချင်းအပေါင်းသင်းတွေရော စုံသေးလား။
ဖြေ ။ မိသားစုကတော့ စုံတယ်။ သူငယ်ချင်းအသိုင်းအဝိုင်းတွေတော့ မစုံတော့ဘူး။ တစ်နယ်တစ်ကျေးကို ရောက်သူရောက် နိုင်ငံခြားရောက်သူကရောက်။ ကျွန်မတို့မှာကတော့ ရွာမှာ အမေအိုကြီးနဲ့ဆိုတော့ စစ်ဖြစ်လာရင် ပြေးလိုက် အေးလာတဲ့အချိန်ဆို တစ်ခါပြန်လာနေလိုက် အဲလိုပဲလုပ်နေရတယ်။
DW ။ အရင်တုန်းက ဒီလိုအချိန်ဆို အမတို့ရွာမှာ ဘယ်လောက်စည်ကားလဲ ဘာတွေလုပ်ကြလဲ။
ဖြေ ။ ဒီလိုအချိန်ဆို ကျွန်မတို့ရွာမှာ ဆံတော်ရှင်ဘုရားပွဲဆို လပြည့်လကွယ်ရက်တွေမှာ အရမ်းကိုစည်တာ။ ဘုန်းကြီးကျောင်းတွေမှာဆိုလည်း လူကြီးရော သားငယ်(လူငယ်)တွေပါ မီးပုံးပျံလွှတ်။ မီးတွေဆို သူ့အိမ်ထက် ကိုယ့်အိမ်သာအောင် ဆင်ကြတယ်။ တခြားရွာတွေ ရွာတွေကတောင် ကျွန်မတို့ရွာကို မီးကေ့စား (မီးကြည့်ဖို့)ဆိုပြီး သီးသန့်ကိုလာကြရတယ်။ လွတ်လပ်ရေးကွင်းမှာဆိုလည်း လူတွေအရမ်းပြည့်လျှံ ဆီမီးတစ်ထောင်ထွန်း။ ဆံတော်ရှင်ဘုရားပွဲမှာဆို မီးပုံးပျံ တစ်ထောင်လွှတ်။ ဆိုင်းသံဗုံသံနဲ့စည်ကားနေရော။ အခုကတော့ ဘာသံမှလည်းမကြားရဘဲ ခြောက်ကပ်ကပ်နဲ့တိတ်တိတ်ဆိတ်ဆိတ်နဲ့ နေရတာပေါ့နော်။
ရငဲရွာကို စစ်ကောင်စီတပ်တွေ ဝင်မမွှေခင်တုန်းကတော့ အရင်တုန်းကလို မစည်တောင် လူတော့နည်းနည်းလာတာပေါ့၊ အခုလိုတော့ ခြောက်ကပ်တိတ်ဆိတ်ပြီးမနေဘူး။ စစ်တပ်ဝင်ပြီးမှ လူတွေဖမ်းဆီးခံရ။ လူတွေသေ၊ လက်နက်ကြီးကျ အိမ်တွေလည်း မီးရှို့ခံရတော့မှ အခုလိုဖြစ်သွားတာ။ အခု ဆံတော်ရှင်ဘုရားမှာ လူငယ်အမျိုးသမီး သုံးလေးယောက်က ပဌာန်းရွတ်တယ်။ အရင်တုန်းကဆို အဲဒီ ဘုရားစောင်းတန်းတစ်ခုလုံး အပြည့်ပဲ။ အခုကတော့ အကျွေးအမွေးတွေလည်း မရှိတော့ဘူး။
DW ။ ရွာမှာလူတွေ ဘယ်လောက်ပြန်ဝင်လာနေလဲ။ ဘာလို့ ပြန်လာမနေကြသေးတာလဲ။
ဖြေ ။ ပြန်လာမနေကြဘူး။ ရွာထဲကို ပြန်လာနေသူက သုံးပုံမှာ တစ်ပုံတောင်မရှိဘူး။ အခုလည်း မကြာမကြာ သေနတ်ပစ်သံတွေ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ တခြားနေရာမှာ နေရာကျနေတဲ့သူတွေ စီးပွားရေး နေရေးထိုင်ရေး အဆင်ပြေနေတဲ့သူတွေတော့ ပြန်မလာကြတော့ဘူး။ ကျွန်မတို့မှာတော့ နေရေးထိုင်ရေးလည်း အဆင်မပြေ စီးပွားရေးလည်း အဆင်မပြေဆိုတော့ ကိုယ့်ရပ်ကိုယ့်ရွာကိုပြန်လာပြီး ကြောက်ကြောက်နဲ့ပဲ လာခိုနားနေရတယ်။
DW ။ အရင်တုန်းကအခြေအနေကို ပြန်လွမ်းသေးလား။
ဖြေ ။ လွမ်းတာကတော့ အရင်တုန်းကအကြောင်းတွေကို လွမ်းပြီး ဝမ်းနည်းဝမ်းခဲဖြစ်လာတယ်။ အရင်တုန်းက အချိန်တွေကိုလည်း လွမ်းတယ်။ သူငယ်ချင်းတွေမစုံတော့တာလည်း လွမ်းတယ်။ ဖုန်းအဆက်အသွယ်ရတဲ့ သူငယ်ချင်းတွေ အသိမိတ်ဆွေတွေကိုတော့ ဖုန်းနဲ့ ပြောရတာပေါ့။ သူတို့တွေဆို ထိုင်းကိုရောက်သူရောက် ဂျပန်ရောက်သူရောက်၊ ကိုးရီးယားရောက်သူရော၊ တချို့ကလည်း မြန်မာပြည်ထဲမှာပဲ။ ရန်ကုန်ရောက်သူရောက်ပေါ့။ ရန်ကုန်ပြောင်းသူတွေ ပြောင်းသွားကြတယ်။
DW ။ ဒါဆို စိတ်ထဲမှာ ဘယ်လိုဖြစ်စေချင်လဲ။
ဖြေ ။ မိသားစုတွေ သူငယ်ချင်းအပေါင်းအသင်းတွေအကုန်လုံး ဆုံစည်းပြီး အရင်တုန်းကလို စည်ကားသာယာတဲ့ ရွာပြန်ဖြစ်ချင်တယ်
“အရင်ကာလကဆို ရပ်ကွက်ကအမုန်း မီးပန်းဖောက်လို့ရတာပေါ့။ မီးပန်းမဖောက်ရတော့ အခုက သီတင်းကျွတ်တာ တစ်ခုခုလိုနေရောပဲ”
မြိတ်မြို့ခံ အမျိုးသားတစ်ဦး
DW ။ ပထမဆုံးအနေနဲ့ ဒီသီတင်းကျွတ်ပွဲတော် အမှတ်တရလေးတွေနဲ့ ပတ်သက်ပြီးပြောပြပေးလို့ရမလား။
ဖြေ ။ သီတင်းကျွတ်ဆိုရင်ပျော်တာပေါ့။ အခုလည်း မပျော်ဘူးလားပြောရင် ပျော်တာပါပဲ။ ဒါပေမဲ့ စိတ်ထဲမှာတော့တစ်မျိုးတော့ လိုနေတာပေါ့။ မနေ့(လပြည့်)တုန်းကဆိုရင် ကမ်းနားလမ်းနဲ့ ကုန်တိုက်တွေမှာ စည်ကားနေတာပေါ့။ ပြီးတော့ အခုဒီသီတင်းကျွတ်မှာက မိုးအရမ်းများတယ်ပေါ့။ လမ်းတော့ထွက်ဖြစ်ခဲ့ပါတယ်။
DW ။ အရင်ကာလက သီတင်းကျွတ်နဲ့ယှဉ်ရင် အခုသီတင်းကျွတ်မှာ ဘာတွေကွာခြားလဲ။
ဖြေ ။ အရင်ကာလဆိုရင် သီတင်းကျွတ်ရင် မီးပုံလွှတ်တယ်ပေါ့။ မီးပန်းဖောက်တယ်။ ကမ်းနားလမ်း ဒါမှမဟုတ် ရေကန်ဘောင်မှာ သူငယ်ချင်းတွေနဲ့ပေါ့။ တစ်ညလုံး လည်လို့လည်းရတယ်။ ကိုယ်အိမ်မှာနေပြီး ညနက်ရင် သောက်စားကြတယ်။ အခုက မီးပန်းဆိုတာကလည်း ရှာလို့တောင်မတွေ့ဘူး။ ရောင်းခွင့်မပြုတာလား၊ မရောင်းတာလားမခွဲခြားတတ်ဘူး။ အလုပ်က (ည)၇နာရီခွဲ ၈နာရီမှပြန်ရင်တောင် တစ်ညလုံးက လည်လို့ရသေးတယ်လေ။အခုက အဲလိုမရတော့ဘူး။ ၈နာရီကျော်ဆို လူကသိသိသာသာပါး(နည်း)တာဆိုတော့လေ။ အစစ်အဆေးများတာ နိုင်ငံရေးအခြေအနေကြောင့်လည်း ပါမယ်ထင်တယ်။ အရင်ကာလဆို ရပ်ကွက်ကအမုန်း မီးပန်းဖောက်လို့ရတာပေါ့။ မီးပန်းမဖေါက်ရတော့ အခုက သီတင်းကျွတ်တာ တစ်ခုခုလိုနေရောပဲ။ ရေတံခွန်တို့ ဘာတို့လို ခရီးဝေးလည်းအရင်ကလို သွားလာလို့မလွယ်တော့ဘူး။
DW ။ နိဗ္ဗာန်ဈေးအခြေအနေကရောဘယ်လိုရှိလဲ။
ဖြေ ။ အရင်ကဆို ညနေဘက်ရော ညဘက်ပါ ကျွေးကြတယ်ပေါ့။ ဒီနှစ်မှာတော့ တော်တော်များများက ညနေပိုင်း အပြီးကျွေးကြတယ်။ နိဗ္ဗာန်ဈေးအရေအတွက်လည်း နည်းသလိုပဲ။ ကုန်ဈေးနှုန်း အခြေအနေကြောင့်လည်း ပါမယ်ထင်တယ်။
DW ။ သူငယ်ချင်းတွေနဲ့ အမှတ်တရကရော ဘယ်လိုအခြေအနေရှိလဲ။
ဖြေ ။ အရင်ကဆို ညဘက် တစ်အိမ်အိမ်မှာ မုန့်လုပ်စား ပျော်ပွဲတွေကျင်းပ တစ်နေရာတည်းအိပ်လို့ရတယ်။ ပြီးတော့ မီးပန်းလျှောက်ဖောက်တာတွေ လုပ်ကြတယ်ပေါ့။ အခုကတော့ အဲလိုလုပ်လို့မရတော့ဘူးလေ။ ဧည့်စာရင်းနဲ့ ဟိုစစ်ဒီစစ်နဲ့ ဆိုတော့ သူငယ်ချင်းတွေ ညဆုံချင်ရင် ဟိုတယ်မှာဆုံကြရတာပေါ့။ အရင်လိုတော့မဟုတ်ဘူး။ ပြီးတော့ သူငယ်ချင်းတွေကလည်း မစုံကြတော့ဘူး။ စစ်မှုထမ်းဥပဒေကြောင့် တော်တော်များများက ထိုင်းကိုရောက်ကုန်ကြတာဆိုတော့လေ။
DW ။ နောက်နှစ်တွေမှာ သီတင်းကျွတ်နဲ့ပတ်သက်ပြီး ဘယ်လိုဆန္ဒရှိလဲ။
ဖြေ ။ ဒီစနစ်ကြီး အမြန်ဆုံးချုပ်ငြိမ်းသွားစေချင်တယ်လို့ပဲ ပြောချင်ပါတယ်။
“ဆီမီးထွန်းဖို့မပြောနဲ့။ တစ်ရွာလုံးပြေးနေရတယ် စစ်ကြောင်းဝင်နေလို့”
ရေဖြူဒေသခံတစ်ဦး
DW ။ သတင်းကျွတ်ရက်တွေ ဘယ်လိုဖြတ်သန်းခဲ့လဲ။
ဖြေ ။ ဘုန်းကြီးကျောင်းမှာ ဆွမ်းတော်ကြီးသွားတင်တယ်။ ဘယ်မှတော့မသွားဖြစ်ဘူး။အိမ်မှာ ဆီမီးသုံးရက်ထွန်းတယ်။ အလုပ်လုပ်တယ်ပေါ့လေ။ ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းဖြစ်ပါတယ်။
DW ။ အရင်က ဝါကျွတ်နဲ့တူသေးရဲ့လား ဘာတွေ ကွာသွားလဲ။
ဖြေ ။ အရင်ကသွားတာလာတာမပြတ်ဘူး။ အခုကသွားလည်း လွတ်လပ်မှုမရှိသလိုခံစားရတယ်။ အရင်ကဘာပွဲပဲလုပ်လုပ် လွတ်လွတ်လပ်လပ်သွားရတယ်။ အခုဆို သုံးနှစ်လောက်ရှိနေပြီပေါ့။ အရင်က လူငယ်တွေဦးဆောင်ပြီး ရွာလမ်းမတွေမှာ ဆီမီးတိုင်တွေထွန်းကြတယ်။ အခုလူငယ်တွေလည်း မရှိကြတော့ဘူး။အဲဒါမျိုး စုဖွဲ့လုပ်ရတဲ့အရာမျိုးတွေ မရှိကြတော့ဘူး။အရင်ကတော့ သီတင်းကျွတ်ညတွေမှာ ရွာလမ်းမက ဆီမီးတိုင်လေးတွေကြားမှာ လမ်းလျှောက်ရတာ စိတ်ကြည်နူးတယ်။ စိတ်အေးချမ်းသလိုခံစားရတယ်။ အခုက အဲဒီလိုမျိုးခံစားမှုမျိုးမရတော့ဘူး။ ကိုယ့်အိမ်မှာ ကိုယ်ဆီမီးထွန်းတာလောက်ပဲ လုပ်ကြတယ်ဆိုတော့လေ။ အရင်က အတာအိုးရိုက်ပွဲတွေ ၊ချောတိုင်တက်တာတွေ ညဘက်ဆို ခေါင်းအုံးရိုက်ပွဲတွေ ရှိတယ်။အရင်ကဆို ရွာကလူကြီးတွေကနေပြီး ဦးဆောင်ပြီးစလုပ်ပေးတာ။ကြိုက်တဲ့သူတွေ ဝင်ပြိုင်လို့ရတယ်။အခုက ဝါကျွတ်ရက်တွေမှာပဲလုပ်တဲ့ အဲလိုပွဲမျိုးတွေ ပျောက်ကုန်ပြီ။အရင်ကဆို မီးပုံးပျံတွေလုပ်ပြီး လွှတ်ကြတယ်။ အခုက ရွာဘက်မှာ အဲဒါတွေမရှိကြတော့ဘူး။နောက်ပြီးရွာအနီးအနားက ရွာတွေကိုဖိတ်ခေါ်ပြီး ရွာကလူကြီးတွေ ဘောလုံးပြိုင်ပွဲတွေလုပ်ပေးတယ် အဲဒါတွေလည်းမရှိတော့ဘူး။
DW ။ ဘာကြောင့် မလုပ်ကြတော့တာလဲ။
ဖြေ ။ အာဏာသိမ်းတာကြောင့်ပေါ့။ လွတ်လပ်မှုမရှိတော့ဘူးလေ။ လူငယ်တွေလည်း မရှိကြတော့တာ။ ပဌာန်း ပွဲတောင်မှမလုပ်ရဲကြတော့ဘူး။ ဘာဖြစ်မယ်ဆိုတာမျိုး အခုအခြေနေက ခန့်မှန်းလို့မရကြတော့ဘူးလေ။ ဟိုတစ်နေ့က ကျွန်မတို့နားက ရွာတစ်ရွာမှာ ပဌာန်းပွဲလုပ်တယ်၊အဲဒီပွဲကိုတောင် ဒရုန်းလာဝဲလို့ မီးတွေပိတ်ပြီး နေလိုက်ရတယ်။ အဲဒါတွေကြောင့်ပဲ နယ်ဘက်မှာ ဘာသာရေးပွဲတောင်မှ ဦးဆောင်လုပ်ပေးမဲ့သူတွေတောင် မရှိကြတော့ဘူး။ ကျွန်မတို့ထားဝယ်သွားတဲ့ ရက်ကတောင် ထားဝယ်မှာပေါက်ကွဲမှု ဖြစ်တယ်လေ။ ဘယ်သွားသွား မလုံခြုံသလိုခံစားရတယ်။ မနှစ်ကဆို ဝါတောင်မကျွတ်လိုက်ရဘူး။ ဆီမီးထွန်းဖို့မပြောနဲ့ ။တစ်ရွာလုံးပြေးနေရတယ် စစ်ကြောင်းဝင်နေလို့ ။
DW ။ အရင်လို သီတင်းကျွတ်ရက်တွေလိုပြန်မရတဲ့အပေါ် ဘယ်လိုခံစားရတာရှိလဲ။
ဖြေ ။ ဘာပြောရမလဲ ခံစားချက်ကတော့မကောင်းဘူး။ အရင်ကလိုမျိုးပဲ လွတ်လွတ်လပ်လပ် အခြေအနေ ပြန်လိုချင်တယ်။ ချုပ်ထားသလိုခံစားရတယ်။ စိတ်ထဲကလည်း မကျေမနပ်ဖြစ်မိတယ်။ အခုအခြေအနေမှာ ခရီးတစ်ခုသွားရဖို့တောင် မလုံခြုံဘူးလေ။လမ်းမှာဘာဖြစ်မလဲဆိုတာလည်း ကြိုမသိရဘူး။အဲဒါတွေကြောင့်လည်း စိတ်မွန်းကျပ်တယ်ပေါ့။
DW ။ ဒီနှစ် သီတင်းကျွတ်ရက်တွေကို ဘယ်လိုမြင်လဲ။
ဖြေ ။ ရာသီအလိုက်လုပ်ရတဲ့ ပွဲတွေကိုတောင် လွတ်လွတ်လပ်လပ်မရှိဘူးလို့ခံစားရတယ် ။သီတင်းကျွတ်တာက သီတင်းကျွတ်တာနဲ့မတူကြတော့ဘူး။ကိုယ်အိမ်မှာကိုယ်လောက်ပဲ ဝတ်ကျေတန်းကျေလုပ်ကြရတော့တယ်။
DW ။ ကျေးဇူးတင်ပါတယ်။